Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

မန္တလေးအတွေး၊ မန္တလေးအရေး

$
0
0

အထူး မမေ့စရာ၊ တရုတ်ကျေးဇူး ပါ။

”အလို … ရွှေမျက်နှာ တော်ညိုပြီး ဘာတွေများ အလိုမကျ ဖြစ်နေရတာတုံး။ နန်းမတော်ကြီးရဲ့၊ မောင်တော် ဘုရားကို လျှောက်တင် စမ်းပါဦးဗျ”

တစ်နေ့သော ညနေခင်းပေါ့။ ကိုထွန်း တစ်ယောက် အပြင်ကနေ အိမ်သို့ပြန်ရောက်တော့ ဧည့်ခန်းထဲ မှာ မျက်မှောင် ကြုတ်ရင်း စဉ်းစား ခန်းဝင်နေတဲ့ ချစ်ချစ် ကို တွေ့လိုက် ရပေသမို့ အထက်ပါ အတိုင်း သူ့ကို လှမ်းစ လိုက်မိတာပေါ့နော။ သူ့မှာ ဘယ်လိုပြဿနာ ရှိမှန်း မသိပေမဲ့ ကျွန်တော်က ဘာသိ ဘာသာနေလို့ လည်း မဖြစ်၊ အဲသလိုသာ နေမိလိုက် ရင် သူ့ရဲ့ ပေါက်ကွဲမှုက ကိုယ့်ဆီကို ပုံကျ လာတော့မှာပါ။ ဒီတော့ ကိုယ့် စိတ်ဆန္ဒ ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ နားအေးပြီးရော ဆိုတဲ့ သဘော နဲ့ သူ့ရဲ့ ရင်ဖွင့် ခံစားချက် တွေကို နားထောင်ပေး ရပါတော့ တယ်။ ဒါပေမဲ့ ပြောလို့သာ ပြောရ တာပါ။ တချို့ကိစ္စတွေ ကျတော့ ကျွန်တော် ကိုယ်တိုင်က လိုလို ချင်ချင် နားထောင်ချင် စိတ် ရှိနေပါတယ်။ ကမ္ဘာကြီးဟာ နည်းပညာ၊ အတတ် ပညာတွေ ဖွံ့ဖြိုးလို့ များစွာပြောင်းလဲ သွားပါပြီ။ သတင်း ဆက်သွယ် ရေး နည်းပညာ တိုးတက် လာတာနဲ့ အညီ သတင်း သားကောင်ဖြစ်မှန်း မသိ ဖြစ်နေတဲ့ ကျွန်တော် တို့ကလည်း ၂၄ နာရီ အဆက် မပြတ် ဖြစ်ပေါ် နေတဲ့ သတင်းတွေကို စိတ်ဝင်စားကြ ရတော့တာ ကလား။ သတင်းဦး သတင်း ထူးတာများသိရရင် အင်တာ နက်က တစ်ဆင့် မိတ်ဆွေတွေ ဆီကို ရှယ်ပေးရတာပေါ့။ သူတို့ကလည်း ထူးတာလေးတွေ ရှိရင် ကျွန်တော့် ဆီကို ပြန်ပြီး ရှယ်ကြပေါ့။ အဲဒီတော့ အခုမှ အင်တာနက် ထဲ ဝင်ရောက်ပြီး သူ့ရဲ့ ကောင်းခြင်း အဖြာဖြာများ ကို သဘောကျနေတဲ့ ကိုထွန်း တစ်ယောက် ကိုယ့် ကိုယ်ကိုယ် ငါ တယ်ဟုတ်နေပါလား။ လူငယ်တွေ နဲ့ ရင်ပေါင်တန်းနိုင်ပြီလို့တွေးရင်း စိတ်ကြီးဝင်သွားမိပါရော။

ဒါပေမဲ့ ကျွန်တော် တို့ခမျာ ကမ္ဘာ့တောင် ဝင်ရိုးစွန်းနဲ့ မြောက် ဝင်ရိုးစွန်း အထိပါမကျန် ကမ္ဘာကြီး တစ်ခုလုံးရဲ့ နေ့စဉ် ဖြစ်ပျက်နေတာ တွေကို စိတ်ဝင်စားနေ ကြပေမဲ့ တစ်ခါ တလေ ဖြစ်ပေါ်တတ်တဲ့ ကိုယ့် ရပ်ကွက်နဲ့ ကိုယ့်အိမ်နီးနား ချင်းတွေရဲ့ ထူးခြားတဲ့ ကိစ္စတွေကို တော့ သတိ မပြုမိအောင် မေ့လျော့ နေမိကြပါတယ်။ မျက်လုံးနဲ့ မျက်တောင်လို နီးလွန်းတော့လည်း မမြင်ရတဲ့ သဘောပေါ့။ အဲသမှာ ကျွန်တော့် သူငယ်ချင်းက ကျွန်တော် တို့အဖြစ် ကလည်း လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်လောက် က မန္တလေး ဗဟို မီးသတ် လိုဖြစ်နေပြီ လို့ ပြောရင်း တဟားဟား ရယ်လိုက်ပါ လေရော။ ဟုတ်ပါတယ်၊ သူငယ်ချင်း ရည်ရွယ်ပြောတာကို ကျွန်တော် လည်း ပြန်ပြီး အမှတ်ရ သွားမိပါ တယ်။ မန္တလေးမြို့ လယ်က ဗဟို မီးသတ်မှာ အတော်မြင့်တဲ့ မီးသတ် မျှော်စင်ကြီး ရှိပါတယ်။ ဟိုတုန်းက တော့ မန္တလေးမှာ အခုလို ၁ဝထပ်၊ ၁၂ ထပ် စသဖြင့် အထပ်မြင့်တဲ့ အဆောက် အဦတွေ မရှိတော့ မီးသတ်မျှော်စင်ထိပ် ကနေ လှမ်း ကြည့်လိုက်ရင် မန္တလေးမြို့ရဲ့ အရှေ့ ပြင်၊ တောင်ပြင်၊ မြောက်ပြင်နဲ့ အနောက်ပြင်တွေ ကို အားလုံးမြင် ရပြီး မီးလောင် ရင်လည်း ဘယ်နေရာ မှာ လောင်တယ် ဆိုတာကို ချက်ချင်း တန်း သိလိုက်ပါတယ်။ မီးသတ် မျှော်စင်ထိပ် မှာလည်း မီးသတ် ရဲဘော်တွေက နာရီနဲ့ အလှည့်ကျ တာဝန် ထမ်းဆောင်နေကြပါတယ်။ အဲဒီ အချိန်တုန်းက တယ်လီဖုန်း အဆက်အသွယ် က မကောင်းသေး ပေမဲ့ မီးလောင်ရင် မီးသတ် ကားတွေ ဝေါခနဲ ရောက်လာစမြဲပါ။ ဒါပေမဲ့ နွေဦးကာလနေ့ တစ်နေ့မှာ ဗဟို မီးသတ် တည်ရှိတဲ့ ရပ်ကွက် အနား မှာ မီးလောင်လို့ တစ်ရပ်ကွက် လုံး ပွက်လော ရိုက်ကုန် ကြပါလေရော။ အိမ်ထဲက ပစ္စည်းတွေ အပြင်ထုတ် ကြ၊ ဟိုအိမ်၊ ဒီအိမ် သတိပေးကြ လုပ်နေပေမဲ့ မီးသတ် ဌာနကတော့ အေးဆေး၊ တချို့က ကျားထိုးနေကြ သ တဲ့။ ကိုယ့်အနားမှာ မီးလောင်နေ တာကို မသိကြဘူးလေ။ မကြာခင် မှာပဲ ရုတ်ရုတ်သဲသဲ ဆူညံသံတွေ နဲ့ အတူ မီးခိုးလုံးကြီး က မီးသတ်ဌာန ကို ရိုက်ခတ် လာတော့မှ အားလုံး မျက်လုံး မျက်ဆံတွေ ပြူးကျယ်ကုန် ပြီး မီးသတ်ကားတွေ မီးထဲပါမသွား အောင် အဆောက် အဦထဲက အပြင် ကို အမြန် တွန်းထုတ် ကြရပါတော့ တယ်။ အဲဒါကို မျှော်စင်ထိပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ မီးသတ် ရဲဘော်က မသိရှာဘူး။ နေရောင်ဝင်း ဝင်းအောက်က မန္တလေးမြို့ကြီးရဲ့ လေးပြင်လေးရပ် ကို ရှု စားနေတာကိုး နော။ အဲဒီနေ့က ရပ်ကွက်က ဝိုင်း ငြိမ်းပေးကြလို့ မီးလောင်တာ သိပ် မကြာဘဲ ပြီးဆုံး သွားပါတယ်။ မန္တလေးသားတွေ ရဲ့ ပါးစပ်ဖျားမှာ ရပ်ကွက်က ကယ်တင် လိုက်လို့ မီးသတ်ဌာန မီးမခတဲ့ သတင်းဟာ ချက်ချင်းဆိုသလို လေးပြင်လေးရပ် သို့ ပျံ့နှံ့သွားပြီး သတင်းကိုပြောတဲ့ သူရော၊ နားထောင်တဲ့သူရော ပြုံး ဖြဲဖြဲ ဖြစ်ကုန် ကြရတော့တာပါ။ အခုခေတ်မှာတော့ အဲသလိုမျိုး ရှိမယ် မထင်တော့ပါဘူး။ မီးသတ် မျှော်စင်ထက် ပိုမြင့်တဲ့ အဆောက် အဦကြီးတွေ က မန္တလေး တစ်မြို့ လုံး နေရာအနှံ့ ရှိနေကြပြီး မီးဘေး အန္တရာယ် ရှိလာရင်လည်း တယ်လီဖုန်း ဆက်သွယ်ရေးက ကောင်းတော့ မီးသတ်ကားတွေ လည်း မီးလောင်တဲ့ ဆီကို ချက်ချင်း ဆို သလို ရောက်သွားနိုင်ကြပါပြီ။

ပြောချင်တာက နီးလွန်းတော့ လည်း မမြင်ရတတ်တဲ့ သဘော သဘာဝပါ။ ဒါကို သတိပြုမိတဲ့ ကိုထွန်း တစ်ယောက် ကမ္ဘာကြီး အကြောင်းကို နေ့စဉ် နဲ့အမျှ မျက်စိ ဖွင့် နားစွင့်နေတဲ့ အချိန်မှာ ရပ်ကွက် တွင်းဖြစ်ပျက် သတင်း ကိစ္စကိုတော့ ချစ်ချစ်ကိုပဲ တာဝန်ပေးထားရပါ တယ်။ ချစ်ချစ် ကလည်း ဒီလိုကိစ္စ မှာတော့ တကယ့်ကို အိပ်(စ်) ပတ်၊ တစ်ခါတလေ ကိုယ့်အနား ရှိတဲ့ သတင်းတွေ အပြင် သူ့ညီမတစ်တွေ နေတဲ့ ရပ်ကွက်နဲ့ မိတ်ဆွေ အချို့ရဲ့ ရပ်ကွက်က သတင်းတွေရော အဆစ် သယ်ဆောင် လာပြီး ပြောပြ လို့ ကျွန်တော်လည်း  အီဆောင့်နေ အောင် နားဆင်လိုက် ရတဲ့နေ့မျိုး တွေလည်း ကြုံရရဲ့။ ဘယ်လို ပဲဖြစ်ဖြစ် ပေါ့လေ။ ချစ်ချစ်ကြောင့် ကျွန်တော် လည်း ရပ်ကွက် ဗဟုသုတတွေ တိုးပွား သွားရပါတယ်။

တစ်ရက်တော့ အလုပ် ကိစ္စပြီး လို့ အိမ်ကိုပြန်လာတော့ သူ့ကို မတွေ့ရဘူး။ ရပ်ကွက် လမ်းခင်းဖို့ ကိစ္စ အစည်းအဝေး လုပ်လို့ အဲဒီကို သွားနေတာတဲ့။ ဟုတ်သားပဲ၊ လမ်းခင်းဖို့ အတွက် အစည်းအဝေး ဖိတ်တာကို ကျွန်တော်မေ့နေတယ်။ ကျွန်တော်တို့ ရပ်ကွက်ရဲ့ အနီးအနား ဝန်းကျင်မှာ ရှိတဲ့ ရပ်ကွက်မှာ ကတ္တရာ လမ်းတွေ ခင်းပြီး ကုန်ကြပြီ။ လမ်းခင်းတယ် ဆိုတာ စည်ပင် သာယာက သုံးပုံ တစ်ပုံလောက်စိုက် ပြီး ကိုယ်ထူကိုယ်ထ လုပ်ကြရတာ ဖြစ်ပါတယ်။ လျှပ်စစ် မီးတိုင်လည်း ကိုယ်ထူ ကိုယ်ထ စိုက်ထူကြ၊ ရေမြောင်းလည်း ကိုယ်ထူကိုယ်ထ ဖောက်လုပ်ကြ။ လမ်းတွေလည်း ကိုယ်ထူကိုယ်ထ ခင်းကြ၊ ဘယ် လောက် အဆင်ပြေလဲ။ အဲဒီလို ကြုံရလည်း အစိုးရ ကို အပြစ်မတင် ဘူး၊ အားလည်း မကိုးကြဘူး။ ဖြတ် သန်းလာခဲ့တဲ့ ခေတ်တွေ က အတွေ့ အကြုံက များနေပြီကိုးနော။

လမ်းခင်းဖို့ အစည်းအဝေး က ပြန်လာတဲ့ ချစ်ချစ်က အိမ်ရောက် ရောက်ခြင်း ကျွန်တော့်ကို ပြောရဦး မယ် ဂလိုဘယ် ဆရာကြီးရေ့လို့ ခပ်ထေ့ထေ့ ဆိုလိုက်ပါတယ်။ စိတ် အချဉ်ပေါက် လို့ ဒီလိုလေသံထွက် လာမှန်း အတတ် သိလိုက်ပါပြီ။ ကတ္တရာ လမ်းခင်းဖို့ တတ်နိုင် သလောက် စေတနာ နဲ့ထည့်ဝင်ပေးဖို့ ဖြစ်ပေမဲ့ လမ်းကော်မတီ ဥက္ကဋ္ဌ က သိန်း ၂ဝ မတည်ပြီး ကျွန်တော်တို့ ကို ၅သိန်း ထည့်ဝင်ပေးဖို့ တောင်း တောင်းပန်ပန်ပြောတာ နဲ့ သဘော တူ ခေါင်းညိတ် ခဲ့သတဲ့။ ရပ်ကွက်ထဲ မှာ ရှိတဲ့ သူ တော်တော် များများလည်း အချိုးကျ အတိုင်း ထည့်ဝင်ပေးကြပါ တယ်။ ဒါပေမဲ့ ရပ်ကွက်ထဲ ကို ဘယ်က ပြောင်းရွှေ့လာမှန်း မသိ ရောက်လာတဲ့ တရုတ်အိမ် ၂ အိမ် က ကန့်လန့်တဲ့၊ ပိုက်ဆံ မတတ်နိုင်လို့ ၂ သိန်းပဲ  ထည့်နိုင်မတဲ့။

”တော် … စဉ်းစားကြည့်၊ သူတို့စီးတဲ့ မော်တော်ကားတွေက တစ်အိမ်က လင်ခရူဇာ၊ တစ်အိမ်က တော့ ပရာဒို၊ ဒါကို ကတ်တီး ကတ်ဖဲ့ လုပ်တာလေ၊ ကျွန်မလေ မတ် တတ် ထပြီး ပြောချင်လိုက်တာ ပါးစပ်ကို ယားနေတာပဲ” ချစ်ချစ်က ဟွတ်ခနဲ လည်ချောင်း ရှင်းလိုက်ရင်း ပြော လိုက်ပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါ တယ်။ ကျွန်တော်တို့ ရပ်ကွက်လမ်း ထဲမှာ နေ့တိုင်း သူ့တို့ မော်တော်ကား နှစ်စီးပဲ ဖုန်ထောင်းထောင်းထ အောင် အခါ ၂ဝလောက် ဖြတ် သန်း သွားနေကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက် ဆီက ရောက်လာတဲ့ တရုတ်ဆိုတာ သိတဲ့အတိုင်း သူတို့ အကျိုးစီးပွား ကိစ္စကိုပဲ အဓိက ထားပြီး ရပ်ရေး ရွာရေး ကိစ္စကို ခေါင်းထဲ ထည့်တွက် ကြတာ မဟုတ်ဘူး။ ဒီတော့ ကိုယ့် ရပ်ကွက် ထဲ ရောက်လာပြီး အညွန့် ခူးနေသလို ဖြစ်သွားပါတယ်။

”ကျွန်မတို့ လူမျိုးတွေကလည်း ကိုယ့်အချင်းချင်း ဆိုရင် အဟုတ် ထင်ကြတာ မှုတ်ဘူး။ တရုတ်ဆိုရင် တော့ ဟွန်း … ပြောလိုက်ရင် လည်း မကောင်းဖြစ်တော့မယ်”

ဟော …ချစ်ချစ်က နောက်ထပ် အကြောင်း အရာတစ်ခု တင်ဆက်ဖို့ အတွက် စကားစပျိုးလိုက် ပြန်ပါပြီ၊ ခဏနေရင် သူ့ရင်ထဲမှာ ခိုးလို့ခုလုဖြစ်နေတဲ့ ဓာတ်ပြား ဟောင်း ကို ပြန် ဖွင့်ပြတော့မှာ ဖြစ်ပါတယ်။ အဲဒါက အိမ်ဖော်မလေး ခင်ပု ကိစ္စဆိုတာ ကျွန်တော်သိပြီး သား။

ပြီးခဲ့တဲ့ လတုန်းက အိမ်မှာ ခေါ်ထားတဲ့ ခင်ပု နှစ်စေ့လို့ သူ့ရွာ ကို ပြန်သွားတယ်။ သူ့ကို တစ်လ သုံးသောင်းနဲ့ စားရိတ် ငြိမ်းခေါ်ပြီး သူ့ရဲ့လစာ တစ်နှစ်စာ ကိုလည်း သူ့အမေက တစ်ခါတည်း ယူသွား ပါတယ်။ ခင်ပု အသက်က ၁၇ နှစ်၊ ၁၈ နှစ်လောက် သာ ရှိပါမယ်။ အိမ် မှာ အလုပ် သိပ်များလှတာ မဟုတ်ဘဲ ချစ်ချစ် အတွက် ကူဖော်လောင် ဖက်ရအောင် ခေါ်ထားတာဖြစ်လို့ ခင်ပုလည်း ကျွန်တော် တို့အိမ်မှာ နေရတာ ပျော်ရှာပါတယ်။ နှစ်ကုန် လို့ ပြန်သွားပေမဲ့ သူ့အမေ ဆီမှာ ၁ဝ ရက်လောက်နေ ပြီး ပြန်လာမယ် လို့ ပြောပါတယ်။ ချစ်ချစ်က ခင်ပုရဲ့ စကား အဟုတ် ထင်မှတ်နေပေမဲ့ ကျွန်တော် ကတော့ သိပ်မယုံလှဘူး။ နောက် ၁ဝ ရက်လောက် ကြာတော့ ခင်ပု အစ်မက တယ်လီဖုန်း ဆက်ပါ တယ်။ ခင်ပုအတွက် လစာလေး သောင်းနဲ့ တစ်နှစ် စာပေးပါတဲ့။ အဲသမှာ ကျွန်တော့်လေဒီ ဒေါပွပါ လေရော။ ဒီက ခင်ပု ကို သံယောဇဉ် တွယ်ပြီး ခေါ်ချင်နေမှန်း သိလို့ သက်သက် အကျပ်ကိုင် လစာတိုး တောင်းတာ။ ခင်ပုလာတုန်းက အဝတ်နှစ်စုံ ပဲပါတယ်။ ပြန်သွား တော့ ဒီက ဝယ် ပေး လိုက်တဲ့ အင်္ကျီ တွေ၊ လုံချည်တွေ၊ အိတ် တစ်အိတ်စာ ရှိတယ်။ မုန့်ဖိုး သပ်သပ်ပေးတာ လေးသောင်းကျော် ရသွားတယ်။ ဒါကို ခင်ပုရဲ့ အစ်မက ကြိုးကိုင်ခြယ် လှယ်နေ တာဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။ တိုတိုနဲ့ လိုရင်းပဲ အကျဉ်းချုံး လိုက်ကြပါစို့။ အစ်မ မခေါ်ချင်လည်း ရပါတယ်။ တစ်ခါ ခေါ်ထားလို့ အစ်မကို ဦးစားပေးတာ။ ကျွန်မ ညီမကို တရုတ် အိမ်တွေက ခေါ်ချင်လွန်းလို့၊ အဲဒီကိုပဲ ပို့တော့ မယ်တဲ့။

ပြောပြီးသား အကြောင်းအရာ တွေကို တစ်ခါ ဇာတ်ကြောင်း ထပ်လှန်နေတဲ့ ချစ်ချစ် တစ်ယောက် ပြောရင်းနဲ့ ဒေါသတွေ တရှူးရှူး ထွက်နေပါတယ်။ ကြိုးကိုင်ခြယ် လှယ်နေတဲ့ ခင်ပုရဲ့ အမေကိုလား၊ တောင်းတဲ့ဈေးပေးသွား တဲ့ တရုတ် ကိုလား၊ ဒါမှမဟုတ် နှစ်ခု စလုံးပဲလား၊ သူ့ရဲ့ဒေါသဟာ ဘယ်သူ့ဆီကို အဓိက ဦးတည်နေ တာလဲ၊ ကျွန်တော် ခန့်မှန်းလို့ မရပါဘူး။ အဲဒီတော့ တရုတ်ကို စောစောက တည်းက အမြင် မကြည်လင်ရတဲ့ အထဲ အခု ရပ်ကွက်လမ်း ကိစ္စမှာ သဒ္ဓါတရား နည်းတဲ့ တရုတ်နှစ်အိမ်ကြောင့် သူ့ရင်ထဲမှာ မကြည် မလင်ဖြစ်သွား ခဲ့ရတာကိုးနော။

ကျွန်တော်တော့ ကြုံတွေ့ရတဲ့ ဒီဖြစ်ရပ်နှစ်ခုကို ကြည့်ရင်း ဧည့်သည်နဲ့ အိမ်ရှင်ရဲ့ အနေအထား ကို ပိုပြီး ရှင်းရှင်းလင်းလင်း သဘော ပေါက်လာ ခဲ့မိပါတယ်။ အိမ်ဖော် ခေါ် တဲ့ ကိစ္စကိုပဲကြည့်၊ သူ့အိမ်ရဲ့ အကျိုး စီးပွားနဲ့ တိုက်ရိုက်သက်ဆိုင် နေတော့ ပေါက်ဈေးထက် ပိုပေးဖို့ လည်း ဝန်မလေးပါဘူး။ ဒါပေမဲ့ ရပ်ကွက် လမ်းခင်း ဖို့ ကိစ္စကျတော့ ငွေကုန် မခံတော့ဘဲ နေပါတယ်။ ရပ်ကွက် လမ်းခင်းပြီးရင် တချို့ ရပ်ကွက်တွေမှာ မြို့ထဲ ခိုးကြောင် ခိုးဝှက် ဝင်လာတဲ့ ကုန်တင်မော်တော် ကားတွေ ထားတာ မျိုးလည်း ရှိပါ တယ်။ ရပ်ကွက်ခံ မြန်မာတွေက အမုန်း မခံချင်လို့ မပြောကြတော့ သူတို့အတွက် အဆင်ကိုပြေလို့၊ ကျွန်တော် တို့ကလည်း ကျွန်တော် တို့ပဲ။ လိုက်လျော လွန်းအားကြီးရင် ဘယ် အချိန်မှာ ကိုယ့်နဖူးပေါ် မစင် စွန့်မလဲ ဆိုတာကို မတွေးမိကြပါဘူး။ ဒီလိုဖြစ်လာစေတဲ့ အကြောင်းရင်းက ဘာလဲ၊ စဉ်းစားကြစေ ပါ တယ်။

တရုတ် ဆိုရင် မကြည်လင်ချင် တဲ့ ချစ်ချစ်တစ်ယောက် အခုလည်း မျက်မှောင် ကြုတ်နေပြန်ပါပြီ။ ရော် … ဘယ်လိုများ ဖြစ်နေရပြန် ပြီလဲ။ တွေးရင်း နဲ့ ချစ်ချစ် အနားကို ကပ်သွား မိပါတယ်။ ထုံးစံအတိုင်း ပေါ့။ သူကလည်း ပြောချင်ချင်မို့ ကျွန်တော့် ကွက်ရှင် ပြီးသွားတာနဲ့ တစ်ပြိုင်တည်း ဟောသလို တော်ရေ ဆိုပြီး တစ်ခန်းရပ် ဇာတ်ထုတ် ကို ခင်းပြပါတော့တယ်။

ချစ်ချစ်က မနက်တိုင်း နွားနို့ အစိတ်သား ဝယ်လာခဲ့တာ တစ်နှစ် ကျော်လာပါပြီ။ သမ္မတကြီးက နွားနို့သောက် ဖို့ မပြောခင်ကတည်း က နွားနို့ ဝယ်သောက်နေတာမို့ ချစ်ချစ် ဘယ်လောက် ဥာဏ်ပြေးလဲ၊ အာဂ ချစ်ချစ် ပါကလားလို့ ကိုယ့် ဇနီးကို ချီးကျူးချင် စိတ်တွေ တဖွား ဖွား ပေါ်လာရ ပါဘိတယ်။ တစ်နေ့ က ပုံမှန်လုပ်ရိုး လုပ်စဉ် အတိုင်း အိမ် တံခါးဖွင့်ပြီး နွားနို့ ထွက်ဝယ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ ကတော့ ထူးထူး ခြားခြား နွားနို့သည်က အစ်မရယ် ဒီနေ့ တစ်ရက်တည်း နောက်ထပ် အစိတ်သား ပိုဝယ်ပေး ပါဦးလို့ ပြော လိုက်တော့ အံ့သြသွားရတာပေါ့။

”ဒီနေ့က တရုတ်နှစ်သစ်ကူး နေ့ အစ်မရဲ့၊ ကျွန်မ ဖောက်သည်တွေ ထဲမှာ တရုတ်တွေ အများကြီး ရှိတယ်။ သူတို့က တို့နှစ်သစ်ကူး ဆိုတာ တစ်နှစ်မှာ တစ်ခါပဲ ကြုံရ တယ်၊ နင့်နွားနို့ နေ့တိုင်းသောက်နေတာ၊ ဒီနေ့ မယူတော့ဘူးတဲ့ အစ်မရယ်”

”နှစ်သစ်ကူးနေမို့ မယူတော့ ဘူးဆိုရင် စောစောကတည်းက ကြိုပြောပါလား”

”ဟုတ်တာပေါ့ အစ်မရယ်၊ အခုတော့ နွားနို့တွေ ဘယ်လိုလုပ်ရ မှန်း မသိတော့ဘူး”

နွားနို့သည် ဆီက အသံတွေကို နားထောင်ရင်း ချစ်ချစ်လည်း အမျိုး ဂုဏ်၊ ဇာတိဂုဏ်တွေ ပေါ်လာပြီး စိတ်ကလည်း လက် တစ်ဆစ်လောက် သာ ကျန်ပါတော့တယ်။ အဲဒီ အချိန် မှာ တောင်းစားနေတဲ့ မိန်းကလေး တစ်ယောက် သူတို့ အနားကို ရောက် လာပါတယ်။

ခြေလက်အင်္ဂါ အားလုံး အကုန် ကောင်း၊ ရုပ်ရည်ကလည်း သနား ကမားနဲ့၊ ဒါကို လာတောင်းနေတော့ သွားပါဦး လို့ပြောရင်း လက်ခါ ပြလိုက်တဲ့ အကြောင်း ပြော ပါတယ်။ တောင်းတဲ့သူ ကလည်း ချစ်ချစ်ဆီက မရတော့ နွားနို့သည် မိန်းမဆီကို လက်ဖြန့် တောင်းပြန်ပါရော။ နွားနို့ သည် ကလည်း သူ့နွားနို့ ကုန်ဖို့အရေး အတွက် ချစ်ချစ် ဆိုသော ကပ်စတန်မာကို ဝယ်ချင်အောင် ပြောဆိုနေတာမို့ မြန်မြန် သွားအောင် ငွေ ၁ဝဝ ထုတ်ပေးသတဲ့။ အမှန် တော့ တစ်ခန်းရပ် ဇာတ်ထုတ်က ဤမှာ ပင်ပြီးစီး ဖို့ပါပဲ။ ဒါပေမဲ့ ဇာတ်သိမ်း ခန်းလေးဖြစ်ဖို့ အကြောင်းဖန် လာပုံက ဒီလိုကိုး နော။

ငွေ ၁ဝဝ ရတော့ တောင်းတဲ့ မိန်းမက နွားနို့သည်ကို လက်ညှိုးထိုး ပြီး ငွေ ၁ဝဝ လှူဒါန်းတဲ့ ဟောဒီက အစ်မကြီး ကျန်းမာပါစေ၊ နွားနို့တွေ များများရောင်း ရပြီး ချမ်းသာစေ လို့ ဆုတွေပေးပါရောတဲ့။ ကဲ … ကြည့်စမ်း၊ ဒါက မလှူတန်း မိတာနဲ့ သက်သက်မဲ့ စော်ကားသွားတာ မဟုတ်လား။ ချစ်ချစ်တွေးရင်း နဲ့ ဒေါပွသွား ပါတယ်။ အနားမှာရှိတဲ့ နွားနို့သည် ခမျာလည်း နွားနို့ရောင်း မကောင်းရတဲ့ အထဲ ငွေ ၁ဝဝ ထည့် မိတဲ့ စေတနာ အတွက် ဆုတောင်း ပေးတာကို ကြည်နူး ရမှာလည်း အခက်၊ သူ့ကပ်စတန် မာ ချစ်ချစ် ရဲ့ မျက်နှာမှာ ဒေါသခိုးတွေ ဝေလာတာ မြင်လိုက်လို့ ဒီသူတောင်းစားမ ကြောင့် ကပ်စတန်မာက နွားနို့ အစိတ်သား ပိုမဝယ်မိမှာ ကိုလည်း စိုးရိမ် ရတာက တစ်မျိုးမို့ မအီမလည် ကြီး ဖြစ်နေရှာပါတယ်။ ပြီးတော့ ချစ်ချစ်ကို မျက်နှာလို မျက်နှာရ လုပ် ပြီး ကိုယ်စား အနေနဲ့ တောင်းစား တဲ့ မိန်းမကို ကဲ သွားစမ်း သွား စမ်း ဆိုပြီး မောင်းထုတ်ပေးဖို့ ကျတော့ လည်း စောစောက သူ့ကို ကောင်းချီး သြဘာ ပေးထားသမို့ အဲဒီလိုလည်း မလုပ်ချင်။ ချစ်ချစ် ကလည်း နွားနို့ သည်ကို သူ့ ကိုယ်စား အနေနဲ့ တောင်းစားတဲ့ မိန်းမကို နှင်ထုတ် ပေးစေချင်၊ တောင်းစားတဲ့ မိန်းမ ကလည်း ပိုက်ဆံ ရပေမဲ့ သူတို့အနား ကမပြန်ဘဲ ယောင်ပေပေ ရပ်နေ ဆို တော့ သူတို့ အဖြစ်က အတော် ခွကျ နေဟန်တူရဲ့။

ဒီတော့ ဘယ်လိုပြီးသွားကြလဲ ကွ ကျွန်တော်က စိတ်ဝင်တစားနဲ့ မေးလိုက်မိပါတယ်။

”ကျွန်မ ဘက်က ပါရတာပေါ့ ဆရာကြီးရဲ့၊ ကျွန်မက သူ့ဖောက် သည်လေ၊ တစ်နှစ်လုံးရှိတဲ့ ဖောက် သည်အပျက် ခံနိုင်ပါ့မလားရှင့်၊ ကဲပါ အေ …၊ ညည်း လည်း လိုချင် တာ ရပြီမို့ သွားပါတော့ လို့ နွားနို့သည်က ပြောလိုက်တော့မှ ဟိုဟာမလည်း ကော့တော့ ကော့တော့နဲ့ ထွက်သွား တယ်။ ကျွန်မလည်း စိတ်ချမ်းသာပြီး နောက်ထပ် တစ် ပိဿာ အပိုဝယ်ပေး ရတာပေါ့လေ”

သဘောကျ ကျေနပ်နေတဲ့ ချစ်ချစ်ကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိပါတယ်။ အဲဒီနေ့ကတော့ ကိုထွန်း တို့အိမ်မှာ နွားနို့တွေ အလျှံ ပယ်ပါပဲ။ နွားနို့သောက် ရတဲ့ အပြင် ချစ်ချစ် လက်ရာ နွားနို့ခဲချက်ကို လည်း ပွဲတော်တည် လိုက်ရပါသေး တယ်။ ချစ်ချစ်က တရုတ် ဆိုရင် မကြည်မလင် ဖြစ်ချင်နေပေမဲ့ သူတို့ နှစ်ကူးနေ့ က နွားနို့ ပိုသောက်လိုက် ရခြင်းဟာ သေချာ စဉ်းစားကြည့် လိုက်ရင် သူတို့ကြောင့် ပါကလားလို့ တွေးမိ လိုက်ပါတယ်။ နွားနို့တွေ လည်း သောက်ရ၊ သမ္မတကြီးရဲ့ စကားကို လည်း လိုက်နာ ရာ ရောက်၊ ကဲ … ဘယ်လောက် ဟန်ကျလဲ၊ သြော်… အထူးမမေ့စရာ တရုတ် ကျေးဇူးပါကလားကွယ်။

ကိုထွန်း-လမ်း(၈ဝ)


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...