Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

Family Counsellor (ရောင်နီကိုကြို အရှေ့ဆီကို)

$
0
0

သမီးရည်းစား ဘဝမှတစ်ဆင့် ကြင်စဦး ဇနီးမောင်နှံ အဖြစ်သို့ ရောက်ခဲ့ကြသော ‘သက်’  နှင့် ‘ကို’ တို့ နှစ်ဦး …
အခုတော့ ကြင်စဦး ဇနီးမောင်နှံ ဘဝမှသည် ဖေဖေ မေမေ ဘဝကို မကြာခင် ရောက်ရှိလာဦး တော့မည်။
မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်ခါနီး အချိန် …
”သက်ရေ… မျက်နှာ သစ်တော့လေ၊ ထိုင်ပြီး ဘာတွေ စဉ်းစားနေတာလဲ၊ ပြီးတော့ မျက်နှာကြီးကလည်း ပြုံးလို့…”
”အင်း… ညက အိပ်မက်မက် တယ်လေ သားသားလေး မွေးတယ်တဲ့”
” ဒါနဲ့ပဲ …စဉ်းစားရင်း ကြည်နူးနေတယ် ပေါ့”
”ဟုတ်တယ်လေ၊ ဟိုတစ်ခါ အိပ်မက်တုန်း ကလည်း သားသားလေးက ပြောနေတာ၊ သူ့ကို လူ့ဘဝ လာခွင့်ပေးပါတဲ့”

”ကဲပါ…ထထ… နောက်တစ်ပတ်ဆို ကိုတို့ သိရတော့မှာမဟုတ်လား၊ ဆရာဝန်နဲ့ပြဖို့ ချိန်းထားပြီးပြီလေ၊ အာလ်ထရာဆောင်းရိုက်ရင် ဒီတစ်ခါ အသေ အချာ ပြောလို့ရပြီလို့ ဆရာဝန်မ ကြီးက ပြောတယ်လေ”
”ဟုတ်တယ်ကိုရဲ့၊ သက်လည်း အဲဒီရက်ကို တွေးပြီး မျှော်လင့်ချက်နဲ့ ဝမ်းသာနေရတာ”
”ဒါပေမဲ့ သမီးလေးဆိုရင်ကော”
”သမီးလေးဆိုရင် အင်း… သမီးလေးဆို လည်း… သမီးလေးပဲပေါ့”
”အေးပေါ့၊ ကိုတို့အတွက်ကတော့ သားလေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် သားသမီးက သားသမီးပါပဲ။ သားဆိုလည်း အဖိုးတန်တဲ့ သားလေးဖြစ်အောင်၊ သမီးဆို လည်း လိမ္မာတဲ့သမီးလေးဖြစ်အောင် မွေးရမှာ က ကိုတို့ တာဝန်ပဲလေ”
”ဟုတ်ပါတယ်။ သြော်… မနက်ဖြန် စနေနေ့ဆိုတော့ သက်တို့ ဈေးဝယ်ထွက်ရအောင် နော်။ လိုအပ်တာလေးတွေ စဉ်းစားထားတာ ရှိတယ်”
”ဟုတ်ပါပြီ သွားကြတာပေါ့။ ကဲ… ကို အလုပ်သွားတော့မယ်၊ ညနေကျမှ ညစာ အတူ စားမယ်နော်”
‘သက်’ ရဲ့ မြင်ကွင်းထဲက ‘ကို’ ကွယ်ပျောက် သွားသည့်တိုင် သက်အိပ်ခန်းထဲက မထွက်ဖြစ် သေး။ အိပ်မက်ကို ပြန်စဉ်းစားရင်း ကြည်နူးမှု တွေကို တစ်ယောက်တည်း ဆက်လက်ခံစားနေမိ သည်။

ဆရာဝန်မကြီး တွက်ထားပေးတဲ့ ရက်အရ ဆိုရင် နိုဝင်ဘာလ မှာ မွေးမှာဖြစ်ပါသည်။ မွေးဖွားမယ့် ကာလကို မှန်းပြီးတော့ သက်၏ အတွေးတွေက ဆက် လက် ပြန့် လွင့်နေဆဲ။
- သားလေးဆိုရင် ဘယ်လိုနာမည်မျိုး မှည့်မလဲ၊
- သမီးလေးဆိုရင်ကော၊
- ဖအေတူသားလေး ဖြစ်မှာလား၊
- မအေတူသမီးလေး ဖြစ်မှာလား။

”ကဲ… ရောက်ပါပြီဗျာ၊ ဖြည်းဖြည်းလည်း ဆင်းဦး။ အပေါက်ဝက ခဏစောင့်၊ ကို ကား ထားပြီးရင် လာခဲ့မယ်”

ကိုပြောတဲ့အတိုင်း သက်က shopping centre ရဲ့ ရှေ့အဝင်ပေါက် ကနေ စောင့်နေပါ သည်။ ထိုစဉ် မှာပင် ၂ နှစ် အရွယ် ကလေးငယ် တစ်ယောက်ကို လက်တွဲ ပြီး လာနေသော အမျိုးသမီးက သက်ရဲ့ မျက်စိအမြင် အာရုံထဲ ရောက်လာခဲ့သည်။
”အင်း… နောက် (၂)နှစ်၊ (၃)နှစ်ဆိုရင် ငါ့မှာလည်း ဒီလို ကလေးလေး နဲ့အတူ ဈေးဝယ် ထွက်ရတော့မယ်”
ကလေးက ရှေ့မှ ပြေးမလို လုပ်လို့ မိခင်ဖြစ် သူက နောက်ကနေ အမောတကော ပြေးလိုက် နေတာကို ကြည့်ပြီး ပြုံးမိပြန်သည်။
”ဟေ့… သက်၊ ဘာတွေ ပြုံးနေပြန်တာ လဲ”
”ဟိုမှာလေ ကိုရဲ့၊ ကလေးလေးက ရှေ့က ပြေးလို့ သူ့အမေ ခမျာ မနည်းလိုက်နေရတာ၊  နောင်ဆိုရင် သက်လည်း ဒီလိုဘဝ ရောက်မှာ နော်၊ ဒါကို တွေးပြီး ပြုံးမိတာ ပါ”
”အင်း… ပြုံးထား ပြုံးထား၊ တကယ် ကြုံလာရင်တော့ ပြုံးနိုင်မယ် မထင်ဘူး။ ကဲ … လာ… လာ၊ ဝင်ကြစို့”
ကိုပြောတာလည်း ဟုတ်တုတ်တုတ်လို့ သက်တွေးမိတော့ အပြုံးတို့ ရပ်သွားရသည်။

”ကိုရေ… အနှီးစတွေကတော့ များများ ဝယ်ထားမှ ထင်တယ်”
”ဘာဖြစ်လို့”

”သြော်… မွေးရက် ခန့်မှန်းထားတာက နိုဝင်ဘာလထဲမှာဆိုတော့ ဆောင်းတွင်းပဲ ဆိုကြပါစို့။ အဲဒီတော့ ကလေးက ရှူးရှူးတွေ ခဏခဏ ပေါက်မှာလေ။ အနှီးက အရေ အတွက် နည်းနေရင် အလျဉ်မမီမှာစိုးလို့ပါ”

”ဟုတ်ပ… ဟုတ်ပ”

”ပြီးတော့ အနှီးစကလည်း ချည်သား စစ်စစ်ဖြစ်မှရမှာ ကိုရဲ့”

”အေးပါကွာ၊ လာ… ဟောဟိုက ဆိုင်မှာ မေးကြည့်ကြတာပေါ့”

”ဟိုဘက်ကဆိုင်က ပိုပြီးရွေးစရာများတယ် ကိုရဲ့။ အဲဒီကို သွားမယ်”

 ”ကဲ… ကဲ… သက်သဘော၊ သက် သဘော”

အနှီးကိစ္စပြီးပြန်တော့ တခြား တိုလီထွာလီ တွေ ဆက်ဝယ်ရဦးမည်။ ခေါင်းထဲမှာ မှတ်ထား သော စာရင်းထဲက ဘာဝယ်ရမလဲ သက်စဉ်းစား နေတုန်း…
”ဟိုမှာ သက်…. ဟိုဦးထုပ် ကလေးက အရောင်လေးရော၊ အဆင်လေးရော… မျက်စိထဲမှာ တော်တော်လှတယ်”
”ဘယ်ဟာလေးလဲ”
”ဟိုမှာလေ၊ ဟိုးနောက်ဆုံးက… အပြာ ရောင်ရင့်ရင့်လေးကွာ”
”အင်း… ကိုပြောသလို လှပါတယ်၊ ဒါပေမဲ့…”
”ဒါပေမဲ့ ဘာဖြစ်လဲ သက်ရဲ့။ ဈေးမေးပြီး သင့်တော်ရင် ဝယ်ရအောင်လေ”
”သက် စဉ်းစားနေတာ ရှိတယ်”
”ဘာများလဲကွာ”

”ဟိုလေ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာ မင်းသမီးက ကိုယ်ဝန်ဆောင် ရပြီဆိုရင် ကလေး အတွက် သိုးမွေး ဦးထုပ်လေးတွေ သိုးမွေးခြေ အိတ်လေးတွေကို ကိုယ်တိုင် လက်နဲ့ ထိုးကြတာ လေ။ အဲဒါကိုကြည့်ပြီး ငါ့ကျရင်လည်း ဒီလိုပဲ လုပ်မယ်လို့ သက်က စိတ်ကူးထားခဲ့တာ”
”အောင်မလေး သက်ရယ်၊ ကဗျာဆန်နေ ပြန်ပါပြီ။ သက်က ဒါတွေလုပ်မှ မလုပ်တတ် တာ”
”ဟုတ်ပါတယ်၊ မလုပ်တတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင်ရင်မရဘူးလား”
”ဟောဗျာ… သက်က ဒါကို ကိုယ်တိုင် ထိုးဖို့ အခုမှ သင်မယ် ဟုတ်လား”
”ဟုတ်တယ်လေ.. နောက်ထပ် ၅ လ ကျော်၊ ၆ လ လိုနေသေးတာပဲ၊ ဒီအတောအတွင်း သင်ရင်း ထိုးသွားရင် မီနိုင်တာပေါ့”

တအံ့တသြ ဖြစ်နေသော ‘ကို့’ မျက်နှာကို သက် မြင်ရတဲ့အခါ ဘယ်လို အဓိပ္ပာယ်နဲ့ ပြော နေတယ် ဆိုတာကို သက်ခံစား ရိပ်မိပါသည်။ ဒါပေမဲ့ မကြာခင်မှာဘဲ ကို့ရဲ့ မျက်နှာပေါ် က ခံစားချက် တဖြည်းဖြည်းချင်း ပြောင်းသွားသည်။ အဓိပ္ပာယ်တွေ ပြောင်းသွားသည်။ ကို သဘော ပေါက်သွားပြီ ထင်ပါသည်။

”ဟုတ်သားပဲ၊ ကောင်းတယ်… ကောင်း တယ်၊ သက်ဆန္ဒရှိရင် လုပ်ပေါ့။ ကဲ… ဒါဆို ဘယ်မှာ သင်မှာလဲ”

”ကိုကလည်း ဝေးဝေးလံလံ စဉ်းစားနေ တယ်။ မေမေ့ဆီမှာ သင်မှာပေါ့”

”သက်မေမေက ဒါတွေ လုပ်တတ်တယ်”

ကိုက တအံ့တသြလေသံဖြင့် မေးလာပါ သည်။

”အင်းပေါ့။ လုပ်တတ်တာပေါ့။ သက်ရဲ့ ငယ်ငယ်ကအဝတ်အစားတွေ တော်တော်များ များကို မေမေ ကိုယ်တိုင်ချုပ်၊ မေမေကိုယ်တိုင် ထိုးပေးခဲ့တာလေ”

 ”ဟုတ်လား”

”ဟုတ်တယ်. မေမေ အသက်နည်း နည်းရသွားတော့ မျက်စိကြောင့် ဆရာဝန်က ဒါတွေ မလုပ်ပါနဲ့ ဆိုလို့ မေမေ နားလိုက်တာ။ အင်း… သက်မမွေးခင် က မေမေကိုယ်တိုင် ထိုးထားတဲ့ ဦးထုပ် ကလေးတောင် မေမေ သိမ်း ထားတယ် ထင်တယ်”

ကိုတစ်ယောက် အံ့သြမှုတွေရ ကြည်နူးမှု တွေကို တစ်ပြိုင်နက်တည်း ခံစားနေရတယ် ဆိုတာ  ကို့မျက်နှာက သက်သေပြနေသည်။

”ဒါပေမဲ့ သက်က ကိုယ်တိုင်ထိုးတာတော့ ဟုတ်ပါပြီ။ တော်ကြာ အညောင်းမိနေဦးမယ်”

အံ့သြ ကြည်နူးမှုနှင့် အတူ ပူပန်မှုတွေက လည်း ကို့စိတ်ထဲ ရောက်လာပြန်ပါသည်။

 ”သြော်… ကိုကလည်း၊ သက်သိပါတယ်။ နားနားနေနေ လုပ်မှာပေါ့။ အရင်ပဲ သင်ပါရ စေဦး။ အင်း…မေမေ့ကို သင်ခိုင်း ရမှာလည်း အားနာသလိုပဲ”

”ကဲပါ၊ ဒါဆို နောက်တစ်ပတ် မေမေတို့ဆီ သွားတဲ့အခါ တိုင်ပင်တာပေါ့နော်။ ဟင်…  သက် စောစောက ပြုံးနေတဲ့ မျက်နှာက အခု ဘာဖြစ် သွားတာလဲ။ ဟောဗျ… မျက်ရည် တွေနဲ့”
”……….”

”ကဲ… ကဲ… သက်ရယ်၊ အခုပဲ အကောင်းကနေ ဘာဖြစ်သွားရပြန်တာလဲ။ လာ… လာ… ဟိုထောင့်က ခုံလေးမှာ ခဏထိုင်ရအောင်”

ဟုတ်ပါသည်။ သက်ရဲ့အတွေး များက မေမေ့ဆီ ရောက်သွားရင်း သက် အိမ်ထောင် မပြုခင်လေး မှာ မေမေနဲ့ ကတောက်ကဆ ဖြစ် ကြတဲ့ ကိစ္စကို သတိပြန်ရမိသည်။

ထိုအခါမှ မေမေပြောခဲ့သော စကားများ မှန်ကန်ကြောင်း သက်သတိဝင် သွားသည်။ အဲဒါကြောင့်လည်း မေမေ အပေါ် စာနာ နားလည် သွားပြီး ဝမ်းနည်းသလို ခံစား သွားရ သည်။

”အေးပေါ့… ကိုယ်တိုင် အမေဖြစ်လာ တဲ့အခါ သမီး နားလည်လာမှာပါ” တဲ့။ ”မေမေ့ စကားတွေ မှန်တယ် ဆိုတာ သမီး သိပါပြီ မေမေ” လို့ မေမေ့ကို တွေ့တဲ့အခါ သက်ပြော ပြရပါတော့မည်။

”ဟော… သမီးတို့ပါလား၊ လာကြ လာကြ”
မေမေ့အသံက ဝမ်းသာအားရမှုတွေ အပြည့်နှင့် သက်တို့လင်မယားကို ကြိုဆိုပါ သည်။
”အဖေကြီးရေ၊ ဒီမှာ သမီးတို့ ရောက် လာကြပြီ”

သက်ရဲ့ဖေဖေ ကိုလည်း အော်ပြောနေပြန် ပါသည်။ မေမေ့ ဝမ်းသာမှုတွေက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူး ဆိုတာ မေမေ့မျက်နှာမှာ ပေါ်လွင်နေသည်။ မိဘဆိုတာ သား သမီးတွေ ဘယ် အရွယ်ရောက်ရောက်၊ ဘယ်အခြေအနေ မှာပဲ ရှိရှိ၊ မေတ္တာ ကတော့ သူတို့ရင်ထဲမှာ အစဉ်အမြဲ ရှိကြတယ် ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်သလို သက် ရဲ့ ရင်ထဲမှာလည်း ကိုယ်ချင်းစာစိတ်တို့ တဘွားဘွားပေါ်စပြုလာ သည်။

”ကဲ… ထိုင်ပါဦး။ ဒါနဲ့ သမီးလေးလား၊ သားလေးလား၊ အဖြေထွက်ပြီလား”
”နောက်တစ်ခေါက် ဆရာဝန်မကြီးနဲ့ ချိန်းထားတာ (၂) ပတ်လိုသေးတယ် မေမေရဲ့။ ဒီတစ်ခါမှာ အာလ်ထရာဆောင်းရိုက်ပြီးရင် သိမယ်ပြောတယ်”
”မေးမယ့်သာ မေးရတာပါ။ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် တို့ကတော့ မြေးချီရမှာပဲ မဟုတ် ဘူးလား ဖေကြီးရာ”
”အင်း… သမီးရေ၊ သမီးအမေလည်း အဘွား ရူးရူးရတော့မယ် ထင်ပါရဲ့”
”အို… သားသမီးအချစ်.. မြေးအနှစ် ဆိုတာ မကြားဘူးဖူးလား..”
စမ်းရေလို အေးမြခဲ့သော မေမေ့မေတ္တာ များက ခန်းခြောက်မသွားသေးပါ။ ပြောင်းလဲ မသွားပါ။ အခုအချိန်အထိ အေးမြဆဲ၊ စီးဆင်း ဆဲ၊ ခွန်အားတွေ ပေးဆဲပါ။
”ကဲ… သက်၊ မေမေ့ကို တောင်းဆိုမယ့် ကိစ္စ ပြောလိုက်လေ”
”အောင်မလေး… ရေကြီးခွင်ကျယ် တောင်းဆိုစရာ ကိစ္စဆိုပါလား။ ဘာလဲ… အမွေလိုချင်ပြီလား”
”အာ… မဟုတ်ပါဘူး မေမေရဲ့၊ ကြံကြီး စည်ရာ”
”အလကားပါ သမီးရယ်၊ မေမေက ရယ်စရာအဖြစ် ပြောတာပါ၊ ကဲ… ပြောရ ဘာပြောစရာရှိလို့လဲဆိုတာ”
”ဒီလို မေမေရဲ့။ သမီးတို့ကလေးအတွက်  ပစ္စည်းပစ္စယလေးတွေဝယ်ပြီး စုဆောင်းနေရင်း က သမီးစိတ်ထဲမှာ လုပ်ချင်လာတာလေး ရှိလို့ ပါ။ အဲဒါ…”
”ဘာများလဲ သမီးရယ်”
”ဟိုလေ… မေမေ့တုန်းက သမီးကိုယ်ဝန် ဆောင်တုန်းမှာ သမီးအတွက် သိုးမွေးဦးထုပ် လေးရယ်၊ ခြေအိတ်လေးရယ် မေမေ့ကိုယ်တိုင် ထိုးခဲ့တာလေ။ အဲသလိုပဲ… သမီးလည်း ကိုယ်တိုင်ထိုးကြည့်ချင်လို့”
”ကဲ… မိရွှေသက်ရေ၊ မေမေတော့ ထီတောင် ထိုးချင်လာပြီ။ ဒီလိုကိစ္စတွေကို တစ်ခါမှ စိတ်မဝင်စားခဲ့တဲ့သူက အခု အမေ လည်း ဖြစ်မယ်ဆိုရော”
”ဟုတ်တယ် ဒေါ်လေးရဲ့။ ကျွန်တော်လည်း ပထမတော့ တော်တော့်ကို အံ့သြသွားတာ။  ဒါပေမဲ့ နောက်မှ တဖြည်းဖြည်း တွေးလာ မိတယ်။ မိခင်စိတ်ဆိုတာ ဒါပဲလားလို့”
”ဟုတ်တာပေါ့ သားရယ်။ အဲဒါဟာ ဘယ်လိုမှတားဆီးမရတဲ့ မိခင်စိတ်ပဲ။ သဘာဝ ကို ဘယ်မှာဆန့်ကျင်လို့ရမှာလဲ။ မေမေ့တော့ ဝမ်းသာတယ် သမီးရယ်။ ငါ့သမီးသက် တကယ့် မိခင်ကောင်း ဖြစ်တော့မှာပေါ့နော်”
ပြောရင်းဆိုရင်း မေမေ့ မျက်ဝန်းထဲမှာ မျက်ရည်စတို့ တွဲလဲခိုလာသည်။ မျက်ရည်များ အပြင်သို့ထွက်မလာအောင် မေမေ ကြိုးစားထိန်း နေတာကို တွေ့ရသည်။ ဝမ်းသာလွန်းသော မျက်ရည်များ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပဲ သက်လည်း သူအမေကို ပြေးဖက်လိုက်ပါသည်။ နောက်တော့ …
”ဟီး…ဟီး…ဟီး…”
သက်၏ ခံစားချက်များ ပွင့်အန်လာပါ သည်။
”မေမေရယ် သမီး အခု မေမေ့မေတ္တာကို နားလည်ပါပြီ”
”မငိုပါနဲ့ သမီးရယ်၊ ဒါငိုစရာမှ မဟုတ်တာ။  သမီးက မေမေ့မေတ္တာကို နားလည်ပြီဆိုတာ ဝမ်းသာစရာလေ သမီးရဲ့”

ဝမ်းသာစရာမို့ မငိုနဲ့လို့ပြောသော မေမေ ကိုယ်တိုင် မျက်ရည်တို့ ထိန်းမထားနိုင်ခဲ့ပါ။သားသမီးနှစ်ယောက်ကိုကြည့်ပြီး ဘေးက ယောက်ျားသားနှစ်ယောက် အပြန်အလှန် မျက်စပစ်ကြသည်။ သို့သော်လည်း ထိုမျက်စ များက ပြက်ရယ်ပြုခြင်း မဟုတ်ပါ။ ‘ဝအောင်သာ ငိုကြပါစေ’ ဆိုသော အဓိပ္ပာယ်ဖြစ်သည်။

ဆရာဝန်မကြီး ၏ နှုတ်မှထွက်လာမည့် စကားများကို ‘သက်’ ရော ‘ကို’ ပါ မျှော်တလင့်လင့် စောင့်စားနေကြပါသည်။ မျှော်လင့်နေလေ ကြာသည်ဟု ထင်ရလေ ပင် ဖြစ်သည်။

”ကဲ… သမီး ထိုင်လို့ရပြီ။ အဖေနဲ့အမေ က ဘာကို မျှော်လင့်နေတယ်တော့ မသိပါဘူး။ အခုအဖြေကတော့ ယောက်ျားလေးပါပဲ”
”ဟယ်… တကယ်”
‘သက်’ ၏ အာမေဍိတ်သံက အခန်း၏ အပြင်ဘက်သို့ လျှံထွက်သွားသည်။
”ဟာ… ဝမ်းသာတယ်ဗျာ။ ကဲ… သက်ရေ သားသားလေးတဲ့။ ပြီးရင် မေမေတို့ဆီ ဖုန်းနဲ့ အကြောင်းကြားကြရအောင်”

သက်၏ မျက်နှာပေါ်မှ ဝမ်းသာမှုအရိပ် အယောင်များက မျှော်လင့်ချက် ပြည့်ဝသွားသူ တစ်ယောက်ပမာ ပန်းနုသွေး သန်းနေတာ တွေ့ရသည်။ အိပ်မက်တွေက မှန်လိုက် တာလို့ လည်း တွေးမိသည်။

”ကဲ… ပျော်စရာတွေကနေ ဝမ်းနည်း စရာတွေ မဖြစ်ဖို့ မှာထားတဲ့ အချက်လေးတွေ လည်း မမေ့နဲ့နော်”
”ဟုတ်ကဲ့ပါ ဆရာမကြီး အစားအသောက် အနေအထိုင် အားလုံးကို ဆင်ခြင်ပါတယ်”
”သက်အတွက် လိုအပ်တာ မှန်သမျှကို လည်း ခင်ပွန်း တစ်ယောက်အနေနဲ့ လုပ်ပေးနေ ပါတယ်”
”ယောက်ျား လုပ်သူက ဆေးလိပ် မသောက် တာ ကောင်းတဲ့ အချက်ပါပဲ။ သြော်… မေးခိုင်ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးပြီ နော်”
”ဟုတ်ကဲ့ ဆရာမကြီး။ အင်း … တစ်ခု လေး မေးချင်ပါတယ်။ ‘သက်’ က ကလေး အတွက် သိုးမွေး ဦးထုပ်လေးတွေ၊ ခြေအိတ်လေး တွေ ကိုယ်တိုင် ထိုးချင်နေတာ။ အဲ့ဒါ ဖြစ်ပါ့ မလားရ ဆရာမကြီး”
”ဘာလို့မဖြစ်ရမှာလဲ။ တစ်နေ့ချင်း နည်း နည်းစီ အချိန်ယူပြီးထိုးပေါ့။ အညောင်း မမိစေ နဲ့လေ”
”ဟုတ်ပါတယ်။ သက်လည်း ဒီလိုပဲ စဉ်းစားမိပါတယ်။ အညောင်းပြေ အညာပြေ အိမ်အလုပ် ပေါ့ပေါ့ပါးပါးတွေနဲ့ တွဲပြီး လုပ်မှာ ပါ”
”ကောင်းပါတယ်။ ဆရာမ အနေနဲ့ကတော့ ဒီလိုဆန္ဒမျိုးကို ပိုပြီးတောင် အားပေးချင်သေး တယ်။ ဒါက မိခင်ရဲ့ စိတ်ကို တည်ငြိမ်စေတယ် လေ။ ဒီလိုတည်ငြိမ်ပြီး သားသမီးအတွက် ဆိုတဲ့စိတ်၊ သားသမီးအတွက်ဆိုတဲ့ မေတ္တာက ဗိုက်ထဲက ကလေးကိုလည်း သက်ရောက်မှု ရှိတယ်။ ကိုယ်ဝန်ဆောင် မိခင်ဘဝမှာ စိတ် အနှောင့်အယှက်နဲ့ စိတ်ဒုက္ခတွေကင်းမှ ကလေး ရဲ့ ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုတာ ကွဲ့”
”ဟုတ်ကဲ့ပါ ဆရာမ”
”နောက်ပြီး ဒီလို မိခင်စိတ်ကပဲ ကလေး မွေးရာမှာ လွယ်ကူဖို့၊ မွေးပြီးတဲ့အခါ မိခင်နို့ လုံလုံလောက်လောက် ထွက်ဖို့ အားပေးတယ် လေ”
”ဟုတ်လား… ဆရာမ…”

‘ဟုတ်တာပေါ့။ မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ အာဟာရနဲ့ ကျန်းမာရေးတွေ လိုအပ် သလို မိခင်ရဲ့ စိတ်နေစိတ်ထား၊ စိတ်ခံစားချက် တွေကလည်း ကိုယ်ဝန်နဲ့ သန္ဓေသား အပေါ်မှာ သက်ရောက်မှု ရှိတယ်ကွဲ့”

‘ဒါဆိုရင် သမီး… ဒီလိုဆန္ဒရှိတာ မှန်တာပေါ့နော်”

”အေးပေါ့။ ဒါကလည်း သဘာဝအရ ဖြစ်ပေါ်လာတဲ့ မိခင်စိတ် ရဲ့လှုံ့ဆော်မှု တစ်ခု ပါပဲ။ သားသမီးအတွက်ဆိုတဲ့ ဆန္ဒ၊ သားသမီး အတွက် ဆိုတဲ့ မျှော်လင့် ချက်တွေက နောက်ပိုင်း မိခင် တစ်ယောက်ဖြစ်လာမယ့် ဘဝအတွက် ပြင်ဆင်မှုမှာ တော်တော် အသုံးဝင်တာလေ။ မွေးပြီးရင်… နို့တိုက်ရမယ်… ကလေးကို ပြုစု ပျိုးထောင် ရမယ်။ ကျွေးမွေး စောင့်ရှောက် ရမယ်… ဒီလို ခရီးရှည်ကြီး ကို ဖြတ်သန်းဖို့ အတွက် ကိုယ်ဝန်ဆောင် ကာလ တစ်လျှောက်မှာ စိတ်ပိုင်း ဆိုင်ရာ ပြင် ဆင်မှုတွေက အရမ်းကို အရေးကြီးတာလေ…’

‘သက်’ နှင့် ‘ကို’ တို့ရဲ့ဝင်းပနေသော မျက်နှာများက တည်ငြိမ်နေသော မျက်နှာများဆီ သို့ ကူးပြောင်းရောက်ရှိသွားသည်။ ဆရာဝန်မ ကြီးပြောပြသော စကားများ ကို လေးလေး နက်နက် နားထောင်နေမိသည်။

”အခု သားသားလေးမို့ ဆန္ဒနဲ့ တစ်ထပ် တည်းဖြစ်လို့ ဝမ်းသာကြရတယ်ဆိုပေမဲ့ သမီး လေးဆိုလည်း ဒီလို စိတ်ထားတွေနဲ့ပဲ ကြိုဆို ရမှာပဲလေ။ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် မိခင်စိတ် ကတော့ အတူတူပါပဲ။ မိဘမေတ္တာကလည်း ဘယ်သားသမီးမဆို အတူတူပဲ ဖြစ်ရမှာပါပဲ”

”ဟုတ်ကဲ့ပါ ဆရာမကြီး။ သမီး သဘော ပေါက်ပါတယ်”

”အေး… ယောက်ျားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့ မြန်မာ စကားပုံလည်း သမီးတို့ သိတာပဲ မဟုတ်လား။ တကယ်တော့ အမျိုးသမီး တစ်ယောက် ကိုယ်ဝန်ဆောင် သားမွေး ရတယ် ဆိုတာ အသက် နဲ့ရင်းရတဲ့ အလုပ်ပဲ။ လူ့ပြည် လူ့လောက ထဲကို ကိုယ့်ရဲ့မျိုးဆက် သားသမီး တွေ မွေးဖွား ကြီးပြင်းလာနိုင်ဖို့၊ တချို့ဆိုရင် ကိုယ့် အသက် ကိုတောင် စွန့်သွားကြရတယ်။ ဒီအတွက် မိခင်တစ်ယောက် မှာရှိတဲ့ စိတ် ခွန်အား၊ သတ္တိတွေက အန္တရာယ်ကို ရင်ဆိုင်နိုင် ဖို့ အားမွေးပေးနေတာပဲ မဟုတ်လား”

 ”ဟုတ်ကဲ့ပါဆရာမကြီး။ ဆရာမကြီးရဲ့ စကားကိုကြားရတာ သမီးအတွက် ခွန်အားတွေ ရှိလာသလိုပဲ”

”အေး… အေး။ နောက်တစ်ခေါက်လာ ရင်တော့ မေးခိုင်ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးရမယ်။ ပြီးရင် မွေးဖွားချိန် အတွက် ပြောပြစရာရှိတာတွေ ပြောပြမယ်။ နို့တိုက် ဖို့ အတွက် ဘယ်လို ပြင်ဆင်ထားရမလဲ ဆိုတာ တွေပါ ပါမှာပေါ့”
”ကျေးဇူးတင်ပါတယ်ရှင့်”
”ကျွန်တော်တို့ကို ခွင့်ပြုပါဦးဆရာမကြီး”
”ကဲ… ကဲ… သွားကြ။ နောက်တစ် ခေါက် ပြန်လာရမယ့်ရက်သာ မမေ့စေနဲ့”
”ဟုတ်ကဲ့ပါ”
ဆေးခန်းမှ ပြန်ထွက်လာသောအခါ
‘သက်’ နှင့် ‘ကို’ တို့ လင်မယားနှစ်ယောက်စလုံး စကား မပြောဖြစ်ကြ။ ကိုယ်စီအတွေးများဖြင့် တိတ်ဆိတ် ငြိမ်သက်နေကြသည်။

သို့သော် သူတို့နှစ်ယောက်စလုံး၏ ရင်ထဲမှ ခွန်အားများကိုတော့ ဘယ်သူမှ မမြင်နိုင်ပါ။ နောင် ၅ လကျော်၊ ၆ လအကြာမှာ မွေးဖွား လာမည့် သားလေးအတွက်၊ သားသမီး ရတနာ အတွက် စိတ်ဓာတ်ခွန်အားများ ဖြစ်ပါသည်။ အရုဏ်ဦး ရောင်နီကို လက်ကမ်း ကြိုဆိုရမည့် သူများ၏ ခြေလှမ်းများက အရှေ့ အရပ်သို့ သွက်သွက် လက်လက် လှမ်းနေကြပါသည်။

ဒေါက်တာ နေဝင်း


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...