‘အခါတော် xxxxxx ပေးတာက xxxxxx နတ်ရေးငယ်ရွှေစာ xxxxxx’ ဆိုသော သီချင်း သံလေး တဖြည်းဖြည်း ဝေးသွားပါပြီ။ မင်္ဂလာခန်းမ တံခါးကြီး ပိတ်ပြီး သည့်နောက် ခင်ပွန်းနှင့် ဇနီးသည် နှစ်ယောက် အိမ်ထောင် သည် ဘဝကို ဖြတ်သန်း ကြသည့်အခါ…
ပျော်စရာတွေနှင့်အတူ စိတ်ညစ်စရာတွေ လည်း ကြုံရပါသည်။
အောင်မြင်မှုများနှင့် အတူ အခက်အခဲ များလည်း တွေ့ကြရပါသည်။
နွေးထွေး ချိုမြိန်တဲ့ အချိန်တွေကို ဖြတ်သန်း ရသလို အေးစက်ခြောက်သွေ့တဲ့ အချိန်တွေ လည်း ရှိတတ်ပါသည်။
လိုချင်တာကို ရယူပိုင်ဆိုင်ရသလို မလိုချင် တာတွေလည်း လက်ဝယ်ရောက်လာ တတ်ပါသည်။
ဒီတစ်ပတ်လုံး ‘သက်’ တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်နေရသည်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတာ ကလည်း အကြိမ်ပေါင်းရာ ထောင်ချီ မကတော့ပါ။ ‘ဘာများ လိုအပ်သွား တာရှိသလဲ’ ဆိုသည့် မေးခွန်းကို သူ့ကိုယ်သူ ပြန်မေးနေမိသည်။ ဘာလုပ်ခဲ့တယ် ဆိုတာ သူ့ကိုယ် သူတော့ သေချာပါသည်။ သူငယ်ချင်း တစ်ယောက် ပြောပြတဲ့ အတိုင်း သူလုပ်ခဲ့တာ ဖြစ်ပါသည်။ တစ်ခုပဲရှိပါသည်။ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ထားတာ မဟုတ်ပါ။ သူငယ် ချင်းကိုပဲ လုံးဝ ယုံကြည် ထားခဲ့ ပါသည်။ တကယ် ဆိုတော့ ဒီသူငယ်ချင်းက အတွေ့အကြုံ ရှိပြီးသူ တစ်ယောက် ဖြစ်ပါသည်။ သားသမီး ၂ ယောက် ရှိပြီး ဖြစ်သလို လက်ရှိတွင်လည်း သား သမီးနောက်ထပ် မလိုချင်သေးသည့် အတွက် သူလည်း ဒီဆေးကို သောက်နေသည်ဟု ဆိုပါသည်။ ဒါကြောင့်လည်း ‘သက်’ ယုံကြည်စွာ သောက်ခဲ့ပါသည်။ အခု ဘာလွဲသည် မသိပါ။ စဉ်းစားရခက်လှပါသည်။
နောက်ဆုံးတော့ အရဲစွန့်ပြီး လမ်းထိပ်က အထွေထွေရောဂါကု ဆေးခန်းမှ ဆရာဝန်ကို သွားပြီး တိုင်ပင်ပါသည်။ ဆေးခန်းမှ ဆရာဝန် မလေး အကြံပေးသည့် အတိုင်း ဆီးစစ်ကြည့် သောအခါ သက်၏ ခေါင်းများချာချာလည်သွား စေမည့် အဖြေထွက်လာပါသည်။ ‘သက်မှာ ကိုယ်ဝန် ရှိနေပြီ’ ဆိုသော အဖြေဖြစ်ပါသည်။
‘သက်’ မရချင်ဆုံးသော အဖြေပင်ဖြစ်ပါသည်။ ဒေါသထွက်ရမလို… ဝမ်းနည်းရမလို…အော်ပြီးငို ရမလို…
ထိုအဖြေနှင့် ပတ်သက်ပြီး ဆရာဝန်မလေး က သိသင့်သိထိုက်သော အကြောင်းများကို စီကာ ပတ်ကုံး ပြောပြနေပါသည်။ သို့သော် ဆရာဝန် မလေး ပြောပြဆွေးနွေးနေသော စကားများက’သက်’ ၏ ခေါင်းထဲမှ အတွေးနှင့် ခံစားချက်များကို ကျော်ဖြတ် မသွားနိုင်ပါ။ ဖုံးလွှမ်းမသွားနိုင်ပါ။ လေးကန်သောခြေလှမ်း များ၊ အဓိပ္ပာယ်မဲ့သော မျက်လုံးများနှင့်အတူ တိမ်ဖုံးနေသောမျက်နှာနှင့် အိမ်ကို ပြန်ရောက်ခဲ့ သည်။
‘ဒီကိုယ်ဝန်ကို ဘယ်လိုဖြေရှင်းရရင် ကောင်းမလဲ…ကို လည်း သိလို့မဖြစ်ဘူး’ဆိုသည့် အတွေးကသာ သက်ရဲ့ ခေါင်းထဲမှာ ကြီးစိုးနေသည်။
သူယုံကြည်ရသော သူငယ်ချင်းနှင့် တိုင်ပင်ပြန်တော့ သူက’မလိုချင်ရင် ဖျက်ချကြ တာပေါ့’ဟု လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးပင် ပြောပါသည်။ သူလည်း သူ့ယောက်ျား မသိ အောင် လုပ်ဖူးသည်ဟု အားပေးပြန်ပါသည်။ နောက်တစ်ပတ် သူအားလပ်သည့် အချိန်တွင် လိုက်ပို့ပေးမည်ဟု အာမခံကာ ‘ပို့မယ့်ပို့ကူးတို့ ရောက်အောင် ပို့မည့်သူ’ ဖြစ်လာပါသည်။
‘သက်’ အတွက် အားကိုးရာ ကယ်တင်ရှင်ကြီး အဖြစ် ကျေးဇူးတင်မိပါသည်။
မိမိ၏ ခံစားချက်ကိုခင်ပွန်းသည် မသိ အောင် ဖုံးကွယ်နေရသော ဇနီးတစ်ယောက် ၏ အနေအထားက လွယ်ကူလှသည် မဟုတ်ပါ။ ဟန်မပျက် ပြောဆိုဆက်ဆံရင်း အိမ်၏ ဗာဟီရအလုပ်များကို ဣနြေ္ဒမပျက် ကြိုးစား လုပ်ကိုင် ရသော်လည်း တစ်ခါတစ်ရံမှာ ဖုံးကွယ်မရနိုင်အောင် ဖြစ်သွားသည်မို့…
”သက်… နေမကောင်းဘူးလား”လို့ ကို က မေးလာပါသည်။
”မ… မဟုတ်ပါဘူး” ဆိုသောအဖြေက စိတ်ထဲမှ ဝေဒနာကို မဖုံးလွှမ်းနိုင်ပါ။ အထစ်ထစ် အငေါ့ငေါ့ ဖြစ်ပြီး စကားလုံးတွေက မချောမွေ့။ သို့သော် ကံကောင်းထောက်မစွာဖြင့် ‘ကို’က ဆက်မမေးခဲ့ပါ။ သူလည်း သူ့တာဝန်တွေ က ဖိစီးနေသည် မဟုတ်ပါလား…မိမိ ဘာသာ မိမိ သက်ပြင်းခိုးချရင်း ”တော်ပါသေးရဲ့” လို့ တွေးမိသည်။
မနက်ဖြန် သူငယ်ချင်းဖြစ်သူက လိုက်ပို့မှာ မို့ မကြာခင် ဒီစိတ်ဒုက္ခတွေကနေ လွတ်မြောက် မည်ဆိုသောမျှော်လင့်ချက်က ‘သက်’ အတွက် အားဆေးတစ်ခွက်ပမာ။ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားရင်း ခဏတစ်ဖြုတ် အနားယူမည်ဟူ သော အတွေးနှင့် ဂျာနယ်တစ်စောင်ကို ဖတ်မိ သောအခါမှ ‘သက်’ အတွက် မျက်လုံး မျက်ဆန်ပြူး သော သတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။
နယ်မြို့လေးတစ်မြို့မှ အမျိုးသမီးတစ် ယောက် ကိုယ်ဝန်ဖျက်ချပြီး သေဆုံးသွားသော သတင်း…
”ဘုရား… ဘုရား…” ဟု နှုတ်မှ ရေရွတ်မိ သည်အထိ သက်ထိတ်လန့်သွားခဲ့ရ သည်။
ဟုတ်ပါသည်။ ‘သက်’ မတွေးခဲ့မိသော အန္တရာယ်ပင် ဖြစ်ပါသည်။ ဆရာဝန်မလေး ပြောပြစဉ်က ‘သက်’ ၏ ခေါင်းထဲကို ဒီအချက် တွေက ရောက်မသွားခဲ့ပါ။ ဆရာဝန် မလေး ပြောပြခဲ့သည်ကို အခုမှ တဖြည်းဖြည်း ပြန်လည် ကြားယောင်မိသည်။
မေမေ… မေမေသက်…သားလေ မေမေရဲ့… မေမေ့သားပါ… အခုဆိုရင် သားသားက မေမေ့ ဗိုက်ထဲမှာ ရက်ပေါင်း ၄၅ ရက် ရှိနေပြီလေ မေမေရဲ့… နောက်ထပ် ၇ လခွဲလောက် မေမေ့ ဗိုက်ထဲမှာ ဆက်နေရဦး မှာ…ပြီးရင်တော့ မေမေနဲ့ တွေ့ခွင့်ရပြီပေါ့ နော်… သားသားက ရုပ်ချော မချော မေမေ သိချင်တယ် မဟုတ်လား… အသားဖြူ မဖြူ လည်း မေမေသိချင်မှာပဲ… အဲ့ဒီအချိန်ကျ ရင် သိခွင့်ရပါပြီမေမေရဲ့… ဒါပေမဲ့ မေမေ ရယ်… သားသားက ရုပ်ချောချော မချော ချော မေမေ့သားပါ… အသားဖြူဖြူ မဖြူဖြူ မေမေ့သားပါ… သမီးပဲဖြစ်ဖြစ် သားပဲ ဖြစ်ဖြစ် မေမေ့ရင်သွေးပါပဲ… မေမေနဲ့ ဖေဖေတို့ရဲ့ ရင်သွေးပါရ မေမေနဲ့ ဖေဖေကို လည်း သားတွေ့ချင်လှပါပြီ… သားကို လူ့ လောက ထဲရောက်အောင် ပို့ပေးပါနော်…သား အသက်ဆက်ရှင်ပါရစေ… ကမ္ဘာ လောကကြီးကို မေမေတို့ ဖေဖေတို့နဲ့ အတူတူ တဝကြီး ကြည့်ချင် ပါတယ်… သားကြီးလာ ရင်လည်း မေမေတို့ ဖေဖေတို့ အားကိုးရမယ့်သူ ဖြစ် အောင် ကြိုးစားမှာပါ။ အဲ့ဒါကြောင့် သား ကို… သားကို…မစွန့်လွှတ်ပါနဲ့ မေမေ ရယ်… နော်… နော်…”
”ဟင့်အင်း … ဟင့်အင်း… မဖြစ် ဘူး… မဖြစ်ဘူး… လာလို့ မဖြစ်ဘူး …”
”သက်… သက်…ဟေ့ သက်ရေ အိပ်မက်တွေ မက်နေတာလား…ဘာတွေ ယောင်ပြီးအော်နေတာလဲ…သက်ရဲ့… ”
အိပ်ရာမှ လန့်နိုးလာသော သက် ကို …ကိုက တအံ့တသြကြည့်ပြီး ရေတစ်ခွက် ယူလာပေးပါသည်။
”ဟင်း…”သက်ပြင်းရှည်ကြီးကိုချရင်း ‘ကို’ ကမ်းပေးလာသည့် ရေခွက်ကိုလှမ်းယူပြီး တစ်ငုံ ချင်း သောက်ချလိုက်ကာမှ ‘သက်’ ရင်အေးသလို ခံစားရသည်။
”ဘုရား… ဘုရား…” ဟု နှုတ်က ရေရွတ်မိ သည်အထိ ‘သက်’ တုန်လှုပ်သွားမိ သည်။ သူ၏ ဗိုက်ပေါ်တွင် လက်ကလေးတင် ရင်းပြန် အိပ်ပျော်ဖို့အတွက် ‘သက်’ တော်တော် ကြိုးစား လိုက်ရသည်။ အိပ်မက် တစ္ဆေဆိုတာ ဒါမျိုးလား။
အပြန် အပြန်အလှန်လှန် စဉ်းစားပြီး အဆုံးသတ်မှာတော့ နောက်ဆုတ်လိုက်မည်ဟု ‘သက်’ ဆုံးဖြတ်လိုက်ပါသည်။
‘သက်’ ၏ ဆုံးဖြတ်ချက် မှန်ပါသည်။
အမျိုးသမီးများ အတွက် မလိုချင်သေး သောအချိန်၊ မမျှော်လင့်သောအချိန်တွင် ကိုယ်ဝန်ရလာခြင်းမှာ လက်ခံရန် ခက်ခဲသော အခြေအနေပင် ဖြစ်ပါသည်။ ထိုသို့သော အခြေ အနေမျိုးတွင် လွတ်ရာလွတ်ကြောင်း ရှာဖွေကြရင်း နည်းအမျိုးမျိုးသုံး၍ ထိုပြဿနာ အခက်အခဲမှ ကျော်လွှားဖို့ ကြိုးစားကြပါ သည်။ ရေနစ်သူ အတွက် မြက်တစ်ပင် ကလည်း အားကိုးရာ ဖြစ်ပါသည်။ အချို့လည်း လွယ် လွယ်ကူကူပင် ဖျက်ချခဲ့ကြသည်။ သို့သော် လည်း ဖျက်ချခြင်း၏ အကျိုးဆက်များက မိခင် ရော သန္ဓေသား နှစ်ဦး စလုံးအတွက် အန္တရာယ် ကသာ များပါသည်။ ကောင်းကျိုး မရှိသလောက် ရှားပါသည်။
- ဖျက်ချရင်းဖြင့် သွေးလွန်ကာ မိခင်သေဆုံး ရသည့် အဖြစ်…
- ဖျက်ချပြီး ရောဂါပိုးဝင်ကာ သွေးဆိပ် တက်၍ မိခင်သေဆုံးရသည့် အဖြစ်…
- ဖျက်ချတာ အောင်မြင်သွားသော်လည်း သားအိမ်ထိခိုက်၍ တစ်သက်လုံး ကိုယ်ဝန် မရနိုင်တော့သည့် အဖြစ်…
- ဖျက်ချတာ မအောင်မြင်ဘဲ သန္ဓေသား ထိခိုက်၍ မွေးလာသော ကလေးတွင် ကိုယ်လက် အင်္ဂါ ချို့တဲ့ရသောအဖြစ်…
စသည့် အဖြစ်အပျက်များစွာက ကိုယ်ဝန် ဖျက်ချခြင်း၏ ဆိုးကျိုးများကို မီးမောင်းထိုး ပြနေခြင်း ဖြစ်ပါသည်။
‘ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ’ ဆိုသော ဆိုရိုးစကားက အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင် သားဖွားခြင်း၏ အသက်တမျှ အရေးကြီးပုံကို ရည်စူး ထားခြင်းဖြစ်ကြောင်း လူတိုင်း သိပါသည်။ ကိုယ်ဝန်ဖျက်ချခြင်း သည်လည်း သားဖွားခြင်း ကဲ့သို့ပင် အသက်နှင့် ယှဉ်ရသော ကိစ္စဖြစ်ပါသည်။ ပို၍အန္တရာယ်ကြီး သည်က ခိုးကြောင် ခိုးဝှက် လုပ်ကြ ရသောကြောင့် ဖြစ်ပါသည်။ ကျွမ်းကျင်သူ ဟုတ်မဟုတ် ဝေဖန် ပိုင်းခြားနေချိန် မရပါ။ ‘ဘာပဲလုပ်ရ လုပ်ရ’ ဆိုသည့် အနေအထားမှာ စဉ်းစားနေချိန် မရပါ။ မိမိ၏ အခက်အခဲကို ကယ်တင်နိုင်သည့် ကယ်တင်ရှင်အဖြစ်ပင် ကျေးဇူးတင်ပြီး ကိုယ်ဝန် ဖျက်ချပေးသူကို ပုံအပ်လိုက်ကြပြီး သောအခါ မလိုလား အပ်သော ကိစ္စများနှင့်သာ အဆုံးသတ် သွားကြရသည် ဖြစ်ပါသည်။ အမှန်တစ် ကယ်တော့ မင်္ဂလာမဆောင်ကြခင် ကတည်းက ကြိုတင်ဆွေးနွေးကြပြီး ကြိုကြိုတင်တင် စဉ်းစား ကာ လုပ်သင့်သည်များ ကို ပြင်ဆင်ခဲ့ကြရမည် ဖြစ်ပါသည်။
‘သက်’ကို အပြောင်းအလဲ များသည်ဟု ဆိုချင် ဆိုပါစေတော့ အကြံပေးခဲ့သော ကူညီမယ် ဆိုသော သူငယ်ချင်းကို တောင်းပန်ရင်း ငြင်းလိုက်မည်ဟု ‘သက်’ ကိုယ့် ကိုယ်ကိုယ် အား ပေးပါသည်။ ဘာသာတရားကလည်း ခွင့်ပြု မည် မဟုတ်သည့် ကိုယ်ဝန် ဖျက်ချမည့် အကြံ အစည်ကို ‘သက်’ ရဲရဲဝံ့ဝံ့ကြီး လက်လျော့ လိုက်ပါသည်။ ‘ကို’ ကတော့ ဘာမှမသိရှာပါ။ ဗိုက်ထဲက သားသားလေးလား မီးမီးလေးလား မသိသေးသည့် ရင်သွေးလေးလည်း ကံကောင်း သွားပါသည်။
” ကို ရေ… ဒီနေ့ စကားတစ်ခွန်းပြော မလို့…”
”အောင်မယ်… သက် ကလည်း… စကားပြောတာများ အထူးအဆန်းလုပ်လို့… ကဲ… ပြော ဘာများလဲ… ခဏနေ ကို က အလုပ်သွားတော့မှာလေ…”
”ဟို… ကို့ အတွက် ကို ကြားချင်တဲ့ စကားဖြစ်မှာပါ… သက် မှာ သားသားလေး လား မီးမီးလေးလား မသိဘူး… အဲ့ဒါ ရှိနေပြီလို့…”
”ဘာ… ဘာ… ဘယ်လို ပြောလိုက် တယ်…”အံ့သြလွန်းသော ‘ကို့’ မျက်နှာက
‘သက်’ အတွက် ရယ်ချင်စရာလို ဖြစ်သွားသည်။ ဒါပေမဲ့ ရယ်ချင်စိတ်ကို ဘရိတ်အုပ်ပြီး ဆက်၍ သရုပ်ဆောင်နေပြန်သည်။
”အော်… ကို ကလည်း … နားဝေးနေ ပြန်ပါပြီ… သက်မှာ ကိုယ်ဝန်ရှိနေပြီ ထင်တယ်လို့ ”
”ဟာကွာ… တကယ့် မင်္ဂလာ သတင်း ပဲ… ဒါဆို ညနေကို စောစောပြန်ခဲ့မယ် … ဆေးခန်းသွားပြ ကြရအောင်…”
”အင်းပါ… ကို ရဲ့… သက် စောင့်နေ မယ်လေ”
”ဟုတ်ပြီ… သားဖွားမီးယပ် ဆရာဝန်နဲ့ ပြထားရလိမ့်မယ်… ဒါဆိုရင် နေ့လယ်ကျ ရင်… ဖုန်းနဲ့ လှမ်းပြီး စာရင်းပေးထားလိုက် ရအောင်…”
”ရပါပြီကိုရဲ့… အလုပ်သွားမှာသာ သွားစမ်းပါ”
”အင်း… သူငယ်ချင်းတွေကိုြ<ွကားလို့ရ ပြီ ပေါ့… ဟုတ်လား…”
”အာ… ကို ကလည်း သေချာအောင် စောင့်ပါဦး… ပြီးတော့ သူများတွေကို လျှောက်ပြောရင် ရှက်စရာကြီး…”
”ဟ… ဒါရှက်စရာမှ မဟုတ်တာ… အိမ်ထောင်သားမွေး ဆိုတာ လူ့သဘာဝပဲ လေ…”
”ကဲပါ… သွားတော့ သွားတော့… စကားတွေများလိုက်တာ…”
ပျော်မြူးကာ ထွက်ခွာသွားသော ‘ကို့’ ကို ကြည့်ရင်း ‘သက်’ လည်း ခေါင်းတညိတ်ညိတ်နှင့် ကျန်ရစ်ခဲ့ပါသည်။
အခုတော့ ‘သက်’ တစ်ယောက် မိခင်ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူမည်ဟု ဆုံးဖြတ်လိုက်ပါ သည်။
ကိုယ့်ရဲ့ ဗိုက်ကို ကိုယ်ပြန်စမ်းရင်း…
‘သက်’ စကားတိုးတိုး ပြောလိုက်ပါသည်။
”သား ကို မေမေကြိုနေပါမယ်…”
တကယ်တော့ သားသားလေးလား… မီးမီးလေးလား မသိသေးသော်လည်း အိပ်မက် ထဲက သားလေးကို စိတ်မှန်းဖြင့် ပြောလိုက်ခြင်း သာ…
”ကျေးဇူးတင်ပါတယ် အိပ်မက် ရယ်…”
သားဦးကိုယ်ဝန်ဆောင်ရပြီဆိုသော အမျိုးသမီးတိုင်း သိထားသင့်သော အချက်များ ရှိပါသည်။
ကိုယ်ဝန်ရှိသည်ဟု သိလျင်သိချင်း နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်း ဆရာဝန်နှင့် ပြသဖို့လိုပါသည်။
ဗိုက်အပ်သည့်ဟု အရပ်ထဲတွင် သုံးစွဲနေ သော ကိုယ်ဝန်ဆောင် စစ်ဆေးခြင်းကို စော လျင်စွာ ပြုလုပ်နိုင်လေ မိခင်နဲ့ကလေး ကျန်းမာ ရေးကို အကောင်းဆုံး စောင့်ရှောက်နိုင်လေဖြစ် ပါသည်။
ကိုယ်ဝန်ဆောင် စောက်ရှောက်မှု ခံယူသည်နှင့်
ကိုယ်အလေးချိန် ချိန်ခြင်း
သွေးပေါင်ချိန် ချိန်ခြင်း
မေးခိုင်ရောဂါကာကွယ်ဆေး အချိန်မှန် ဆေးထိုးခြင်း (အနည်းဆုံး နှစ်ကြိမ်) များ ပြုလုပ်ပေးလိမ့်မည်။
ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် အနေနှင့် မည်သို့မည်ပုံ ပြုမူနေထိုင်နေရမည် ကိုလည်း သိရှိခွင့်ရမည် ဖြစ်ပါသည်။
သာမန်လှုပ်ရှားမှုများ ဆက်လက်ပြု လုပ်ခြင်း
အလေးအပင်မခြင်းမှ ရှောင်ကြဉ် ခြင်း
ဆေးလိပ်၊ အရက် ကွမ်းစားခြင်းမှ ရှောင်ကြဉ်ခြင်း
အစာအာဟာရ ပြည့်ဝမျှတအောင် စားသောက်ခြင်း
အိပ်ရေးဝအောင် အိပ်စက်ခြင်း
တဖြည်းဖြည်း လရင့်လာလျှင် ကိုယ်ဝန် ဆောင်စောင့်ရှောက်မှုကို အကြိမ်ရေစိပ်စိပ် မကြာခဏ ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
ကိုယ်အလေးချိန် ပုံမှန် တိုးတက်ခြင်း ရှိမရှိ စစ်ဆေးခြင်း
သွေးပေါင်ချိန် စစ်ဆေးခြင်း
သန္ဓေသား၏ အနေအထား မှန်မမှန် စစ်ဆေးခြင်း
အန္တရာယ် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း
မွေးဖွားရန် ပြင်ဆင်ခြင်း
မွေးဖွားပြီးနောက် မိခင်နို့ တိုက်နိုင်ရန် ဆွေးနွေးသင်ကြားပေးခြင်း ထိုသို့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံယူခြင်းဖြင့် မိခင်ရော ကလေးပါ ကျန်းမာစွာ ဖွံ့ဖြိုးစေနိုင်ပါသည်။
”ကဲ… သက် ရေ ဆရာဝန်မကြီး မှာထားတာတွေကို မမေ့နဲ့နော်…”
” မမေ့ပါဘူး ကို ရဲ့… အကုန်မှတ်မိပါ တယ်… ပြီးတော့ လုပ်လည်း လုပ်ပါ တယ်… စိတ်ချပါ…”
”သားဦး ကိုယ်ဝန်ဆိုတော့ ပိုပြီး ဂရုစိုက်ရ မယ်လို့ ပြောထားတာလေ…”
”ဟုတ်ပါပြီ… သက်လုပ်ရမယ့် အလုပ် တွေရှိသလိုကို လုပ်ရမယ့် အလုပ်တွေလည်း ရှိသေးတယ် ကို ရဲ့”
”ဟင်… ကို က ပိုက်ဆံရှာမယ်… ကလေးအတွက် မွေးဖွား စရိတ် စုမယ်… ဒါပဲ မဟုတ်လား…”
”ဒါတင် ဘယ်ကမလဲ ကို ရဲ့… ဆရာ ဝန်မကြီးက မှာလိုက်တယ်လေ မေ့ချင် ယောင် ဆောင်မနေနဲ့နော်… ခင်ပွန်းသည်က ဆေးလိပ်မသောက်ရဘူးတဲ့… လေးပင်တဲ့ အလုပ်တွေ မိန်းမကို မခိုင်းပါနဲ့တဲ့… ညနေ ခင်းမှာ အတူတူ လမ်းလျှောက်ပါတဲ့… အင်း … ပြီးတော့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံတိုင်း အဖော်လိုက်ခဲ့ပေးပါတဲ့…”
”သြော်… ဟုတ်တယ်… ဟုတ်တယ် … မှတ်မိပါတယ် သက် ရဲ့’
”နောက်ဆုံးအရေးကြီးဆုံး စကားတစ်ခွန်း ရှိသေးတယ်…”
”ဘာများလဲ သက်ရဲ့…”
”ခင်ပွန်းသည်က အပျော်အပါး မလိုက်စား ပါနဲ့တဲ့… ကဲ မှတ်မိပြီလား…”
”ဒါများ သက် ရယ် … ကို က ဒီ အချက်ကို မှတ်ထားစရာမှ မလိုတာ…”
”ဘယ်လို… ဘယ်လို…”
”ဟုတ်တယ်လေ… အစကတည်းက ကို က သက် အပေါ် သစ္စာရှိရှိ ပေါင်းနေတာပဲ…ဒီ အချက်က နဂိုကတည်းက လိုက်နာပြီးသား …”
”တော်သေးတာပေါ့… သက် ဖြင့် လန့်သွားတာဘဲ…”
”ကဲ… ကဲ… အလုပ်သွားတော့မယ် … မနက်ဖြန်ကျရင် အလုပ်ပိတ်ရက် ဆို တော့ ကိုတို့ ဈေးဝယ်ထွက်မယ်… ဒါမှ ကလေးအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ ကြည့်ကြရအောင်လေ…”
”စောမနေဘူးလား… ကို ရဲ့…”
”ကို့ အတွက်တော့ မစောပါဘူး… ကြိုကြိုတင်တင်ပြင်ဆင်မှ တော်ကာကျမှာ မဟုတ်လား…’
”ဟုတ်ပါပြီ… ဟုတ်ပါပြီ…”
သားသမီး ရတနာလို့ ဆိုကြပါသည်။
သားသမီးဆိုတာ မိဘတွေ အတွက် ရတနာ ဖြစ်ပါသည်။ ထိုရတနာကို တန်ဖိုးထား တတ်ဖို့ လည်း လိုပါသည်။ တန်ဖိုးထားတတ်မှ ရတနာ ကို ပြုစု ထိန်း သိမ်း စောင့်ရှောက်နိုင် ပါလိမ့် မည်။
သို့သော် ထိုရတနာကို ထိန်းသိမ်းစောင့် ရှောက်မှု မမှန်လျှင် ထိုရတနာက အန္တရာယ် လည်း ရှိပါသည်။
ရတနာဖြစ်သော ကိုယ်ဝန်ကို လွယ်ထား ရသည့် မိခင် တစ်ယောက် အနေဖြင့် ရတနာကို ကောင်းမွန်စွာ မွေးဖွား သန့်စင်နိုင်ရန် ဗဟုသုတ တွေ ရှိသင့်သလောက် ရှိဖို့ လိုသလို ကျန်းမာ ရေး ဝန်ထမ်းတွေက အကြံပေးညွှန်ကြားလျှင် လည်း လိုက်နာဆောင်ရွက် တတ်ဖို့ လိုပါသည်။ မိခင် တစ်ဦးတည်း မှာသာ တာဝန်ရှိတာ မဟုတ် ပါ။ ဖခင်မှာ လည်း တာဝန်တွေ ရှိပါသည်။ အိမ်ထောင်ပြုပြီးလျှင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း၊ နို့ချိုတိုက်ကျွေးခြင်း ဆိုသည့် မျိုးဆက်ပွား ကိစ္စရပ်များ ကြုံတွေ့ရမည်မှာ သဘာဝဖြစ်ပါသည်။ သို့သော် ထိုသဘာဝက အမျိုးသမီးများ၏ ကိုယ်တိုင်ကိုယ်ကျ ထမ်း ဆောင်ရသော တာဝန်ဖြစ်သော်လည်း အမျိုး သားများတွင်လည်း ပံ့ပိုးပေးရသည့် တာဝန် ရှိပါသည်။ မိမိနှင့်မဆိုင်ဟု မတွေးသင့် ပါ။ ဇနီး သည် ကိုယ်ဝန်ဆောင်ပြီဆိုသည့်နှင့် ခင်ပွန်း သည်တစ်ယောက်အနေနှင့် လုပ်နိုင်သော အလုပ်များ၊ လုပ် သင့်သော အလုပ်များကို ကူညီလုပ်ကိုင်ပေးရန် လိုအပ်ပါသည်။
သို့မှသာ ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူ ဇနီးသည် သည် အန္တရာယ်ကင်းကင်းဖြင့် ရင်သွေးငယ် ကို ချောချောမောမော မွေးဖွားနိုင်မှာ ဖြစ်ပါသည်။ သို့သော် မမေ့သင့်သော အချက်တစ်ချက် ရှိပါ သေးသည်။
မည်မျှပင် ဂရုစိုက်ပြီး စောင့်ရှောက်ခဲ့သော ကိုယ်ဝန်ဖြစ်ပါစေ … အချိန်မရွေး အန္တရာယ် ရှိလာနိုင်သည် ဆိုသည့်အချက်ကိုလည်း အိမ် ထောင်ဖက်နှစ်ဦးလုံးက သိရှိပြီး အဆင်သင့် ပြင်ဆင်ထားရန်လိုပါသည်။
- အချိန်မတိုင်မီ သွေးဆင်းခြင်း၊ ရေဆင်းခြင်း
- အချိန်မတိုင်မီ ဗိုက်နာလာခြင်း
- မျက်နှာနှင့် ခြေထောက်များ ဖောရောင် ခြင်း
- ခေါင်းအလွန်အမင်း ကိုက်ခြင်း
အစရှိသော လက္ခဏာများ ခံစားရပါလျှင်မူ နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံး သွားရောက် ကုသမှုခံယူရန် လိုအပ်ပါသည်။
အထူးသဖြင့်
- သားဦး ကိုယ်ဝန်လွယ်ထားသူ ကိုယ်ဝန် ဆောင်များ
- ၄ ယောက်နှင့်အထက် မွေးပြီးသူ ကိုယ်ဝန် ဆောင်မိခင်များ
- ယခင်က ကိုယ်ဝန်ဆောင်စဉ် သွေးသွန်ခြင်း၊ ရေဆင်းခြင်း ဖြစ်ဖူးသူများ
- ကိုယ်ဝန်ပျက်ကျဘူးသူ၊ အချိန်မတိုင်မီ စော ပြီး မွေးဖူးသူ ကိုယ်ဝန်ဆောင် မိခင်များ
- အသက် ၃၅ နှစ် အထက် ရှိသူ ကိုယ်ဝန် ဆောင် မိခင်များ
- သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသူ ကိုယ် ဝန်ဆောင် မိခင်များ
ဆိုပါလျှင် ထိုအန္တရာယ်လက္ခဏာများကို သတိရှိရန် လိုအပ်သလို ဆေးရုံဆေးခန်းများ တွင်သာ မွေးဖွားရန် ပြင်ဆင်သင့်ပါသည်။
ထိုသို့ စနစ်တကျ ကိုယ်ဝန်ဆောင် စောင့် ရှောက်မှု ခံယူလျှင် သားသားလေးပဲ ဖြစ်ဖြစ် မီးမီးလေး ပဲဖြစ်ဖြစ် မွေးဖွားလာသော ရင်သွေး ငယ်မှာ ကျန်းကျန်းမာမာ ဖွံ့ဖြိုး မည်ဖြစ် သလို မိခင်သည်လည်း ကျန်းကျန်းမာမာဖြင့် မိခင် တာဝန် ထမ်းဆောင်နိုင်မှာဖြစ်ပါသည်။
အသစ် တိုးလာမည့် မိသားစုဝင်တစ်ဦးကို ပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆို လက်ခံနိုင်မည့် ဇနီး မောင်နှံနှစ်ဦး ဖြစ်ကြစေရန် ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
ဒေါက်တာနေဝင်း