Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

Family Counseller ( ခန်းမတံခါးကြီး ပိတ်အပြီး )

$
0
0


”ကိုရေ… ဒါလေးရွေးရအောင်နော်”
”အင်း… ကောင်းသားပဲ၊ အရောင်လေး လည်း ခပ်ယဉ်ယဉ်လေးပဲ၊ ဒီဇိုင်းလည်းသိပ် မရိုင်းဘူး”
”ဒါဆို ၅ဝဝ ရိုက်လိုက်တော့မယ်နော်”
မင်္ဂလာဆောင် ဖိတ်စာ ရိုက်ကြမည့် သတို့ သားနှင့် သတို့သမီးလောင်းနှစ်ယောက် ၏ အပြန်အလှန် စကားသံ များဖြစ်ပါသည်။ ပြုံး ပျော်ရွှင်ပြနေသော အသံများနှင့် အတူ ကြည်လင် ဝင်းပနေသော မျက်နှာများက သူတို့ နှစ်ဦး၏ ကြည်နူးမှုတွေကို အထင်အရှား ပြသ နေပါသည်။

”သက်ရေ …ဟိုတယ်နဲ့ ကိစ္စဝိစ္စတွေပြီး ရင် မိတ်ကပ်သမားနဲ့ တစ်ခါတည်းဝင်ပြီး အချိန် ချိန်းကြရအောင်။ ကိုတို့ ယောက်ျားလေး တွေအတွက်က အရေးမကြီးဘူး။ သက် အတွက် အချိန်လုံလောက်မှဖြစ်မှာ၊ ပွဲကလည်း မနက် ဖြစ်နေတာဆိုတော့…”

”ဟုတ်တယ်နော်၊ နောက်ပြီး အရန်တွေ အတွက်လည်း လိုဦးမှာလေ”

တစ်နေရာပြီးပြန်တော့ နောက်တစ်နေရာ ကို နောက်ထပ် အကြောင်းအရာ အတွက် ဆက် လက်ချီတက်ကြရပြန်သည်။

”ဒီမှန်တင်ခုံ ဒီဇိုင်းလေးက ခေတ်မီတယ်။ ဒါပေမဲ့… မှန်သားက သိပ်ပြီး မကောင်းဘူး ကိုရဲ့။ နောက်ထပ် ကြည့်ချင်သေးတယ်”

”ကဲပါ ခင်ဗျာ… ကြည့်ပါ…ကြည့်ပါ၊ သက်အကြိုက်သာ ဝယ်ပါ… မှန်က သက် နေ့စဉ်ကြည့်ဖို့ဆိုတော့ အရေးကြီးတယ်ဗျ”
အတိုင်အဖောက်ညီညီ၊ သဘောထား မျှမျှနှင့် ပျော်စရာ အကောင်းဆုံး အချိန်ဖြစ်သလို ခွန်အားတွေအပြည့်နှင့် မငြီးတမ်းမငြူတမ်း ဘာမဆို အသင့်အနေအထားမှာ ရှိကြသည်က လည်းမဆန်းပါ။

”ကဲ… ဒါပြီးရင်တော့ ဝတ်စုံချုပ်တဲ့နေရာ ဝင်ပြီး ကိုယ်တိုင်း တိုင်းကြစို့၊ ဘယ်ဒီဇိုင်းဆိုတာ သက် ဆုံးဖြတ်ပြီးပြီမဟုတ်လား”
”ဟိုလေ… မနေ့ကပြောသလိုပဲ … ရင်မှာ နည်းနည်းလေးဟိုက်ပြီး လက်ကလေး ဖောင်းဖောင်းက ပိုပြီး လိုက်တယ်လို့ ထင်တယ်။ ပြီးတော့ အဲ့ဒီဒီဇိုင်းမှာ ခါးသိမ်း ထားတာကို ကြိုက်တယ်လေ”
”ဒီလိုဆိုတော့… အဲဒါကိုပဲရွေးပြီဆိုပါ တော့…”
”ဟုတ်တယ်”
တစ်မျိုးပြီးတစ်မျိုး တန်းစီပြီး ကြိုးစားလိုက် ရတာ တစ်နေ့တာအချိန်ဆိုတာ ဘယ်လိုကုန် မှန်းမသိ ဖြစ်နေသည်။ ဒါပေမဲ့လည်း မောရမှန်း မသိ ပန်းရမှန်းမသိတဲ့ သူနှစ်ယောက်ကတော့ သတို့သားနဲ့ သတို့သမီးလောင်း နှစ်ယောက် ဖြစ်ပါသည်။

မကြာမီစုလျားရစ်ပတ် လက်ထပ်ကြတော့ မည့် အိမ်ထောင်ရှင်လောင်းနှစ်ဦး၏ မင်္ဂလာ ကိစ္စ ပြင်ဆင်မှုများသည် ရေတွက်မရနိုင်အောင် များပြားလှပါသည်။ မင်္ဂလာကိစ္စ မင်္ဂလာအခမ်း အနားမှာလည်း နှစ်ဖက်မိဘဆွေမျိုးများက ချဲ့လျှင်ချဲ့သလို ကြီးကျယ်ခမ်းနားကြသည့် အလျောက် ဓလေ့ထုံးတမ်းစဉ်လာများကို ဂရုစိုက်လျှင် စိုက်သလို ရှုပ်ထွေးများပြားသည် ကလည်း ရှိပါသေးသည်။

အချိန်တွေလည်းကုန်ကြပါသည်။ ငွေတွေ လည်းတော်တော်ကုန်ပါသည်။လူပင်ပန်း တာကတော့ ဆိုဖွယ်ရာမရှိ။
နေ့တစ်ဝက်စာမျှ ကြာမြင့်မည့် မင်္ဂလာ အခမ်းအနားတစ်ခုအတွက် ချဲ့လျှင်ချဲ့သလို အချိန်ယူကြရသည်။ ၄-၅-၆ လ အချိန်ယူပြီး ပြင်ဆင်အလုပ်ရှုပ်နေကြသူတွေလည်း ဒုနဲ့ ဒေး။

မင်္ဂလာ အခမ်းအနားပြုလုပ်သည့်နေ့ ရောက်ပြီ ဆိုလျှင်တော့ အလုပ်ရှုပ်မှုကဘာနဲ့မှ နှိုင်း၍မရ။
- သတို့သား၊ သတို့သမီးကိစ္စ၊
- သတို့သားအရန်နှင့် သတို့သမီးအရန် ကိစ္စ၊
- မင်္ဂလာ အခမ်းအနားမှူးကိစ္စ၊
- မင်္ဂလာအခါတော်ပေး သီဆိုမည့်ကိစ္စ၊
- မိဘဆွေမျိုးတွေကိစ္စ၊
- ဧည့်ခံကြိုဆိုရေးကိစ္စ၊
- တည်ခင်းမည့် အစားအစာများကိစ္စ
စသည့် ကိစ္စပေါင်း များစွာက မင်္ဂလာအခမ်း အနားကြီး၏ ပိုင်ရှင်ဖြစ်သော သတို့သား၊ သတို့သမီးနှင့် နှစ်ဖက် မိဘများအတွက် ပူပင်စရာ စိတ်သောက များကို ဖြစ်စေ သည်။

သို့သော် မင်္ဂလာ ကိစ္စဖြစ်သည့် အတွက် ပျော်ပျော်ကြီး ပူကြသည်။ ပျော်ပျော်ကြီး သောကရောက်ကြသည်။ ပျော်ပျော်ကြီး အလုပ် ရှုပ်ခံကြ သည်။ ပျော်ပျော် ကြီး ငွေကုန်ခံ ကြ သည်။

တချို့သော မင်္ဂလာပွဲများဆိုလျှင် ဂုဏ် ပကာသနကို ရှေ့တန်း တင်ထားသည်မို့ လိုအပ် သည်ရော မလိုအပ်သည်ရော ဘာမျှမစဉ်းစား နိုင်။ သူတို့ မင်္ဂလာဆောင်ထက် ငါ တို့ မင်္ဂလာ ဆောင်က သာဖို့အရေးတွေးပြီး ပို၍ပို၍ချဲ့ကား ကြပြန်သည်။

မင်္ဂလာ ကိစ္စကို အကြောင်းပြု၍ ဂုဏ်ပြိုင် ပွဲတွေသဖွယ် ကျင်းပလာ ကြသည်လည်း ရှိသည်။ ထို့ကြောင့် လိုတာထက် ပို၍ ရင်မောကြရပြန် သည်။ မင်္ဂလာ အခမ်းအနား ကြာမြင့်ချိန် ၃-၄ နာရီအပြီး မင်္ဂလာခန်းမတံခါးကြီးပိတ်ပါမှ သက်ပြင်းချ အမောဖြေရင်း ရေကို အဝသောက် ပြီး အသက်ရှူကြ ရသည်။ အလုံးကြီးကျသွား သည်ဟု ဆိုသည်။ တကယ်တမ်း မှာတော့ မင်္ဂလာခန်းမ တံခါးကြီးပိတ်ပြီးနောက်ပိုင်း အချိန်တွေက ပိုပြီးရင်မောကြရမှာမဟုတ်ပါ လား။

တချို့သော မင်္ဂလာဇနီးမောင်နှံ အတွက် မင်္ဂလာခန်းမ တံခါးကြီးပိတ်ပြီးသည့်တိုင်အောင် တစ်လလောက်အထိကတော့ မင်္ဂလာကိစ္စ၏ အရှိန်တွေ မကုန်ကြသေးပါ။ ဟန်းနီးမွန်းခရီး၊ နှစ်ဖက်ဆွေမျိုးများဆီ အပြန်အလှန်လည်ကြ ပတ်ကြ၊ မင်္ဂလာလက်ဖွဲ့များကြည့်ရင်း စားမြုံ့ပြန် ရသည့်အရသာတို့နှင့်အတူ မင်္ဂလာဦးကာလကို လည်း ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ကြပြန် ပါသည်။

ဒီလို လှုပ်လှုပ်ရှားရှား ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ကြတဲ့ မင်္ဂလာ အခမ်းအနား ၃-၄ နာရီစာနဲ့ မင်္ဂလာဦးကာလ ၁ လ၊ ၂လ အပြီးမှာ တော့ အမှန်တကယ် လက်တွေ့ဖြတ်သန်းရမယ့် အိမ်ထောင်သည်ဘဝ ခရီးရှည်ကြီးက ရောက် လာပြီဖြစ်ပါသည်။

အိမ်ထောင်သည် ဘဝ၊ အိမ်ထောင်သည် ခရီးကတော့ ၁ နာရီလည်း မဟုတ်ပါ၊ ၁ လ လည်း မဟုတ်ပါ၊ ၁ နှစ်လည်း မဟုတ်ပါ၊ ၁ဝ နှစ်လည်း မဟုတ်ပါ၊ ၁၅ နှစ်လည်း မဟုတ်ပါ။ ဇနီးမောင်နှံ သက်တမ်း ရှည်လျှင်ရှည်သလို ရတု တွေကို ဖြတ်သန်းကြရမှာဖြစ်ပါသည်။ အချို့ ဆိုလျှင် မင်္ဂလာသက်တမ်း ရွှေရတု၊ စိန်ရတု ကျင်းပနိုင်ကြသည် အထိ အသက်လည်း ရှည် အိမ်ထောင်သက်လည်း ရှည်လျားခိုင်မြဲကြပါ သည်။

အချို့အတွက်တော့ မင်္ဂလာသက်တမ်းက လက်ချိုးရေစရာမရှိသလို ကိန်ဂဏန်းနှစ်လုံး တောင်မရှည်ကြာလိုက်သော အိမ်ထောင်သည် များ ရှိကြပါသည်။ မင်္ဂလာ အခမ်းအနား အတွက် ပြင်ဆင်ချိန်ကို ပျော်ပျော်ကြီးဖြတ်သန်းပြီး နောက် မင်္ဂလာအခမ်းအနားကြီး ၃-၄ နာရီကို ရင်ခုန်ဖွယ်အပြည့်ဖြင့် ဆင်နွှဲပြီးခါမှ အိမ်ထောင် သည်ဘဝကို နှစ်တောင် မပေါက်လိုက်သူတွေ လည်း ရှိကြပါသည်။

မင်္ဂလာ အခမ်းအနားကြီးထက် ပိုမိုခက်ခဲ စွာဖြတ်သန်းရမှာက ဇနီးမောင်နှံဘဝ၊ အိမ် ထောင်သည် ဘဝကြီးဖြစ်ပါသည်။ မင်္ဂလာခန်းမ တံခါးကြီးပိတ်ပြီးရင် ဆိုတဲ့ ကာလကို ကြိုတင် တွေးတော စဉ်းစားမထားခဲ့ပါလျှင် …

အိမ်ထောင်သည် ဘဝ အမှန်တကယ်စပြီ ဆိုလျှင် ပျော်စရာတွေရှိသလို စိတ်ရှုပ်စရာ တွေလည်း ရှိပါသည်။ ဝမ်းသာစရာတွေရှိသလို ဝမ်းနည်းစရာတွေလည်း ကြုံရ ပါဦးမည်။ အဆင် ပြေမှုတွေရှိသလို အခက်အခဲတွေနဲ့လည်း မဝေး ပါ။ သက်သောင့်သက်သာ ရှိသလို ခက်ခဲကြမ်း တမ်းတာတွေလည်း ရှိပါသည်။ အိမ်ထောင် သည်ဘဝမှာ အိမ်ထောင်တစ်ခုကို ထိန်းသိမ်း ရသည့် တာဝန်များက မင်္ဂလာ အခမ်းအနားကြီး တစ်ခုထက် အဆမတန် ပိုပါသည်။ နှိုင်းယှဉ်၍ ရမည်မထင်ပါ။ မင်္ဂလာ ခန်းမ တံခါးကြီး ပိတ်ပြီး သည့်နောက် ဖြတ်သန်းရမည့် အချိန်ကာလ ရှည်ကြာသည်နှင့် အမျှ တွေ့ကြုံရမည့် နိစ္စဓူဝ ကိစ္စများ၊ အခက်အခဲပြဿနာများ အတွက် ကြိုကြို တင်တင် တွေးတောပြင်ဆင်မထားခဲ့ ပါလျှင်…

သမီးရည်းစားဘဝမှာ ”သက်ကြိုက်တာ လုပ်” လို့ပြောခဲ့တဲ့သူက အိမ်ထောင်သည် ဘဝ နည်းနည်းလေး ကြာလာပြီ ဆိုသည်နှင့် လေသံ ပြောင်းသွားတတ်ကြပါသည်။

”ငါ့ကိုဘာလို့မပြောတာလဲ” တဲ့။

”သက်ချက်တာ စားမှာပေါ့” လို့ အိမ်ထောင် မကျခင်ကပြောခဲ့တဲ့ ‘ကို’ က အခုတော့ ကြေး များတတ်လာပြန်သည်။ ငန်သည်၊ ပေါ့သည်၊ ချိုသည်၊ ချဉ်သည်နှင့် အလို ကျသည်ဆိုတာ ခပ်ရှားရှား ဖြစ်လာတတ်သည်။

”ကို ကြိုက်တာတွေ အဝချက်ကျွေးမယ်” လို့ပြောခဲ့တဲ့ သက်ကလည်း အခုတော့ ” အိပ်ရာ အစောကြီး ထရမှာ ပျင်းလာလို့ ဝယ်စားကြ ရအောင်” လို့ ပြောတဲ့ အခါတွေလည်း ရှိလာပြန် သည်။

သမီးရည်းစား ဘဝမှာ ဟန်ဆောင်ဖုံးကွယ် မှုတွေနဲ့ ကြည်နူးခဲ့ကြပြီး အိမ်ထောင်သည်ဘဝ ရောက်သည့် အခါမှာ ဟန်ဆောင်မျက်နှာဖုံးတွေ ခွာချလိုက်ကြ သူတွေရှိသည်။

”သက်ကလည်းကွာ… ကို ဘောလုံးပွဲ ကြည့်ချင်တာ”
”ဟာ…ကိုရီးယားကား လာချိန်ဖြစ်နေ ပြီ၊ ကိုရီးယားကားပဲ ကြည့်တော့…”
”အေး… ဒါဆိုလည်းပြီးရော… ကို လက်ဖက်ရည်ဆိုင်မှာပဲ ကြည့်တော့မယ်”
”ကြွ…ကြွ…”
သကာလူးထားသော စကားတွေ ဘယ် အရပ်ကို ကဆုန်ပေါက်ပြီး ပြေးလေသည် မသိ။ သည်းညည်းခံ စိတ်တို့က တဖြည်းဖြည်း လျော့ ပါးလာသည်။ တစ်ဖက်နှင့် တစ် ဖက် ယခင်က အလျှော့ပေးခဲ့သမျှ အိမ်ထောင်သက်ရလာတော့ နည်းနည်းမှမလျှော့ချင်။
ဒီလို အပေးအယူ မမျှတာတွေ့ ကြုံလာလိမ့် မယ်ဆိုတာ အိမ်ထောင်သည် ဘဝခရီး မစခင် ကတည်းက ကြိုတင် မတွေးမိခဲ့ပါ။ ဒါပေမဲ့  ဒီလို ကြုံရမှာက သဘာဝပါ။ ထူးဆန်းသော ကိစ္စ မဟုတ်ပါ။ ကြိုတင် မတွေးထားလို့သာ အဆင့် သင့် မဖြစ်တာပါ။

”ညဥ့်နက်နေပြီ၊ အိပ်ကြစို့လေ…”
”ဟင့်အင်း … မအိပ်ချင်သေးဘူး။ game လေး ကစားလိုက်ဦးမယ်”
အိပ်ချိန် ထချိန် ညှိနှိုင်း မရတဲ့ ကိစ္စတွေ လည်း ကြုံရမှာ မလွဲဧကန်ဖြစ်ပါသည်။
”ထတော့လေ ကိုရဲ့ …၊ ၈နာရီတောင် ထိုးနေပြီ။ ထမင်းကြော်တွေ အေးကုန်တော့ မယ်”
”အိပ်ရေး မဝသေးဘူးကွာ… နည်းနည်း ဆက်အိပ်ချင်သေးတယ်”
ထိုကိစ္စနဲ့ အလားတူ နှစ်ဦးနှစ်ဖက် တစ်ထပ် တည်းမကျနိုင်သည့် အခြားသော အလေ့အထ များလည်း ရှိပါသေးသည်။
”ဟင်…ဒီနေ့ အိမ်ပြန်ဘာလို့ နောက်ကျ တာလဲ”
”ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့တွေ့ ပြီး ညစာထမင်းစားဖို့ ခေါ်သွားတာနဲ့ လိုက်သွား တာ”
”ဟင်…အရက်နံ့တွေနဲ့၊ အရက်သောက် လာတာလား …ကို”
”နည်းနည်းပါကွာ… မများပါဘူး။မင်း ကလည်း… ယောက်ျားဆိုတာ တစ်ခါတလေ တော့ အရက်လေးဘာလေး သောက်မှာပေါ့”
ယောက်ျားတွေနဲ့ ပတ်သက်ပြီး မိန်းမတွေ က မနှစ်သက်တာတွေရှိသလို မိန်းမတွေနဲ့ ပတ်သက်ပြန်ရင်လည်း ယောက်ျားတွေ လက် မခံနိုင်တဲ့ အလေ့အထတွေ ရှိပါသည်။
”ဟေ့… မင်းတို့ မိန်းမတွေကလည်းကွာ။ သူများအကြောင်းများ ထိုင်ပြောရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပဲ။ ကဲ…အချိန်ကြည့် ဦး”
”တစ်ခါတလေများ ထမင်းလေး ဟင်းလေး ကိုယ့်ဘာသာ ချက်ကြည့်ပါလား။ဧည့်သည် လာလို့ ခဏလေး စကားပြောဧည့်ခံတာကို …”
အဲဒီလို မတူတဲ့ အလေ့အထ သဘာဝလေး တွေအပေါ် ငြိုငြင်လာကြတာတွေကလည်း မဆန်းသောကိစ္စတွေ ဖြစ်ပါသည်။ ကြိုတင် မတွေးခဲ့မိတော့ စိတ် အနှောင့်အယှက် ဖြစ်ကြ ရပါသည်။

”သက်ရေ… မနက်ဖြန် မေမေ့မွေးနေ့ ဆိုတော့ မေမေ့ကို ကန်တော့ရမှာလေ။ အဲဒါ ငွေ ၅သောင်းလောက် သုံးရင်ကောင်းမလား။ ငါးသောင်းတန် တာ ဘာဝယ်ရမလဲလို့”
” ကိုရေ… ဟိုလေ… မသုံးချင်လို့ တော့ မဟုတ်ပါဘူး။ သက်မေမေ မွေးနေ့တုန်း ကလည်း ၂ သောင်းလောက်ပဲ အကုန်ခံတာ ဆိုတော့ …အခုရော…”
တစ်ဖက် နဲ့တစ်ဖက် တိုင်းကြတာကြ ယှဉ်ကြတာတွေလည်း ရှိပါသေးသည်။
”အော်… သက်မေမေ က ပြည့်စုံပြီးသား မို့ အရေးမကြီးဘူးလေ။ ကို့မေမေကတော့ ရှားပါးပါတယ် သက်ရယ်… မွေးနေ့လည်း မွေးနေ့ဆိုတော့ ကိုကတော့ ၅ သောင်းတန် ရှာဝယ် လိုက်တော့မယ်”

”ကိုရှာတဲ့ ပိုက်ဆံပဲလေ… ကြိုက်သလို ဆုံးဖြတ်ပါ”

ညှိဖို့ နှိုင်းဖို့ လိုအပ်ပေမဲ့ မညှိနှိုင်းမိကြတာ တွေလည်း ရှိတတ်စမြဲပါ။ ဒီလိုကိစ္စတွေ ရင်ဆိုင်နိုင်ဖို့ အတွက် ကြိုတင် မပြင်ဆင်ခဲ့တာမို့ စိတ်ထဲမှာ ခိုးလိုခုလုဖြစ်နေ ရသည်လည်း ရှိ သည်။

”ကိုရေ…ဒီနေ့ ဈေးဝယ်ထွက်ရင်း ကြုံ တာနဲ့ လက်ကိုင်အိတ်ကလေး တွေ့တာဝယ်ခဲ့ တယ်။ ဈေးလည်း မများဘူး သင့်တယ်ကိုရဲ့ …”
”ဟောဗျာ… ပြီးခဲ့တဲ့လကလည်း တစ် အိတ်ဝယ်ထားသေးတယ် မဟုတ်လား”
”ဒီဇိုင်းရော၊ အရောင်ရော၊ မြညေိ ရော မတူဘူးကိုရဲ့။ ပြီးတော့ သက်က လက်ကိုင်အိတ် ဝါသနာပါတာ သိသားနဲ့ …”
”ဟုတ်ကဲ့…ဟုတ်ကဲ့… သိပါ့ဗျာ.. တစ်လတစ်အိတ်သာ ဝယ်ပေတော့…”
”အောင်မယ်…ကိုတို့ယောက်ျားတွေ စားသောက်ဆိုင် ထိုင်သလောက်တော့ မကုန်ပါ ဘူးနော်”
”ဟေ့..ဒါနဲ့ ဘာမှမဆိုင်ဘူး… မတူ တာတွေ လာမယှဉ်နဲ့…”
ဝါသနာတွေ အကျင့်စရိုက်တွေ မတူတာ ကလည်း သဘာဝမို့…ဒါကိုလည်း ကြိုတင် နားလည်ထားဖို့ လိုပါသည်။ ဤသို့သော ကိစ္စ များ ကြုံလာသည့်အခါ နားလည် ပေးနိုင်ဖို့ ကြို တင် မပြင်ဆင်ခဲ့မိရင်တော့ ဒီလို ကိစ္စသေးသေး ကစပြီး စကားများရန်ဖြစ်ကြသည်များလည်း ရှိပါသည်။

”ကိုတို့ သားသမီးယူကြစို့နော်”
”ဟင်…ကိုကလည်း သက် ကိုယ်ဝန် မဆောင်ချင်သေးပါဘူး။ ကိုယ်ဝန်ဆောင်ရမှာ ကြောက်တယ်”
”ဘာပြောတယ်။ မိန်းမဆိုတာ အိမ်ထောင် ပြုပြီး သားသမီးမွေးရမှာ သဘာဝပဲလေ”
”ဟုတ်တော့ ဟုတ်ပါတယ်.. ဒါပေမယ့် သက်အတွက် စောသေးတယ် ထင်တယ်”
”ဟာကွာ… သက်ကလည်း ကိုယ့်ကိုယ် ကိုယ် ဘယ်အရွယ်ထင်နေသေးလို့လဲ။ မကြာခင် သုံးဆယ်ပဲ ပြည့်တော့မယ့်ဟာ”
အခြားသော ကိစ္စများထက် ပိုပြီးခက်ခဲတဲ့ ကိစ္စကတော့ ”သားသမီးယူရေး မယူရေးနဲ့ ဘယ်တော့ ယူမယ်၊ ဘယ်နှယောက် ယူမယ်” ဆိုသော အချက်ပင် ဖြစ်သည်။ အိမ်ထောင် မကျခင်ကတည်းက  ထိုကိစ္စကို ဆွေးနွေးတိုင်ပင် ကြသည့် သတို့သားနှင့် သတို့သမီးဆိုတာ အတော်ရှားပါလိမ့်မည်။
နဖူးတွေ့ ဒူးတွေ့ကြုံရသော အချိန်ကျမှ သာ စဉ်းစားဖြစ်ကြသူက များပါသည်။ အရေး အကြီးဆုံးသော ကိစ္စဟုဆိုလောက်သည့် သားသမီး ယူရေး မယူရေးကို ကြိုတင် မဆွေး နွေးဖြစ်ခဲ့ကြလျှင် အိမ်ထောင်သည် ဘဝကို ရိုက်ခတ်လာသည်အထိ တင်းမာသွားကြတာ လည်း ရှိပါသည်။

မင်္ဂလာခန်းမ တံခါးကြီး ဖွင့်နိုင်ဖို့ စီစဉ်ရ သည့် ကိစ္စများထက် မင်္ဂလာခန်းမ တံခါးကြီး ပိတ်ပြီး တွေကြုံ ရမည့် ကိစ္စများက ပိုမိုခက်ခဲပါ သည်။ ပိုမို နက်နဲပါသည်။ ပိုမို သိမ်မွေ့ ပါသည်။ ဖြေရှင်းရ ခက်ပါသည်။ လွဲချော်သွားလျှင် မလိုလား အပ်သော နောက်ဆက်တွဲ ပြဿနာ များ ကို ဖြစ်စေနိုင်ပါသည်။

အဲဒီ အချိန်ရောက်တော့မှ…

ဒီလိုဖြစ်မယ်မှန်း မသိလို့ဆိုပြီး နောက် ပြန်လှည့်၍ မရတော့ပါ။

ဒီလို ဖြစ်မယ်မှန်းသာသိခဲ့ရင်ဆိုပြီး ပြင် ဆင်၍ မရနိုင်တော့ပါ။

”အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်၊ စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင်၊ နောင်ပြင်ရင် ခက်သည့် အမျိုး” ဆိုသောစကားမှာ ရိုးအီ၍ နေပါပြီ။ သို့သော် ယနေ့တိုင် မှန်ကန်ဆဲ ဖြစ်ပါသည်။
မင်္ဂလာ အခမ်းအနားကြီး ကျင်းပနိုင်ရန် ပြင်ဆင်မှု နှင့်အတူ ကြိုတင်ပြင်ဆင်ထားရမည့် ကိစ္စမှာ အိမ်ထောင်သည်ဘဝခရီးတွင် ကြုံ တွေ့ရမည့် မျှော်လင့်မထားသော အရာများ အတွက်ပင် ဖြစ်ပါသည်။ အချစ်တစ်ခုတည်းနှင့် ဘဝတည်ဆောက်၍ မရနိုင်ပါ။
-အတွေးအခေါ် အယူအဆ မတူတာတွေ ကို လက်ခံပေးနိုင်ဖို့ …
- သဘောထား မမျှတာတွေကို ညှိနှိုင်း နိုင်ဖို့ …
- အကျင့်စရိုက် မတူတာတွေကို နားလည် ပေးနိုင်ဘို့ …
- ‘ငါ’ ဆိုတဲ့ မာနတွေကို ချန်လှပ်ထားနိုင်ဖို့ …
- အခက်အခဲ ပြဿနာ ရှိလာသောအခါ ရင်ဆိုင်လို့ရလျှင် ရင်ဆိုင်၊ ကျော်လွှားလို့ရလျှင် ကျော်လွှား၊ ဖြေရှင်းလို့ရလျှင် ဖြေရှင်း၊ ဒါမှ မဟုတ်ရင် လျစ်လျူရှုရသည့်အခါလည်း ရှိနိုင် ပါသည်။
ထိုအရာများက ဘဝသင်ခန်းစာနှင့် ဘဝ ဖြတ်သန်းဘို့ ကျွမ်းကျင်မှုများဖြစ်ပါသည်။ ဒီလို ဘဝသင်ခန်းစာ ဆိုသည်မှာ ကျောင်းသင်ခန်း စာမှာ မပါခဲ့သလို ငွေနှင့်လည်း ဝယ်၍ မရနိုင် ပါ။ ပညာနှင့်လည်း မဆိုင်ပါ။ ဂုဏ်ဒြပ်နှင့်လည်း မဆိုင်ပါ။
အိမ်ထောင်သည် ဘဝ၏ အိမ်ထောင်ရေး အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ အရေးကြီးဆုံး လက်နက်တစ်ခု ကို ပြင်ဆင် ထားဖို့ မေ့သွားကြသည့် အတွက် အိမ်ထောင်ကွဲ၊ အိမ်ထောင်ပျက်၊ အိမ်ထောင်ရေး လမ်းခွဲ ကြရ ခြင်းများ ကြုံတွေ့ရခြင်း ဖြစ်ပါသည်။ အိမ် ထောင်ရေး မပြိုကွဲသည့်တိုင် အိမ်ထောင်သည် ဘဝ၏ အပျော် များ ဆိတ်သုဉ်း သွားရသည်။ မင်္ဂလာခန်းမ တံခါးကြီးပိတ် အပြီး အိမ် ထောင်သည် ဘဝတစ်လျှောက်လုံး သာယာ ချမ်းမြေ့ပျော်ရွှင်သော အိမ်ထောင်သည် ဘဝကို  ပိုင်ဆိုင် ဖို့က ပိုမို အရေးကြီးပါသည်။ ထို့ကြောင့် ‘ရင့်ကျက်ခြင်း’ လက်နက် မပါဘဲ မင်္ဂလာခန်းမ တံခါးကြီးကိုဖွင့်ရန် မကြိုးစားစေလိုပါ။ ‘ရင့်ကျက်ခြင်း’  နှင့် ပြည့်စုံပြီးမှ မင်္ဂလာတံခါး ဖွင့်မည် ဆိုပါလျှင် တံခါးကြီးပိတ်သွားသော် လည်း နားဝင်ချိုသော အသံများ ဆက်ပြီး ကြားနေ ရပါဦးမည်။ နှစ်လိုဖွယ် မျက်နှာများကို ဆက် လက် တွေ့မြင် ရပါဦးမည်။ ဘဝ အခက်အခဲ တွေကို မငြီးတမ်း မငြူတမ်း လက်တွဲဖြေရှင်း နိုင်ကြပါလိမ့်မည်။

- သတို့သား သတို့သမီး များအားလုံး
- မင်္ဂလာမောင်မယ် အားလုံး
- ကြင်စဦး ဇနီးမောင်နှံ အားလုံး
မင်္ဂလာခန်းမ တံခါးကြီး ပိတ်ပြီးသည့် နောက် နှစ်ပေါင်း များစွာတိုင် ပျော်ရွှင်ချမ်းမြေ့ သော အိမ်ထောင်သည် ဘဝခရီးကို ဖြတ်သန်း လျှောက်လှမ်း နိုင်ကြစေကြောင်း ဆန္ဒပြု ဆုမွန် ချွေလျက်။

ဒေါက်တာနေဝင်း


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...