‘သက်’ အတွက် …
ယခု လက်ရှိ အခြေအနေကို အကြောင်း ကြောင်းကြောင့် လက်ခံ လိုက်ရခြင်း ဖြစ်ပါသည်။ တကယ် ဆိုတော့ အဆင်သင့် မဖြစ်သေးခင်မှာ ဒီကိုယ်ဝန်ကို ရလိုက်ခြင်း အတွက် စိတ်အနှောင့် အယှက်ကြီးစွာ ဖြစ်ရပါသည်။ ဒါပေမဲ့လည်း သားသမီး ဆိုတာ ‘ရတနာ’ တစ်ပါးမို့ တန်ဖိုးရှိ သော အရာတစ်ခု အဖြစ် နောက်ဆုံးမှာ ‘သက်’ လက်ခံ လိုက်ပါသည်။ ကိုယ်ဝန် ဖျက်ချရန် ကြိုးစားမိခဲ့သည့် အတွက်လည်း ကိုယ့်ကိုယ် ကိုယ် ရှက်သလို ခံစားရသည်။
‘သက်’ တို့ အမျိုးသမီး တော်တော်များများ မှာ ဒီလို ကိစ္စမျိုး ကြုံကြရလိမ့်မည်ဟု ‘သက်’ ယုံကြည်သည်။ ဘာကြောင့်လဲ ဆိုတော့ အိမ် ထောင်မပြုခင် မှာကတည်းက ဒီကိစ္စတွေ ကို မတွေးမိခဲ့ကြပါ။ အိမ်ထောင်ပြုပြီးတော့လည်း ပွင့်ပွင့်လင်းလင်း မဆွေးနွေး ခဲ့ကြပါဘူး။ အိမ် ထောင်သည် အမျိုးသား ခင်ပွန်းတွေ ကလည်း သူတို့ အတွေး နဲ့သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေ ကိုယ် ပိုင်ရှိနေကြ မှာဖြစ်သလို ‘သက်’ တို့အမျိုးသမီး ဇနီးသည်တွေကလည်း ကိုယ့်အတွေး၊ ကိုယ်ဆန္ဒ တွေ၊ ကိုယ့်အိပ်မက်တွေ ကိုယ်စီ ရှိနေကြပါသည်။ ဒီဆန္ဒတွေ၊ ဒီအတွေးတွေ၊ ဒီအိပ်မက်တွေ ကို ပွင့်ပွင့်လင်းလင်း မပြောပြဖြစ်ခဲ့ပါ။ ညှိညှိနှိုင်း နှိုင်း မတိုင်ပင်ခဲ့ပါ။
ဒါနဲ့ပတ်သက်လို့ ‘သက်’ သွားရောက် ပြသခဲ့သော အထွေထွေရောဂါကု ဆေးခန်းမှ ဆရာဝန်မလေး၏ စကားများကို ‘သက်’ ပြန်လည် ကြားယောင်မိပါသည်။ အဲ့ဒီတုန်း က ‘သက်’ ၏ ခေါင်းထဲ သေသေချာချာရောက် မလာသော စကားများ …
”ညီမလေးရေ… ညီမလေးမှာ ကိုယ်ဝန် ရှိနေပြီကွဲ့၊ ဝမ်းသာစရာပဲကွယ်၊ ဂုဏ်လည်း ယူပါတယ်”
”ဟင်…ဘယ်လို ဆရာမ။ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား၊ ဒုက္ခပါပဲ”
”ဟောတော့… ညီမလေးကလည်း၊ ကိုယ်ဝန်ရတာ ဝမ်းသာစရာမဟုတ်ဘူးလား ညီမလေးရဲ့။ ဧကန္တ ညီမလေးက ကိုယ်ဝန်မလို ချင်သေးတာလား”
”ဟုတ်တယ် ဆရာမရဲ့”
”အင်း…ဖြစ်တတ်ပါတယ်လေ၊ ညီမ တို့က အိမ်ထောင်သာပြုကြတယ်။ အိမ်ထောင် ပြုရင် တွေ့ကြုံရမယ့် ကိစ္စတွေ အတွက် ကြိုတင် မတွေးထားကြဘူးကိုး”
”ဟုတ်…ဟုတ်ပါတယ်…ဆရာမ ရယ်။ ‘သက်’ အတွက် ကိုယ်ဝန်မယူချင်သေး တာပဲ သိတယ်။ ဘာမှ သေသေချာချာ ပြင်ဆင် မထားခဲ့ပါဘူး”
”ဟုတ်ပါပြီ…ဆရာမ ရှင်းပြမယ်။ ညီမလေးက ဒီကိုယ်ဝန်ကို ရပြီးပြီဆိုမှတော့ လက်ခံမှ ဖြစ်လိမ့်မယ်… ဒါက ရတနာပဲ မဟုတ်လား”
”ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ …”
”ဒါပေမဲ့ ဆိုတာက ညီမအတွက် အဆင် သင့်မဖြစ်သေးဘူးဆိုပြီး လက်ခံရခက်နေတာ ပါ။ အဆင်သင့် မဖြစ်သေးဘူးဆိုတာကလည်း ညီမရဲ့စိတ်က ဖြစ်နေတာလေ။ တကယ်တော့ ညီမလေးက အိမ်ထောင်ရှင်တစ်ယောက်ဖြစ် တယ်။ အသက်လည်း ၃ဝ နားနီးနေပြီ။ ခင်ပွန်းသည်လည်းရှိတယ်။ ငွေရေးကြေးရေး လည်း အတိုင်း အတာ တစ်ခုအထိ ပြည့်စုံတယ် မဟုတ်လား။ ပြီးတော့ ကျန်းမာရေးလည်း ကောင်းတယ်”
”ဟုတ်ပါတယ် ဆရာမ”
”အေးလေ၊ ဒါဆိုရင် ကိုယ်ဝန်ဆောင်ဖို့ ကလေးမွေးဖို့ ညီမလေးမှာ အနေအထားတွေ ပြည့်စုံနေတာပဲ၊ ကြိုတင် မပြင်ဆင် ထားမိတာ တစ်ခုပဲရှိပါတယ်။ ဒါကို ညီမလေး အနေနဲ့ လက်ခံရခက်နေတာလေ”
”ဟင်း…”
သက်ပြင်းရှည်ကြီး ချမိသည်က ‘သက်’ ။ ဆရာမလေး ကတော့ အားတက်သရော ရှင်းပြ နေပါသည်။ ‘သက်’ မှာသာ နေမထိ ထိုင်မသာ၊ စိတ်ထဲမှာ ပေါ့ပါးမှုမရှိ ခံစားနေ ရသည်။
”ဒီ…ကိုယ်ဝန်ကို ညီမမယူရင် ရောဖြစ် လားဟင်…”
”ဘယ်လို ညီမလေး၊ ညီမလေး ပြော လိုက်တာက ကိုယ်ဝန်ကို ဖျက်ချမယ်လို့ ဆိုလို တာလားဟင်”
”ဟို…ဟို…ဟုတ်…”
”အမလေး ညီမလေးရယ်၊ ကြံကြီးစည်ရာ မလုပ်ပါနဲ့ကွယ်။ ဖျက်ချမယ်ဆိုရင် တွေ့ကြုံရ မယ့် ကိစ္စတွေက မတွေးဝံ့စရာဘဲ ညီမလေးရဲ့။ မလုပ်ပါနဲ့ကွယ် အန္တရာယ် များပါတယ်။ အဲ့ဒီလို ဖျက်ချဖို့ကြိုးစားရင်း အသက် ဆုံးရှုံးသွားရတဲ့ မိခင်တွေလည်း နည်းမှမနည်းတာ”
”ဟင်း…”
”ညီမလေး… စိတ်အေးအေးထားပြီး အိမ်ပြန်နော်။ ပြီးရင် ခင်ပွန်းသည်နဲ့ တိုင်ပင် ပါဦး။ တစ် ရက် နှစ်ရက်လောက် အေးအေး ဆေးဆေး စဉ်းစား ကြည့်နော်။ သွေးအေး သွားတဲ့ အချိန်ကျ ညီမလေးအတွက် ကောင်းတဲ့ အဖြေ ထွက်လာမှာပါ။ ဒီဗိုက်ထဲက ရင်သွေးလေးကို သနားပါကွယ်”
အဲ့ဒီတုန်းက စိတ်ရှည်လက်ရှည် ဖျောင်းဖျ နားချနေသော ဆရာဝန်မလေး ကို အခုမှ ကြိတ် ပြီး ကျေးဇူးတင်မိသည်။ ကံကောင်းစွာဖြင့်
‘သက်’ ရဲ့ ဆုံးဖြတ်ချက် မမှားခဲ့ပါ။
ဟုတ်ပါသည်။
‘သက်’ တို့ အိမ်ထောင်သည် တော်တော် များများက မင်္ဂလာဆောင်မယ်၊ အိမ်ထောင်ပြု ကြမယ်ဆိုလျှင် မင်္ဂလာဆောင် အခမ်းအနား အတွက်သာ အလေး ထားပြင်ဆင် သည်က များ ပါသည်။ မင်္ဂလာဆောင်ပြီး အိမ်ထောင်သည်ဘဝ အတွက် အရေးကြီးသည့် ကိစ္စတော်တော်များ များကို မစဉ်းစားမိ၊ မတိုင်ပင်မိ၊ မဆွေးနွေး မိကြပါ။
လက်ထပ်ပြီးလျှင် သားသမီးယူမည်၊ မယူ မည်။
သားသမီးယူမည်ဆိုလျှင် ဘယ်အချိန် လောက် ယူမည်။
သားသမီး ဘယ်နှယောက်ယူမည်။
သားသမီး တစ်ယောက်နှင့် တစ်ယောက် ဘယ်လောက်ခြားယူမည်။
သားသမီး ယူရန် အဆင်သင့်မဖြစ်သေး လျှင် ဘယ်နည်းလမ်းဖြင့် တားမည်။
ဘယ်လိုဆေးဝါးတွေ၊ နည်းလမ်းတွေ သုံး မည်စသည့်အချက်များကို ကြိုတင်မဆွေးနွေး ထားကြပါ။ လက်မထပ်ခင်ကြိုတင် မဆွေးနွေး မိလျှင်တောင်မှ မင်္ဂလာဆောင်ပြီး အကြင် လင်မယားဘဝ ရောက်သည်နှင့် ပွင့်ပွင့်လင်း လင်း ဆွေးနွေးကြရန်လိုပါသည်။
အခုတော့ ‘သက်’ သဘောပေါက် သွား သည်။ ‘သက်’ နှင့် ‘ကို’ တို့ လိုအပ် သွားသည့် အချက်က ဒီကိစ္စတွေကို ပွင့်လင်းစွာ မဆွေးနွေး မတိုင်ပင် ခဲ့ခြင်းဖြစ်ပါသည်။ ‘သက်’ မှာလည်း ‘သက်’ အတွေး၊ ‘သက်’ ဆန္ဒ၊ ‘သက်’ ၏အိပ်မက်များနှင့်…။
‘ကို’ ကလည်း ‘ကို့’ အတွေး၊ ‘ကို့’ ဆန္ဒ၊
‘ကို့’၏ အိပ်မက်များနှင့်…။
ကိုယ်စီ ရှိနေကြသော အတွေးများကို ဖလှယ်ဖို့ရန် မေ့နေကြသည်။ ညှိနှိုင်းဖို့ရန် မစဉ်းစားမိခဲ့။ အရေးမကြီးသော ကိစ္စများဟု ထင်ခဲ့ကြသည်။ လင်မယားဖြစ်လျှင် ချစ်မေတ္တာ ကသာ အရေးကြီးသည်ဟု ယူဆခဲ့ကြသည်။ တကယ်ဆိုတော့ ဒီလိုမဟုတ်ဘူးဆိုတာ ‘သက်’ ကောင်းကောင်းကြီး သဘောပေါက်သွားပြီ။
ဆရာမလေး ပြောပြလိုက်သော စကား များတွင် အခြား အရေးကြီးသော စကားများ ရှိပါသေးသည်။ ဒါပေမဲ့ ‘သက်’ ခေါင်းထဲမှာ ရှင်းရှင်း လင်းလင်း မှတ်မထားမိလိုက်ပါ။
”ညီမလေး အခု ကိုယ်ဝန်ကို မွေးပြီးသွား ပြီဆိုရင် နောက် ကိုယ်ဝန် မဆောင်ခင် ညီမလေး သိသင့်သိထိုက်တာတွေ ဆရာမ ရှင်းပြမယ်” ဟု အစချီပြီးပြောပြ ခဲ့သော စကားများက သူ့နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်။ အဲ့ဒါ ကြောင့် အခုပြန် စဉ်းစားတော့ ဘာမှ ခေါင်း ထဲမှာမရှိတော့။
”အင်း… မနက်ဖြန် ဆရာမလေးကို ကျေးဇူးတင် စကားပြောရင်း မမှတ်မိ လိုက်တဲ့ အချက်တွေကို ပြန်မေးဦးမှပါပဲ”
ဟုတ်ပါသည်။ ‘သက်’ နှစ်ခါ မမှားချင်ပါ၊ နောင်အတွက် လိုအပ်မယ့် ဗဟုသုတတွေကို နားလည်သဘောပေါက်အောင် လုပ်ထားရ လိမ့်မည်။
”ဆရာမ”
”ဟော ညီမလေး၊ ဧကန္တ အရင်တစ်ခါက ကိစ္စ အဆင်ပြေသွားပြီထင်ပါရဲ့”
”ဟုတ်ပါတယ် ဆရာမရယ်၊ ဆရာမကို ကျေးဇူးတင်ကြောင်း ပြောရင်း နဲ့ ဟိုတစ်ခေါက် တုန်းက ညီမ သေသေချာချာ မမှတ်မိလိုက်တဲ့ အချက်လေးတွေ ကို ပြန် ပြီး မေးချင်လို့ပါ”
”သြော်… ဒါလား၊ ရပါတယ်ကွယ်။ ကဲ… ပြော၊ ဘာတွေကို သိချင်တာလဲ”
”ဟိုလေ ဒီတစ်ခေါက် မွေးပြီးသွားလို့ နောက်တစ်ကြိမ် ကိုယ်ဝန် မလိုချင်သေးဘူး ဆိုရင် အဲ့ဒါ”
”ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကိုယ်ဝန် မရအောင် ဘယ်လိုတားပြီး ဘယ်လို သားဆက်ခြားရမယ် ဆိုတာ သိချင်တာ မဟုတ်လား”
”ဟုတ်တယ် ဆရာမ ဟုတ်တယ်”
”အေးပေါ့ ဒီ ဗဟုသုတတွေက ညီမလေး တို့ အိမ်ထောင်ကျပြီ ဆိုကတည်းက သိထားရမှာ။ အဲ… သိထားတယ် ဆိုရာမှာလည်း တိတိ ကျကျ မှန်မှန်ကန်ကန် သိမှ ရမှာလေ။ တော် တော်များများက သိသလို မသိသလိုနဲ့။ ပြီးတော့ သိပြန်တော့လည်း မစုံမလင်၊ တစ်ခါတစ်လေ မမှန်တာတွေ ကလည်းပါသေး။ အထူးသဖြင့် တော့ သူငယ်ချင်း အချင်းချင်း ဖောက်သည် ချကြတဲ့ အခါမှာ ဖြစ်တတ်ကြတယ်”
”ဟုတ်ပါတယ် ဆရာမရယ်၊ ဟိုအရင် တစ်ခါက ညီမလည်း သူငယ်ချင်း က ဒါသောက် ဆိုလို့ လိုက်သောက်တာပဲ။ ဘာမှ တိတိကျကျ ပြည့်ပြည့်စုံစုံ သိလို့ မဟုတ်ပါဘူး”
”ဟုတ်တာပေါ့။ ဒီလို မပြည့်မစုံ သိတာက ပိုပြီး ကြောက်စရာကောင်းတာ ညီမရဲ့။ ပြောရ မယ် ဆိုရင်တော့ ကိုယ်ဝန်တားတယ် ဆိုတဲ့ ကိစ္စ ရပ်မှာ အိမ်ထောင်သည် အမျိုးသမီး ရဲ့အသက်၊ ပြီးရင် ဘယ်နှစ်နှစ်လောက် ကိုယ်ဝန်တားချင် တယ် ဆိုတာတွေ အပေါ် အခြေခံပြီး သုံးရမယ့် နည်းလမ်းချင်း မတူဘူး”
”ဟုတ်လား ဆရာမ”
”ဒါပေါ့ ညီမရဲ့၊ ဥပမာရ တစ်နေ့တစ်လုံး သောက် ဟော်မုန်းပါတဲ့ဆေး ဆိုရင် အချိန်တိုတို ကိုယ်ဝန် တားချင်သူတွေ အတွက် သင့်တော် တယ်လေ။ ၆ လ တန်သည် ၁ နှစ် တန်သည် ပေါ့။ ဒီထက်ပိုပြီး တားချင်ရင်တော့ ၃ လ ခံ (တိတိကျကျ ပြောရင် ၁၂ ပတ်ခံ) တဲ့ ထိုးဆေးက ပိုပြီး သင့်တော်ပြန်ရော။ အင်း… ၅ နှစ်နဲ့ အထက်ရေရှည် ဆိုရင်တော့ ဒီလို ဟော်မုန်းပါတဲ့ ဆေးတွေအစားရ သားအိမ်ထဲကို ထည့်တဲ့ပစ္စည်း က ပိုပြီး သင့်တော် ပြန်တယ်။ ရေရှည်လည်းခံ စရိတ်စ ကကလည်း မကြီးတော့ ဝင်ငွေ နည်းတဲ့ မိသားစုတွေအတွက် ဒီနည်းက ပိုပြီးတော့တောင် ကောင်းသေး”
”စိတ်ဝင်စားစရာပါဘဲ ဆရာမရယ်”
”နောက်ပြီး ညီမတို့လို အိမ်ထောင်သည် အမျိုးသမီးတွေ သိထားသင့်တာတွေ ရှိသေး တယ်”
”ပြောပြပါဦး ဆရာမရယ်”
”ဟော်မုန်းပါတဲ့ဆေးတွေ ကို မသောက် သင့်တဲ့ အမျိုးသမီးတွေ ရှိတယ်။ ဆေးလိပ် သောက်တတ်တဲ့ အမျိုးသမီး၊ သွေးတိုးရောဂါ ရှိဘူးတဲ့ အမျိုးသမီး၊ အသည်း မှာ ရောဂါ တစ်ခုခု ခံစားရဘူးတဲ့ အမျိုးသမီး၊ ဒီလိုသူတွေ ဆိုရင် ဟော်မုန်းပါတဲ့ ဆေးတွေ နဲ့ မသင့်တော်ဘူး ပေါ့”
”ပြီးတော့ ညီမ ကြားဖူး ထားတာရှိသေး တယ်။ ဟော်မုန်း ပါတဲ့ဆေးတွေက ဘေးထွက် ဆိုးကျိုးတွေရှိတယ်ဆို”
”ဟုတ်တာပေါ့ရ ညီမရဲ့”
”ဟော်မုန်းပါတဲ့ ဆေးဝါးတွေ သုံးရင် မူးတာ၊ မော်တာ ပျို့အန်တာတွေဖြစ်နိုင်တယ် ဆိုတာ သိထားရမယ်။ တစ်ယောက် နဲ့တစ်ယောက် မတူတော့ ခံစားရတဲ့ အတိုင်း အတာလည်း ကွာနိုင်တယ်လေ။ နောက်တစ်ခုကတော့ ဟော်မုန်းပါတဲ့ ဆေးဝါးတွေ သုံးတဲ့အခါ တချို့က အရမ်းဝလာတယ်။ တစ်ချို့ကျတော့ အရမ်း ပိန်သွားတယ်။ ဒါတွေ ကလည်း ခန္ဓာကိုယ်က တုန့်ပြန်တာချင်း မတူလို့ ဖြစ်တာဆိုတော့ တည့် တယ် မတည့်ဘူး ကြိုတင်ပြီးတော့ ဆုံးဖြတ်လို့ မရနိုင်ဘူး။ လက်တွေ့ သုံးပြီးမှ ဒီလို အဆင် မပြေ ဘူးဆိုရင် တစ်ခြားနည်း လမ်းပြောင်းသုံးကြ ရတာပေါ့”
”အင်း… ဒီလိုမျိုး ဟော်မုန်းဆေးတွေနဲ့ အဆင်မပြေတဲ့သူ ဆိုရင် ဘယ်လိုလုပ်ကြမလဲ”
”ဒါမျိုး ဆိုရင်တော့ ဟော်မုန်းမပါတဲ့ နည်းလမ်းမျိုး သုံးရမှာပေါ့။ စောစောကပြောတဲ့ သားအိမ်တွင်း ထည့် ပစ္စည်းဆိုရင် ဒီလို မကြုံရ တော့ဘူးပေါ့။ တစ်ခုပဲ ရှိ တယ်။ ရေရှည်သား ဆက်ခြားချင်တာ မဟုတ်ရင် ဒီနည်းက အဆင် မပြေပြန်ဘူး။ ဟော်မုန်း နဲ့လည်း မတည့်ဘူး၊ ရေရှည်လည်း မတားချင်ဘူး ဆိုရင်တော့ ကွန်ဒုံးဆိုတာ သုံးလို့ရတယ်”
”ဘာရယ်ရ ဆရာမ။ ကွန်ဒုံး ဟုတ်လား။ ညီမက ကွန်ဒုံးကို အိတ်ခ်ျအိုင်ဗီ ကာကွယ်ဖို့ပဲ သိထားတာ”
”ကွန်ဒုံးက အိတ်ခ်ျအိုင်ဗီလို ကာလသား ရောဂါတွေကို ကာကွယ်နိုင်သလို သားဆက်ခြား ရင်လည်း သုံးနိုင်တယ် ညီမရဲ့။ ကွန်ဒုံးရဲ့စိတ်ချ ရမှုကတော့ ဟော် မုန်းဆေးတွေလောက် မများ ဘူးပေါ့။ ပြီးတော့ ကွန်ဒုံးဆိုတာကိုသုံးရင် တခြား ဂရုစိုက်ရမယ့် အချက်တွေ ရှိတယ်။ သက်တမ်းလွန် ကွန်ဒုံးတွေ မသုံးမိဖို့လိုသလို စနစ်ကျ ဖို့ကိုလည်း ဂရုစိုက်ရမယ်။ ကွန်ဒုံးမှာ တော့ အမျိုးသားက ပဲဖြစ်ဖြစ် အမျိုးသမီးကပဲ ဖြစ်ဖြစ် သုံးရင်ရတယ် ညီမရဲ့။ အကယ်လို့ ကွန်ဒုံးကို သုံးမယ် ဆိုရင်တော့ ညီမကို သုံးပုံ သုံးနည်း သင်ပေးရမှာပေါ့”
”ဟုတ်လား ဆရာမ၊ နောက်ပြီး တချို့ ပြောကြတယ်လေ။ ရက်ရှောင်ရင် ရတယ်ဆို လား”
”အင်း… ဒါကတော့ ဆေးဝါးအကူအညီ ပစ္စည်းအကူအညီမပါဘဲ သဘာဝကျကျ ပဋိသန္ဓေ မရအောင် ရှောင်တဲ့နည်းပဲ။ အမျိုး သမီးရဲ့ဓမ္မတာ ရာသီစက်ဝန်းကို အခြေခံပြီး တွက်ရင် ရတယ်။ အမျိုးသမီး အများစုက ၂၈ ရက်မှာ တစ်ကြိမ် ဓမ္မတာရာသီပေါ်ကြတာလေ။ ရာသီပေါ်တယ်ဆိုတာ သားဥကြွေတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး မှ ဖြစ်လာရတာ ဆိုတော့ ဒီသဘော တရားကို အခြေခံပြီး ပဋိ သန္ဓေအောင်နိုင်တဲ့ ရက်နဲ့ ပဋိသန္ဓေ မအောင်နိုင်တဲ့ရက်ကို ခွဲခြားနိုင် တယ်။ ရာသီမပေါ်ခင် ၇ ရက်အလို နဲ့ ရာသီစ ပေါ်ပြီး ၇ ရက်အတွင်းမှာ ပဋိသန္ဓေ မရနိုင်ဘူး။ တစ်နည်းအားဖြင့် ပြောရင်တော့ ကိုယ်ဝန်မရနိုင် ဘူးပေါ့”
”ဟုတ်လား ဆရာမ။ ဒီနည်းက တော် တော်လွယ်တာပဲ။ ဟော်မုန်းဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးလည်း စိတ်မပူရတော့ဘူး နော်”
”ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ဓမ္မတာ ရာသီစက်ဝန်း မှန်မှန်ပေါ်တဲ့ သူတွေ အတွက်သာ အဆင်ပြေတာ။ ရက်မမှန်သူတွေ အတွက်ကျတော့ အဆင်မပြေနိုင်ဘူး ညီမရဲ့။ ရက်တွက်တာ လွဲသွားနိုင်ခြေ ရှိတယ်။ သဘာဝ နည်းတွေက ဟော်မုန်းဆေးတွေ လောက်တော့ ထိရောက်မှုမရှိဘူးပေါ့”
”အခုမှပဲ ဒီလိုကိစ္စတွေကို တိတိကျကျ သိရတော့တယ်။ ဒီအကြောင်းတွေကို စောစော စီးစီးသာ သိခွင့်ရရင် ကောင်းမှာပဲ”
‘သက်’ ၏ အတွေးက အသိနောက်ကျရ လေခြင်းဆိုတဲ့ ခံစားချက်ကို အခြေခံသည်။ ဒီဗဟုသုတတွေကို အိမ်ထောင် မကျခင်၊ ဒါမှ မဟုတ် အိမ်ထောင်ကျပြီးခါ စမှာ သိရလျှင်
‘သက်’ ရော ‘ကို့’ အတွက်ပါ အကောင်းဆုံး သော နည်းလမ်းတွေနှင့် အိမ်ထောင်သည်ဘဝ ကို ဖြတ်သန်းနိုင်မှာပဲလို့ တွေးတောဆင်ခြင် မိခြင်းသာ ဖြစ်ပါသည်။ စိုးရိမ်ကြောင့် ကျမှုတွေ၊ စိတ်ပူပန်မှုတွေကို ‘သက်’ ခံစားစရာမလို၊ အခု တော့ အိမ်ထောင်စကျပြီ ဆိုကတည်းက ဘယ် အချိန်မှာ ကိုယ်ဝန် ရသွားမလဲဆိုတဲ့ ခြောက် လှန့် မှုကြီးနဲ့ နေခဲ့ရသည်။
အခုတော့ ‘သက်’ နားလည်သဘောပေါက် ခဲ့ရသည်။ ‘သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်’ ကြရာတွင် လိုအပ်သော ဗဟုသုတ အသိပညာ တွေ လိုအပ်သည်။ ဒါမှသာ ချမ်းမြေ့ သာယာ သော အိမ်ထောင်သည်ဘဝကို ခင်ပွန်းရော ဇနီးသည်ပါ ခံစားကြရမည်။
ဆရာမလေး ၏ ဆေးခန်းမှပြန်လာသော ‘သက်’ ၏ အတွေးတွင် ရှုပ်ထွေးမှုများ ကင်းစင်သွားသည်။ စိတ်ထဲ မှာလည်း သက် သောင့်သက်သာ ခံစားရ သည်။ ရှေ့ဆက် လျှောက်ရမည့် အိမ်ထောင်သည်ဘဝကိုလည်း သာယာမှုအပြည့်နှင့် လျှောက်လှမ်းနိုင်မည် ဆိုတာ ‘သက်’ ယုံကြည်မိသည်။ ဆရာမလေး ၏ နောက်ဆုံး စကားကလည်း ‘သက်’အတွက် အမှတ်ရစရာ ဖြစ်ပါသည်။
”နောက်တစ်ကြိမ် ကိုယ်ဝန်မဆောင်ချင် သေးရင် မွေးပြီး ၄၅ ရက် အတွင်းမှာ ဆေးခန်းကို ပြန်လာခဲ့ပါ။ ဘယ်လို နည်းလမ်းတွေနဲ့ သင့်တော်မလဲဆိုတာ ရွေးချယ်ပြီး အဲ့ဒီအချိန် မှာ စပြီးသုံးထား ရလိမ့်မယ်။ အနည်းဆုံးတော့ ၂ နှစ်လောက်ခြား ပြီးမှ နောက်တစ်ကြိမ် ကိုယ်ဝန် ယူသင့်တယ်။ အဲ့ဒီတော့ ကလေး တစ်ယောက်နဲ့ တစ်ယောက် ၃ နှစ်လောက် ခြားသွားတာပေါ့။ အဲ့သလိုဆိုရင် မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်းစေတယ်လေ။ ဒါလည်း ခင်ပွန်းနဲ့ တိုင်ပင်ပေါ့ ညီမရဲ့”
ဟုတ်ပါသည်။ ‘သက်’ အတွက် ဒီလိုကိစ္စ တွေကို ‘ကို’ နှင့်တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်ရန်အဆင်သင့် ဖြစ်သွားပါပြီ။
ဒါတင်မကသေးပါ။ ‘သက်’ လိုပဲ အခြား သော အမျိုးသမီးတွေကိုလည်း သိစေချင်ပါ သည်။ အိမ်ထောင်သည် ဘဝရောက်ရင် သိသင့် သိထိုက်တဲ့ ဗဟုသုတတွေ သိဖို့ လိုသည် ဆိုတာကို ‘သက်’ ပြောပြစည်းရုံးပါမည်။ ဒီဗဟုသုတတွေ ကိုလည်း မျှဝေပေးပါဦးမည်။ တတ်ကျွမ်းနား လည်တဲ့သူတွေနဲ့တိုင်ပင်ဖို့ အရေးကြီးတယ် ဆိုတာကို အဓိကပြောပြပါမည်။
မိသားစုဘဝ တစ်ခုကို တည်ဆောက်ကြ သော ခင်ပွန်းနှင့်ဇနီးသည် လင်မယားနှစ် ယောက်သည် အိမ်ထောင်သည် ဘဝကို ဖြတ် သန်းရာတွင် မေတ္တာတွေ ချစ်တာတွေ ကို အခြေခံပြီး အပြန်အလှန် နားလည်မှု၊ ပွင့်ပွင့် လင်းလင်း ဆွေးနွေးမှု၊ ဖေးမကူညီမှုတွေ လိုပါ သည်။ နှစ်ယောက်စလုံး အတွက် တစ်ထပ်တည်း ကျသော ဆန္ဒတွေ၊ တစ်ခု တည်းသော အိပ်မက် တွေ ဖြစ်ဖို့လိုပါသည်။
တစ်ထပ်တည်းကျတဲ့ ဆန္ဒတွေနဲ့ တစ်ခု တည်းသော အိပ်မက်တွေက သာယာတဲ့ မိသားစု ဘဝအစ အတွက် အခြေခံအုတ်မြစ်များ ဖြစ်ပါ သည်။
ဒေါက်တာနေဝင်း