Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all 194 articles
Browse latest View live

ရဟန်းနှင့် အပြုံးတောအုပ်

$
0
0

ကျေးငှက် တေးသီသံတွေကို နာပျော်မှု မရှိ တော့တာ ဘယ်လောက် ကြာပြီတဲ့လဲ။

ဗာရာဏသီရောက် ရဟန်းတစ်ပါးရဲ့ သွေ့ခြောက်လှတဲ့ နေ့ရက်တွေ အတွက် နောင်တ ရဖို့ လိုလေမလား။ သူသည် အခန်းကျဉ်းလေး ထဲတွင် ထိုင်ကာ ကွန်ပျူတာ ကီးဘုတ်ကို တချက်ချက် ရိုက်ရင်း ဝါကျ တချို့ စရေးဖြစ်သည်။

မကြာမီ ရွှေပြည်ကြီး၏ အပြုံး တောအုပ်တွင် သူ့စိတ်နှလုံးကို ပြန်လည် ရောနှော စိုက်ပျိုးခွင့်ရ တော့မည်။ အပြုံးငတ်သူ အတွက် အမဲ့တဒင်္ဂသည် ကြာရှည်၏။ မဇ္ဈိမတွင် ခြောက်နှစ်တာ အပြုံးမဲ့ နေ့ရက်များကို သူ ဖြတ်သန်းခဲ့ရပြီးပြီပဲ။

ပိဋကတ် စာမျက်နှာများပေါ် ဖြတ်သန်းရစဉ် က ခံစားမြင်သိခဲ့ ရသော ဘီစီခြောက်ရာစု မဇ္ဈိမ၏ ခမ်းနားသော အသွင်အပြင်နှင့် သိမ်မွေ့သော စိတ်နှလုံး ပိုင်ရှင်တို့၏ သိတ၊ ဟသိတ အပြုံးများက ကာလကတ္တား မြို့တော် ဆူဘတ်ချန္ဒရာဘို့စ် လေဆိပ်မှ ထွက်သည်နှင့် ပျောက်ရှ သွားပြီးဖြစ် ကြောင်း သေချာခဲ့သည်။

မူလ ပကတိရွှေပြည်ကြီးသား မြန်မာ တစ်ယောက်၏ စိတ် အခြေခံနှင့် တိုက်ဆိုင်မှုမရှိ၊ ကွဲပြားခြားနား လှသော ခေတ်သစ် မဇ္ဈိမ၏ ဖော်ရွေမှုကင်း၊ ရိုင်းပင်းမှု မရှိသည့် ယဉ်ကျေးမှု အခင်းအကျင်း ကို သူ ဘဝင်မကျခဲ့။

ခုတော့ မဇ္ဈိမ၏ မပျော်ခြောက်နှစ်၊ ပျော်ခြောက်နှစ် ကာလ ကုန်ဆုံးသွားခဲ့ပြီ။

Yeah …Freedom from the Smile-less days!

သို့ပေမင့် ရွှေပြည်ကြီး၏ ပစ္စက္ခ အရေးအရာ အသိုက်အမြုံ အပြောင်းအလဲများက အဲဒီအပြုံး တွေကို ခုတ်ထွင် ထားခဲ့ရင်ရော…။ ရွှေပြည်ကြီး ၏ အသွေးအသား မှန်သမျှ ကို တူးဆွနေကြ သည်။

အပြုံးငုတ်တိုများဖြင့် ဗြဟ္မစိုရ် စိမ်းလန်းမှု ပြုံးတီးနေသော တရံရောဆီက အပြုံး တောအုပ်ကြီး …။

သူ နည်းနည်းတော့ ပူစပ်စပ်ဖြစ်သွားသည်။ ဝေဒနာက္ခန္ဓာ များလည်း မလုံမခြုံဖြစ်သွားရ၏။

ရွှေပြည်ကြီးက ပြောင်းလဲ နေသည်နှင့် ပြောင်းလဲနေပြီ ကြားထဲ ခပ်မူးမူးလျှောက်နေ ရဟန် တူသည်။

သတင်း စာမျက်နှာများကို ဖတ်ကြည့်မိလေ တိုင်း မနာလို ဝန်တိုမှု၊ ပဋိပက္ခ၊ ဝိရောဓိနှင့် ရန်လို ချင်သော စကားလုံး တို့ဖြင့် ရွှေပြည်တော် ကို မျှော်နေကြသည်။

ရွှေပြည်တော်ရယ် မျှော်လေတိုင်း ဝေး… …..

ဓူဝံကြယ်စင် မြင်နေလည်း ဝေး…။

ဗြဟ္မစိုရ် တန်ဖိုး များနဲ့ ဘာဖြစ်လို့များ အုတ် မြစ် မချနိုင်ကြသေးပါလိမ့်။ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်တတ်တော့ သူတစ်ပါး ကိုလည်း ခွင့် မလွှတ် တတ်တော့လေ ပြီ လား။

အိပ်ရာက နိုးထလေတိုင်း အကျိတ်အခဲ တစ်ခုက ရင်ဘတ်တိုင်းကို ဆောင့်တိုးနေကြဆဲပဲ ထင်သည်။ အာဃာတ တရားဆိုတာ အနှောင်အဖွဲ့ တစ်မျိုးပါပဲလေ။

ဗုဒ္ဓအရှင်ရဲ့ အက္ကောဓေန ဇိနေ ကောဓံ ရန်လိုမှုကို မေတ္တာနဲ့ အနိုင်ယူ ဒေသနာဆိုတာ ဓမ္မကထိက နှုတ်ဖျားက ထွက်ကျလာတဲ့ အခါသာ သာဓုခေါ်ကောင်း ရုံပဲ ဖြစ်မယ် ထင်ရဲ့။

တကယ်တော့ မိတ်ဆွေ ရဟန်းတော်တစ်ပါး ပြောဖူးသလို ငါတို့ အမျိုးတွေက စက္ကူပေါ်က ဗုဒ္ဓဘာသာဝင်တွေ (Buddhists on the paper) တဲ့။

လွန်ခဲ့သောနှစ်က မြောက် ဝင်ရိုးစွန်းက စကင်ဒီနေဗီယန်း နိုင်ငံများကို နှံ့လုနီးပါး ရောက် သွားခဲ့သည်။

ဗုဒ္ဓတရားတော်နှင့် ညီညွတ်သည့် နေထိုင်မှု အနုပညာ (The Buddhist Art of Living) ထွန်းကား သီးပွင့်နေတာ ငြိမ်းချမ်း ပျော်ရွှင်ဖွယ်ရာ ကိုယ်တိုင်မြင်ခဲ့ရသည်။

ဗုဒ္ဓဘာသာ ဆိုသော ဆိုင်းဘုတ်ကြီး များ မတွေ့ခဲ့ရ။ ထိုနိုင်ငံ၊ ထိုလူမျိုးတို့က ဗုဒ္ဓ အရှင်၏ မင်္ဂလာ တရားတော်များကို လက်တွေ့ ကျင့်သုံး ဆောက်တည်နေကြသည်။

မင်္ဂလာ တရားတော် များသည် ထိုနိုင်ငံများ တွင် လမ်းပြမြေပုံ (Road Map) အစစ် ဖြစ်နေသည်။ အေးချမ်းလှသော စကင်ဒီနေဗီယန် အပြုံး များကို သူ မမေ့..။ After you ကျင့်ဝတ်ကို သူ မြတ်နိုးခဲ့ရသည်။

ဒီကမ္ဘာပေါ်မှာ လူသား တစ်ဦး နဲ့ တစ်ဦး နူးညံ့ခြင်း ပြိုင်ပွဲ မရှိတာ ကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလို လှပါတယ်ဟု ရေးဖွဲ့ခဲ့သော ကဗျာဆရာကြီး မောင်ချောနွယ် သည် ရွှေပြည်ကြီး တစ်ခုတည်း ၏ အခင်းအကျင်း ကိုသာ စိတ်မောစွာ မြင်သွားတာ ပဲဖြစ်ပေမည်။။

(မော်ဒန်ကဗျာ ကဝိကြီးခမျာ ကျားတံဆိပ် တစ်လုံးနဲ့ မြောက်ဝင်ရိုးစွန်း မှာ မုဒိတာ စကားလုံး တွေ ရေးဖွဲ့မသွားရရှာ..)

နော်ဝေ နိုင်ငံသား တို့၏ စိတ်ရှုခင်းကို ကြည့် ပါလေဦး။ နိုင်ငံ အညွန့် အညှောက် လူငယ်မျိုးဆက် လေးများကို အစုအပြုံ လိုက်သတ်ဖြတ်ခဲ့သည့် လူသတ်သမား ကိုပင် ခွင့်လွှတ်နိုင် ကြလေသည် တဲ့။

ဥပဒေ ကသာ အပြစ်ကို သုတ်သင်ပေးလိမ့် မည်..ဟူသော အတွေးအခေါ်ဖြင့် တိမ်းပါးသွား ကြရှာသည့် လူငယ် မျိုးဆက်လေး များ၏ ကျန်ရစ်သူ မိသားစု များကို ဘယ် လိုနှစ်သိမ့် ကြမလဲ ဆိုသည်ကိုသာ ဦးတည်ခဲ့ကြသည်။

ကျန်ရစ်သူတို့၏ မျက်ရည်များ ကိုသာ သောကစင်အောင် သုတ်ပေးဖို့ ကြိုးစားခဲ့ကြ သည်။

နောက်ထပ် သေနတ်သံများ မကြားရလေ အောင် လူသတ် သမား၏ နောက်ကြောင်း ဘဝကို ခြေရာခံကြသည်။။ ဘယ်လို စိတ်ဒဏ်ရာတွေနဲ့များ ကြီးပြင်း ခဲ့ပါသလဲ။ ဒီလို စိတ်အနာမျိုး လူဘယ် နှစ်ဦးဆီ ကူးစက်နေခဲ့ပြီလဲ။ ကြိုတင် ကာကွယ်ဖို့ ပြင်ဆင်ကြသည်။

ရွှေပြည်ကြီး မှာလည်း စိတ် အနာတွေက များလှပါပကော။ စိတ် အနာတွေပေါ် ဖိဖိမနင်း ကြဖို့။ နာနေသူတွေ ကိုယ်တိုင်လည်း မေတ္တာဆေး ဝါးသောက်သုံး ကုသကြဖို့။ မလွယ်မှန်း သိပေမယ့် တခြား နည်းလမ်းတွေက မိးခိုးတွေ အူလွန်းတယ်။ ထမင်းအိုးလေးတွေ မှောက်လွန်းတယ်။ စာသင် ခန်းလေးတွေ မှောင်လွန်းတယ်။

ဘာပဲဖြစ်ဖြစ်.. ရွှေပြည်ကြီး၏ ပျောက်ဆုံး လောင်ကျွမ်းနေသော အပြုံး တောအုပ်များကို ပြန်လည် စိုက်ပျိုးကြရပါဦးမည်။

သူကိုယ်တိုင် မှာရော… အပြုံးအခက် အလက်တွေ ဝေဆာနေ ပါသေးရဲ့လား။

သစ်ပင်တစ်ပင်၏ ရယ်သံကို ကြားမိသလို လို…

ဓမ္မဂင်္ဂါ


မန္တလေး အတွေး၊ မန္တလေး အရေး

$
0
0

ကြိုတင်ဘွတ်ကင်လုပ်လိုက်ချင်

ပြီးခဲ့တဲ့ တန်ဆောင်တိုင်ည တုန်းကပေါ့။ အလုပ်လည်းအား လူလည်း အနား ရတဲ့ အချိန်လေးမို့ ကိုယ့်မိတ်ဆွေတွေ အတူဆုံကြဖို့ စိတ်ကူးနဲ့ ညစာ ထမင်းဝိုင်းလေး စီစဉ် ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ် တုန်းကလည်း ဒီလို မိတ်ဆုံ ထမင်းစား ပွဲလေး ကျင်းပ ခဲ့ဖူးပါတယ်။ အဲဒီ တုန်းက လားရှိုးက ဒေါက်တာ လင်းထွဋ် နဲ့ စန္ဒရား ဆရာ ဦးသိန်း မောင်တို့လည်း မန္တလေး ကို လာ တာနဲ့ ကြုံနေတော့ ကျွန်တော် ဧည့်ခံတဲ့ ထမင်းစား ဝိုင်းက အော်ဂင် သံ၊ သီချင်းဆို သံတွေနဲ့ တော်တော် လေးစိုပြည် အိုလကေ သွားခဲ့တာ ကလား။ ရာသီဥတုက စိမ့်စိမ့် လေးအေးပြီး နေလို့ထိုင်လို့ ကောင်း ရုံလေး။ ရွှန်းမြတဲ့ လရောင်အောက် မှာ ကျွန်တော်တို့ ဘိုးတော်တွေ အား လုံး မေတ္တာဓာတ်တွေ ကူးစီး ပြီး ငယ်မူ ငယ်သွေးတွေနဲ့ ပျော် ရွှင်နေခဲ့ကြပါတယ်။ ဒီနေရာမှာ ပြောစရာလေး ရှိပါတယ်။ အများ စုက နှစ်သစ်ကူး တွေ့ဆုံ ညစာစား ပွဲတို့ သင်္ကြန် တွင်းဆုံတာ တို့လုပ်ပေ မယ့် ကျွန်တော် မှာတော့ တန်ဆောင် တိုင် ညမှာ စီစဉ်ရခြင်းက အကြောင်း ရှိတာကိုးနော။

ကျွန်တော်တို့ ငယ်ဘဝက မန္တလေးမှာ သင်္ကြန်ပြီးရင် တန်ဆောင် တိုင်ရက်တွေက ပျော်စရာ အကောင်း ဆုံးပါ။ တန်ဆောင်မုန်း လဆန်း (၁၄)ရက် (အဖိတ်နေ့ ) ရောက် ရင် စစ်ကိုင်းကို ကထိန်ခင်း သွားကြလို့ တစ်မြို့လုံး ချောက်ကပ် သွားလေ့ရှိ ပါတယ်။ အဲဒီညက စစ်ကိုင်းတောင် ဟာ မန္တလေးက ပရိသတ်တွေနဲ့ ပြည့်နေပါတယ်။ ဒါပေမဲ့ နှစ်တွေ လည်း ကြာညောင်း၊ ခေတ်တွေလည်း ပြောင်းလဲ သွားတဲ့အခါ အနေ အထားတွေ ကလည်း ပြောင်းလဲ သွားပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် ဆယ် လောက် က စပြီး ရပ်ဝေး နေရာတွေ ကို ကထိန် သွားခင်းကြတာ မျိုးတွေ ရှိလာပါတယ်။ ဒီလိုနဲ့ တန်ဆောင်တိုင် အချိန် ဆိုရင် မန္တလေး ကထိန်တွေ ဟာ စစ်ကိုင်းကို တဖြည်းဖြည်းမေ့ လျော့ သွားကြပါတယ်။ မူဆယ်တဲ့၊ မော်လမြိုင်တဲ့၊ ကျိုက်ထီးရိုးတဲ့၊ ငပလီတဲ့၊ အဲဒီလို ဝေးလံတဲ့ နေရာ တွေအထိ ကထိန်ခင်း သွားကြတော့ တာပါ။ အချို့ က တောင်ကြီး တန်ဆောင်တိုင်ကို သွားကြပြန်ပါတယ်။ ဒီလို နဲ့ နှစ်တွေ ပြောင်းရွှေ့လာရင်း လွန်ခဲ့တဲ့ ၅နှစ် လောက်က ထင်ရဲ့၊ ပြင်ဦးလွင် မှာ တန်ဆောင် တိုင် ရက် မီးပုံးပျံပွဲ ကျင်းပတော့ မန္တလေးက လူငယ်တွေ အဲဒီကို ရောက်သွား ကြပါ လေရော။ သွားရေး ၊လာရေးကလည်း အရင်က နဲ့ မတူတော့ဘူး။ ဆိုင်ကယ် တွေ ဖော ချင်းသောချင်း ဖြစ်နေတာ မို့ မိုင်လေးဆယ်လောက် ရှိမယ့် ပြင်ဦးလွင်ကို ဆိုင်ကယ် နဲ့ဒိုးကြ တော့တာပါ။ သူတို့ခေတ် နဲ့ သူတို့ အရွယ်၊ ပျော်ပျော်ပါးပါး သွားကြ လာကြ၊ အဲ … ကျွန်တော် တို့ ကတော့ တဖြည်းဖြည်း အိုပယ် ဘဝ ထဲရောက် လာလေသမို့ တန်ဆောင် တိုင်ရောက်ရင် အိမ်မှာ ဘုတ်ထိုင် ထိုင်ရင်း အိမ်စောင့် အဖြစ် ကျန်ရစ်ရ ပါလေရော။ ဒါကြောင့်မို့ ကျွန် တော်က အိုပယ်တွေ စုပြီး ညစာစားပွဲ စီစဉ်ရ ခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်တော့ အရင် တစ်ခါ ကလောက် လူမစုံတော့ဘူး။ မိတ်ဆွေ ရှေ့နေကြီး ဦးထွန်းအောင် ကျော်ကလည်း ဖျားနေလို့ မလာနိုင်။

ဦးဘိုလေး ကလည်း သူ့လေဒီ နေမကောင်းလို့ ဆေးခန်းပို့ရမှာမို့ ဆောရီး လုပ်လိုက်ပြန်ပါတယ်။ သူ့ လေဒီ မမမြကို ဆေးခန်းပို့ပြီး အိမ်မှာ တစ်ယောက်တည်း ထားခဲ့ လို့ လည်း မဖြစ်ဘူးလေ။ သူတို့ခမျာ လည်း အိမ်က ကလေးတွေ တန် ဆောင်တိုင် မှာ အပြင်ထွက် လည်ကြ တော့သည် လင်မယား နှစ်ယောက် ပဲအိမ်စောင့် အဖြစ် ကျန်ရစ် ရရှာ တာပါ။ ဒီတော့ ကျွန်တော့်ရဲ့ ညစာ စားပွဲဟာ မန္တလေး သောက် ရေသန့်က ကိုကြီးတင်၊ မဟာနန္ဒာ ကိုမျိုးဝင်း၊ ဆရာဆူးငှက်၊ ဆရာ နေဝင်းမြင့်၊ ဆရာ မခင်ခင်ထူး တို့ ဇနီးမောင်နှံ နဲ့ ဥတ္တရလွင်ပြင် ကိုသန်းဌေး တို့နဲ့ပဲ ဝိုင်းဖွဲ့ လိုက်ရ ပါတယ်။ ကျကျနန စားဖွယ်သောက် ဖွယ်တွေ နဲ့စီစဉ်ထားတဲ့ ကျွန်တော့်ရဲ့ ညစာစားပွဲ ဟာ ကိုယ့်လူတွေက သိပ်အား မပေးနိုင်ကြရှာပါဘူး။ ကို ဆူးကလည်း နှလုံးသွေးကြော က ဘာဖြစ်လို့ ဆိုလား။

ထမင်းမစားခင် သောက်ဆေး လေးနဲ့ အရင်ဆုံး နှစ်ပါးသွား လိုက် ရပါတယ်။ ကိုနေဝင်းမြင့် ကလည်း ဆီးချို၊ သွေးတိုးတွေ ရှိသမို့ အစား အသောက်ကို စိတ်ထင်တိုင်း မကြဲ နိုင်ရှာတော့ပါဘူး။ ကိုမျိုးဝင်း နဲ့ ကိုကြီးတင် တို့လည်း ထိုနည်းလည်း ကောင်း အတိုင်းပေါ့။ ကျွန်တော် လည်း သွေးတိုးက ရှိ၊ အစာအိမ် ရောဂါက မပင့်မဖိတ် ဘဲ ရောက် လာလို့ အစားအစာ ကို ဘရိတ်နဲ့ တို့ထိမြည်းကြည့် ရုံလောက်ပဲ လုပ် နိုင်ပါတော့တယ်။

အားလုံး ထဲမှာ ဒေါင်ဒေါင်မြည် ဆိုလို့ ကိုသန်းဌေး (ဥတ္တရလွင်ပြင်) ပဲ ရှိပါတော့တယ်။ သူက ကျွန်တော့် ထက် ၂နှစ်၊ ၃နှစ်လောက် အသက် ကြီးပေမယ့် ကျန်းမာ သန်စွမ်း မြဲ၊ ပေါ့ပေါ့ပါးပါး သွားနိုင် လာနိုင်မြဲ။ သူ့ကို ကြည့်ရင်း မနာလိုတောင် ဖြစ်သွားမိပါတယ်။

အဲဒီညက ရောက်လာတဲ့ ကျွန်တော့် မိတ်ဆွေတွေကို ကြည့်ရင်း သက်ပြင်း မှုတ်ထုတ် လိုက်မိပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က ညစာစားပွဲဆုံ ကြတဲ့ သူတွေ ကလည်း ဒီလူတွေ ပါပဲ။ ဒါပေမဲ့ စိတ်နောက် ကိုယ်ပါ မဟုတ် တော့ဘဲ ခန္ဓာက မီးဝါပြနေပါ ပြီ။ အစားအသောက်လေး မှားတာ ဖြစ်ဖြစ်၊ အနေအထိုင် မဆင်ခြင် မိလို့ ပဲဖြစ်ဖြစ် ရောဂါတွေ က ဝင်လာဖို့ တာစူနေပါပြီ။ ပြီးတော့ အရင် ကလို မဟုတ်ဘဲ အကြမ်း ပတမ်းခံနိုင် စွမ်းရည် ကျလာခဲ့ပါတယ်။

ချစ်ချစ်ကတော့ ကိုယ့်ထက် တောင် ချူချာသေးဗျာ။ ရောဂါ ကလည်း တယ်ပြီး ပေါလှပါတယ်။ ရောဂါ စုံတော့ သောက်ဆေးတွေ ကလည်း အမယ်စုံတယ်။

 ဆွေမျိုးတွေ ထဲမှာ တူမ ဆရာဝန် တစ်ယောက် ရှိလို့သာပေါ့။ နို့မဟုတ်ရင် မချောင်…။ ကျွန်တော်တော့ ချစ်ချစ် ကိုကြည့်ရင်း … အိုး … တော်ပြီ၊ တော်ပြီ၊ သူ့အကြောင်း ကို ဒီထက်ပို ရေးလို့ မဖြစ်ဘူး။ သူက ကိုထွန်း ရဲ့ စာဖတ် ပရိသတ် ဆိုတော့ လစဉ် ရတီ မဂ္ဂဇင်း ထွက်တိုင်း အငှားဆိုင် က အဦးဆုံး ငှားပြီး ကျွန်တော့် ရဲ့ မန္တလေး အတွေး၊ မန္တလေး အရေးထဲမှာ သူ့အကြောင်း ဘာတွေများ ရေးထား သတုန်းဆိုပြိး ဖတ်သတဲ့။ မဟုတ်တာတွေ ရေးလို့ တော့ အကြောင်း သိရစေ့မယ်တဲ့။ အလိုလေး ဗျာ၊ ကြိမ်းဝါး လိုက်ပုံ က ကြောက်စရာပါလား။ အဲဒါကြောင့်မို့ ဤမှာတင် ဒက်စတော့ အုပ်လိုက်ရ တာပေါ့နော။

အမှန်တော့ ကျွန်တော်က လည်း မကောင်းဘူး။ ဘယ်လို ဥာဉ်ရယ်မသိ၊ ချစ်ချစ် စိတ်တိုရင် ပိုပြီး ဒေါသဖြစ်အောင် စချင်ကလိ ချင်တာကလား။

အဲသမှာ သူစိတ်ဆိုး သွားပြီး ကျွန်တော့်ကို မခေါ်မပြောတော့ဘူး။ ဒါပေမဲ့ ကြာရှည် ကြီးနေလို့ ဘယ် ဖြစ်ပါ့မလဲ။ စိတ်ဆိုးနေတဲ့ အချိန် စာပေဟောပြော ပွဲတွေ ထွက် ရတော့ သူ စိတ်ဆိုး ပြေရပြီလေ။ ကျွန်တော့် အတွက် အဝတ်အစားတွေ၊ သောက် ဆေးတွေ နဲ့ ပရုတ်ဆီဗူး ပါ မကျန် ထည့်ပေးရင်း ဘယ် ပစ္စည်း က ဘယ် နေရာမှာ ထည့်ထားတယ် စသဖြင့် မှာရလို့ စကား မပြောဘဲ မဖြစ်တော့ ဘူးပေါ့။ လင် နဲ့မယား လျှာနဲ့သွား တဲ့။ တစ်ခါ တလေတော့လည်း ထိမိ ကိုက်မိကြမှာပေါ့။ ဘာ ထူးဆန်း တာ မှတ်လို့။ ကျွန်တော်က စာပေ ဟောပြောပွဲတွေ ကို ကိုယ့် ဝန်းကျင် အနီးအနားလောက် ပဲ လက်ခံပါ တယ်။ ရပ်ဝေး ခရီးတွေတော့ သွားခဲ ပါတယ်။ ဟောပြော တာ က အချိန် တစ်နာရီကျော်၊ သွားရတဲ့ ခရီးက နေကုန် နေခန်းမို့ ကြာတဲ့ အခါ ခရီး ပန်းတဲ့ ဒဏ်ကို မခံနိုင်တော့ဘူး။ အသက် အရွယ်ကြောင့်လည်း ပါ မယ် ထင်ပါရဲ့။ ဒါပေမဲ့ ကျွန်တော့် ဆရာ ဆရာ ဦးကိုလေး (အင်းဝ ဂုဏ်ရည်) ကတော့ စွမ်းပါပေဗျာ။ တစ်လတစ်လ သွားလိုက်တဲ့ စာပေ ဟောပြောပွဲ ခရီးတွေက အနီး အဝေး စုံသမှစုံ။ အသက် (၈ဝ) နားကပ်နေ တာတောင် ယနေ့ အချိန် အထိ ကျန်းမာ ရွှင်လန်းနေတဲ့ ကျွန်တော် တို့ ဆရာပါ။ ပြောရရင် မြန်နှုန်းမြင့် တဲ့ ခေတ်မှာ ဆရာက ခေတ် နဲ့အတူ လိုက်နိုင်နေ တာဖြစ်ပါတယ်။ ကဲ … ကိုယ့် ဆရာတောင် အား ကောင်း မောင်းသန်ဖြစ်နေရင် ကိုထွန်း… နင်က ဘာလို့ ထုံထိုင်း လေးလံ နေရသလဲ။ ကြိတ်လိုက် စမ်း ကွာ … လို့ ကိုယ့် ကိုယ်ကိုယ် အင်အားတွေ တိုးပြီး မာန်တင်း လိုက် ရပါ တော့တယ်။ အမှန်တော့ ခေတ် ကလည်း အဲဒီလို လှုပ်ရှားနိုင်မှ ကျွန်တော် တို့ကို လက်ခံမှာပါ။

အမြန်ခေတ် ဆိုတဲ့ အတိုင်း သွားလာရေး၊ ဆက်သွယ်ရေး တွေ ကလည်း အရင်ကထက် ပိုပြီး ကောင်းလာပါတယ်။ ကျွန်တော် တော့ အခြား စီးပွားရေး လုပ်ငန်း တွေ ထက် ခရီး သွားလာရေး ကဏ္ဍမှာ ပုဂ္ဂလိက ပြိုင်ဆိုင်မှုတွေ အားကောင်း လာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရန်ကုန်- မန္တလေး ခရီးသည် တင်ကား ပြေးဆွဲ မှုတွေ ပေါ့။ လေအိတ် ကားတဲ့၊ ကားအဲကွန်း ပါမှတဲ့။ မော်တော်ကား လိုင်းတွေက လည်း တစ်နှစ်ထက် တစ်နှစ် တိုးချဲ့ လာတာကို သတိပြုမိပါတယ်။ ပြီးခဲ့ တဲ့ ဝါဆိုပွဲက ရွာကို ခဏပြန်သွား တော့ ရန်ကုန်မှာ ဝန်ထမ်း ဖြစ်နေတဲ့ တူမလေး တစ်ယောက် နဲ့ တွေ့ဖြစ်ပါ တယ်။ အရင်တုန်း က ရန်ကုန် နဲ့ ရွာ မပြောနဲ့။ ရွာကနေ မန္တလေး ကိုသွား ရတာတောင် အတော် မလွယ်တဲ့ အဖြစ်ပါ။ ရွာက မုံရွာကို သွား၊ ပြီးမှ မုံရွာ မန္တလေး ပြေးဆွဲနေတဲ့ ဘတ်စ် ကားတွေစီး၊ အဲသလို ခရီးသွားလာ ခဲ့ရပါတယ်။ အခုတော့ဖြင့် မဟုတ် ဘူး။ ရွာ နဲ့ ရန်ကုန် တစ်နေ့ မော်တော် ကား ၃စီးနဲ့ တိုက်ရိုက် ပြေးဆွဲနေ သတဲ့။ ကျွန်တော့်မှာ အံ့သြလွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားပါ တယ်။

”ခရီးသည်ကော ရကြရဲ့လား” ကိုယ့်အလုပ် မလုပ်ဘဲ မဆီမဆိုင် မေးမိတဲ့ ကျွန်တော့်ကို အနားမှာ ရှိတဲ့ ဦးလေးက ပြုံးရယ်ရင်း ခရီးသည် တွေက ပေါပါ့မောင်၊ ကုန်ရော၊ ခရီးသည်ရော နေ့တိုင်း အပြည့်ကွလို့ ပြောလိုက်ပါတယ်။ ဟုတ်တာပေါ့။ လေးငါးဆယ်နှစ် အတွင်း မြန်မြန် ဆန်ဆန် ဖွံ့ဖြိုးလာတဲ့ ရွာရဲ့ အခြေအနေ ကို ကျွန်တော်မေ့ေ တယ်။ အခုအခါမှာ ရွာကလူတွေ ရန်ကုန် လောက်တင် မဟုတ်တော့ဘဲ မလေးရှား၊ စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယား အထိ ခြေဆန့်နေကြ တာပါ။ အရင် တုန်းကပဲ အိတ်တွေ၊ နှမ်းအိတ် တွေ အပြည့် တင်ပြီး တအိအိ မောင်းနှင် နေတဲ့ ကုန်ကားကြီးပေါ် လိုက်လာ ရတဲ့ အတွေ့အကြုံ နဲ့ လူလား မြောက် ကြီးပြင်း လာရတဲ့ ကျွန်တော် ဟာ ရွာရဲ့ အပြောင်းအလဲကို ကြည့် ပြီး ဂလိုဗယ်လိုက်ဇေးရှင်း ထဲက ရွာပါကလား ကွယ်လို့ မှတ်ချက်ပြု လိုက် ရပါတော့တယ်။ ရပ်ဝေး ခရီး ထွက်ဖို့ တွန့်ဆုတ်နေတဲ့ ကျွန်တော် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကုန်ပိုင်းက ရန်ကုန်ကို နေ့ချင်းပြန် ခရီးတက် သုတ်ရိုက် သွားလိုက်ရပါတယ်။ မန္တလေးက GI ခရီးသည် ကားကို ညမှာစီး ၊ နောက် တစ်နေ့ ရန်ကုန် ရောက်၊ တစ်နေ့ခင်းလုံး ကိုယ့် အလုပ်ကိစ္စအတွက် လုပ်စရာရှိတာ လုပ်၊ ည ၉ နာရီရောက်တော့ ရန်ကုန် က ပြန်လာခဲ့ ရတာပါ။ မော်တော် ကား လက်မှတ် ကို အသွားအပြန် ဝယ်ထားလို့ အဆင်ပြေပါတယ်။ ခရီးသွားမယ့် ညက မန္တလေး ချမ်းမြ ရွှေပြည် မော်တော် ကားကြီး ဝင်းထဲ ကို သွားရပါတယ်။ ကျွန်တော် ရန်ကုန် မသွားဖြစ်တာ တစ်နှစ်နီး ပါး ရှိနေပါပြီ။ မော်တော် ကားကြီး ဝင်းထဲမှာ များလွန်းတဲ့ ခရီးသည် လေအိတ် ကားတွေကို ကြည့်ရင်း အံ့အားသင့်နေမိ ပါ တယ်။ နေ့စဉ် သွားလာနေ ကြတဲ့ ခရီးသည်တွေ ပေါလွန်း လို့လည်း ပြေးဆွဲနေတဲ့ မော်တော်ကားတွေ ပေါများ လာခဲ့တာပါ။ အရင်တုန်းက မန္တလေး ချမ်းမြ ရွှေပြည် မော်တော်ကားကြီး ဝင်းဟာ ကုန်တင်ကားတွေ၊ ခရီးသည် ကားတွေနဲ့ ပြည့်သိပ်နေပါတယ်။ အခုတော့ ကုန်တင်ကားတွေ က မန္တလေးမြို့ ရဲ့ တောင် ဘက် အစွန်ဆုံး စွယ်တော် ကားဂိတ်ကို ရောက်သွားလို့ ခရီးသည် ကားတွေပဲ ကျန်ရစ်ခဲ့ပြီး နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ မော် တော်ကားကြီး ဝင်း ရဲ့ ပုံစံက ဘာမှ ပြောင်းလဲမှု မရှိပါဘူး။ စည်းကမ်းမဲ့ ဆိုင်ကယ် တက္ကစီတွေ၊ မော်တော် ကား အချို့နဲ့ ဆိုင်ကယ်တွေ ကလည်း ယာဉ်ကြော မှားပြီး ဝင်ချင်သလို ဝင် ထွက်ချင် သလိုထွက်၊ ခရီးသည်ကား တွေ ရပ်ထားရတဲ့ နေရာတွေမှာ လည်း မိုးရွာတဲ့ အခါ ဗွက်ထနေလို့ အဲဒီအထဲမှာပဲ ဖြစ်သလို မော်တော် ကားရပ်၊ ခရီးသည်တွေ တင်၊ တော် တော် စိတ်ပျက်ဖို့ကောင်းတဲ့ မြင် ကွင်းပါ။ မော်တော် ကားကြီး ဝင်းထဲ ဝင်လာတဲ့ ယာဉ်မှန်သမျှ ဂိတ်ဝင်ကြေး ကောက်ခံတတ်ရုံက လွဲလို့ သင့်တင့်တဲ့ ဝန်ဆောင်မှု ဘာမှလုပ် ပေးဖော် မရပါဘူး။ တံခါးဖွင့် လိုက်လို့ နိုင်ငံခြား ခရီးသည်တွေလည်း မန္တလေးကို အရောက် အပေါက် များ နေပါပြီ။ ဘယ်နေရာမှာ ဘယ် လိုဖြစ် နေလို့ နိုင်ငံခြားသားတွေ မြင်ရင် ရှက်စရာ ကောင်းတယ်လို့ ပြောကြ၊ ရေးကြတဲ့ စာတွေ ကို အစိုးရ ထုတ် သတင်းစာတွေမှာ ရံဖန်ရံခါ ဖတ်ရပါတယ်။ ရှက်ရမှန်း သိရင် မိမိ ကိုယ်တိုင် အဦးဆုံး ပြုပြင်ရမှာပါ။ လူတွေကို အပြစ်တင်စရာ၊ အပြစ် ပုံချစရာ အကြောင်း မရှိပါဘူး။

ရန်ကုန်မှာ တစ်နေကုန် အလုပ်လုပ်ပြီး မော်တော်ကားက ည ၉ နာရီမှ ထွက်မှာဖြစ်ပေမယ့် ရန်ကုန်ရဲ့ မော်တော်ကား အသွား အလာ ကျပ်တည်းမှု ကို စိုးရိမ်တာ နဲ့ ည ၇နာရီခွဲ ကတည်းက တက္ကစီ ငှားပြီး အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်ကို သွားခဲ့ပါတယ်။ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားကြီးဝင်း ကတော့ မန္တလေး ချမ်းမြ ရွှေပြည် မော်တော်ကားကြီး ဝင်းနဲ့ နှိုင်းယှဉ်ရင် စနစ်ကျတာကို သတိပြု မိခဲ့ပါတယ်။ ဒါပေမဲ့ အောင်မင်္ဂလာ အဝေးပြေး ကားကြီးဝင်း မှာ လည်း ဖြည့် စွက်ဆောင် ရွက် စရာတွေကျန် ပါသေးတယ်။ ခရီးသည်တွေ သွား လာရေး အတွက် စိတ်တိုင်း ကျအောင် ဆောင်ရွက်တဲ့ နေရာမှာ ခရီးသည် တင် မော်တော်ကားတွေ တင် မဟုတ် ဘဲ မော်တော်ကား တွေ ရပ်နားရတဲ့ နေရာမှာ သူ့နေရာ နဲ့သူ စနစ် တကျဖြစ်ဖို့ သန့်ရှင်းဖို့ ကိစ္စတွေ ဆောင်ရွက်ကြရမှာပါ။

မော်တော် ကားပေါ် တက်ဖို့ ဟန်ပြင်နေတုန်း လူ တစ်ယောက်က ပခုံးကို တို့လိုက်လို့ လှည့်ကြည့် လိုက်မိပါတယ်။

ဟာ … စိုးလှ။ မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့ သူ့ကို တွေ့လိုက်ရ လို့ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ စိုးလှက ညီလို ခင်မင်နေတဲ့ သူငယ်ချင်းပါ။ ပြီးမှ သူ့အကြောင်း ကို ပြန်ပြီး သတိရ လိုက်မိပါတယ်။ သူက GI မော်တော်ကား အသင်းရဲ့ ဘာမှန်းမသိတဲ့ နေရာမှာ တာဝန်ယူ ထားရတာတဲ့။ မင်းနေရာက အုပ် ချုပ်ရေးမှူး ရာထူး လား မေးလိုက်တော့ အဲသလိုလည်း မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ရန်ကုန် -မန္တလေး၊ မန္တလေး -မူဆယ်၊ ရန်ကုန် – ကော့ကရိတ် စသဖြင့် မော်တော် ကားတွေ ချောချော မွေ့မွေ့ ပြေး ဆွဲနိုင်ဖို့က သူ့ တာဝန်တဲ့။ ကိုယ့်နေရာ ကိုယ့် ရာထူးက ဘာမှန်းတော့ မသိဘူး အစ်ကိုရေ။ ခဏနေ ရန်ကုန် ရောက် လိုက်၊ ပြီးတော့ ကော့ကရိတ် သွား လိုက်၊  တစ်ခါ မူဆယ်မှာ ရက်တစ် ပတ်လောက် ရုံးထိုင်လိုက်ပဲ ပြော လိုက်လို့ ကျွန်တော့်မှာ ရယ်လိုက်ရ တာ။ သူ့အနေအထား က ဥပမာ ပေးရရင် ဌာန လက်ကိုင်မရှိတဲ့ ဝန်ကြီး ဆိုတာမျိုးလည်း မဟုတ်၊ လုပ်စရာ နေစရာတွေ များပြားပြီး ရာထူး မရှိတဲ့ သူလို့ပြောရမလား။ ဒီမှာတင် ချစ် စရာကောင်း တဲ့ ကျွန်တော် တို့ မန္တလေးရဲ့ စီးပွားရေး လုပ်ငန်း ဆောင်ရွက်ပုံကို သတိရ လိုက်မိပါတယ်။ မန္တလေး သားတွေ စီးပွား ရေးလုပ်ကြတာက ရန်ကုန် နဲ့ မတူဘူး။ ဒါရိုက် တာတွေ၊ မင်ဘာ အဖွဲ့ဝင် ရာထူးတွေ မထားကြ၊ မယူ ကြဘူး။ စီးပွားရေး လုပ်ငန်းတစ်ခုမှာ သူသည် အရေးပါ အရာရောက် သူဖြစ်သလို သူသည် အဲဒီ လုပ်ငန်း ရဲ့ ဝန်ထမ်း အလုပ် သမား တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ကို ကြည့်ရင်း မိတ်ဆွေ ကိုဘိုလေးကို သတိရ လိုက်မိပါ တယ်။ လွတ်အိတ်ကြီး လွယ်ပြီး ဟိုင်းလတ်ကား နဲ့ သွားလာနေတဲ့ ကိုဘိုလေးဟာ ပေါ့သေးသေး မဟုတ်။ သူ့ သူငယ်ချင်း ရဲ့ ကုမ္ပဏီ မှာ Human Resources Manager တဲ့။ ကျွန်တော်က နားမလည်လို့ အဲဒါကို မြန်မာလို ဘယ်လို ခေါ်သလဲ မေးလိုက်မိပါ တယ်။ သူက ပြုံးဖြဲဖြဲ နဲ့ အင်္ဂလိပ်လို ကတော့ တော်တော်ကြီး ကျယ်နေ တာ။ အလုပ်သမားတွေ ကြီးကြပ် နေရတာ ဖြစ်လို့ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်လိုက်ရရင် ကူလီခေါင်း ပါပဲ ဆိုပြီး ပြောလိုက်ပါရော။ ကဲ သူ့အလုပ် နဲ့ သူ့ရဲ့အဓိပ္ပာယ် ဖွင့်ဆို ချက်က ဘယ်လောက် လက်တွေ့ ကျပါသလဲ။

 စိုးလှနဲ့တွေ့မှ အပြိုင် အဆိုင် ဝန်ဆောင်မှုတွေနဲ့ မော်တော် ကားပြေးဆွဲနေကြပုံကို အနည်း အပါး သိချင်လာတာနဲ့ မေးမြန်း ကြည့်မိပါတယ်။

အထူးသဖြင့် ရန်ကုန် -မန္တလေး ပြေးဆွဲနေတဲ့ ခရီးသည်တင် မော် တော် ကားတွေမှာ ဝန်ဆောင်မှု အတွက် အမျိုးသမီး ဝန်ထမ်းတွေ ထားတာကို တွေ့ရလို့ပါ။

လေယာဉ်ပေါ်မှာ လေယာဉ် မယ် ရှိသလိုမျိုးပေါ့။ သူတို့ကို မော်တော်ယာဉ် မယ်လို့ အမည်ပေး ရင် ကောင်းမလား၊ ဒါလည်း သိပ်မကြိုက် လှပါဘူး။ ကျွန်တော် ပေးတဲ့ နာမည် က သိမ်နုပ်တယ်လို့ ထင်လို့ပါ။ အမျိုးသမီး ဝန်ထမ်းတွေ အတွက် လစာ ဘယ်လိုပေးသလဲ မေးလိုက်တော့ စိုးလှက လစာ နဲ့ မဟုတ်ဘူး။ ခေါက်ရေ နဲ့ ပေးရတာ။ ရန်ကုန် နဲ့မန္တလေး အသွား တစ် ခေါက် ရှစ်ထောင်ကျပ် ရတဲ့ အကြောင်း ပြောကြပါတယ်။ မူဆယ်တို့ ကော့ကရိတ် တို့ကို သွားရ ရင်ရတဲ့ငွေ က ဒီထက်ပို သွားပါပြီ။ ဒီတော့ ကလေး မလေးတွေ တစ်လ ၂သိန်း နီးပါး ဝင်ငွေ ရှိတဲ့ အကြောင်း သိရပါတယ်။ ဒီဝန်ဆောင်မှု လုပ်ငန်း ကို အလုပ်လုပ်ချင်တဲ့ သူတွေ ပေါသတဲ့။ အလုပ် လျှောက်လွှာ တွေ စိစစ်ရွေးချယ်၊ သင်တန်းပေး၊ လက်တွေ့ စစ်မေးပြီးမှ ခန့်သတဲ့။ ဒါကြောင့် ထင်ပါတယ်။ ဝန်ထမ်းဖြစ်တဲ့ ကလေးမလေးတွေ ရဲ့ဝတ်စား ဆင်ယင်မှု နဲ့ ပြောဆို လုပ်ကိုင်မှုတွေ ဟာ ခရီးသည်တွေ အတွက် ကျေနပ် စရာဖြစ်ပါတယ်။ သူတို့အတွက် ဝတ်စုံဖိုး က တစ်သိန်းကျတဲ့ အကြောင်း၊ မိတ်ကပ်ဖိုး လည်း မော် တော်ကား အသင်းက ကျခံပေးရ တဲ့ အကြောင်း၊ စနစ် ကျကျဆောင် ရွက်ပေးသလို ရတဲ့ လခကလည်း ကောင်းတာမို့ မန္တလေးက နာမည်ကြီး ကျူရှင် တစ်ခုမှာ တစ်လ ၇ သောင်းကျပ် နဲ့ အလုပ်လုပ်နေတဲ့ ကလေးမလေး တစ်ယောက်လည်း သူတို့ဆီမှာ ဝန်ထမ်း လာလုပ်တဲ့ အကြောင်းလည်း ပြောပြပါသေး တယ်။

စိုးလှနဲ့ စကားပြောရင်း အောင် မင်္ဂလာ အဝေးပြေးမော်တော် ကားကြီးဝင်း ထဲမှာ တန်းစီ ရပ်ထားတဲ့ မော်တော်ကားတွေကလည်း ငေး စိုက်ကြည့်နေ မိပါတယ်။ အဲသ လို ကြည့်ရလောက်အောင် ကောင်း သထက်ကောင်းတဲ့ မော်တော်ကား တွေ ချည်းဖြစ်လို့ပါ။ တရုတ်ကလာတဲ့ ခရီးသည်တင် လေအိတ် မော်တော်ကား ကတော့ တစ်စီး ကို သိန်း ၁၂ဝဝ ရှိသတဲ့။ ဟောဟို အသစ် ကျပ်ချွတ် မော်တော်ကားကြီးတော့ ဂျာမဏီက လာတာဖြစ်ပြီး တစ်စီး ကိုသိန်း ၂၄ဝဝ တန်သတဲ့။ ရန်ကုန်-မန္တလေး ပြေး ဆွဲနေ တဲ့ မော်တော် ကား အသင်းတွေဟာ ကိုယ့်မော် တော်ကားကို ခရီးသည်တွေ စီးချင် အောင် ဝန်ဆောင်မှုတွေ ကြိုးစား ဆောင်ရွက်နေ ကြတာ ဖြစ်ပါ တယ်။ မော်တော်ကား အသင်းဟာ ရန်ကုန် -ကော့ကရိတ် ပြေးဆွဲရာမှ လုပ်ငန်း ချဲ့ပြီး မြဝတီ အထိ ပြေးဆွဲဖို့စီစဉ်နေ တာကို သိလိုက်ရပါတယ်။ ခရီးစဉ် တွေ မများ လွန်း ဘူးလားကွာ။ မြဝတီအထိ လုပ်ငန်း ချဲ့ဖို့ လိုသလား ကျွန်တော်က မေးလိုက်တော့ မလုပ် လို့မဖြစ်ဘူး အစ်ကိုရ။ မကြာခင်မှာ ထိုင်းဘက် ကလည်း ရန်ကုန် အထိ ဒီခရီးစဉ် ပြေးဆွဲဖို့ စီစဉ်နေကြ ပြီလို့ ပြောလိုက်ပါတယ်။ ဟုတ်ပါ တယ် လာမယ့်နှစ် ဆိုရင်ထိုင်းနိုင်ငံ ဘက်က မော်တော်ကားတွေ မြဝတီ – ရန်ကုန်လိုင်း ကို ဝင် လာတော့ မှာ ဖြစ်ပါတယ်။ အလားတူပဲ အိန္ဒိယ နိုင်ငံ မိုးရေး နဲ့ မန္တလေးကိုလည်း အိန္ဒိယဘက်က မော်တော်ကားတွေ ပြေးဆွဲဖို့ စီစဉ်နေကြောင်း သိရပါ တယ်။ အချိန် တန်တော့ မော်တော် ကား ထွက်တော့မှာမို့ စိုးလှကို နှုတ်ဆက်ပြီး မော်တော် ကားပေါ်ကို တက်လိုက်ပါတယ်။ အအေးဓာတ် သိပ် မကြိုက်လို့ မော်တော်ကားပေါ် မှာ စောင် ခြုံပြီး သက်သောင့်သက် သာ လှဲ လိုက်ပါတယ်။ တစ်ယောက် ခုံဝယ်ထားလို့ အနားက ခရီးသည် အတွက် စိတ်အနှောင့် အယှက် ဖြစ်စရာ မလိုတော့ဘူးပေါ့။ လဆုတ် ရက်ဖြစ်လို့ လမ်း တစ်လျှောက် ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင် နေပြီး အချို့ နေရာတွေမှာ ဖန်ချောင်း မီးရောင် အလင်းဖျော့ ဖျော့ကို ကွက်တိ ကွက် ကြား တွေ့ရ ပါတယ်။ နောင် သုံးလေးနှစ် ကြာရင် ခရီး သွားလာမှုတွေ ဘယ်လိုရှိမလဲ မေးရင် ယခုထက် တိုးတက် လာမှာ ပါလို့ ကျိန်းသေပေါက် ပြောနိုင် ပါတယ်။ ပြီးတော့ ယနေ့ ပုဂ္ဂလိကတွေ ဘာ ကြောင့် အားထုတ် ပြိုင်ဆိုင်မှုတွေ လုပ်ရသလဲ ဆိုရင် ခရီးသည်တွေ က ကျေနပ်ထောက်ခံမှု ကို ရချင်လို့ ဖြစ်ပါတယ်။ ဝန်ဆောင် မှု ကောင်း သထက် ကောင်းအောင် ဆောင်ရွက် ပေးနိုင်မှလည်း နှစ်ခြိုက် အားပေးကြ မှာပါ။ အစိုးရနဲ့ အစိုးရ လုပ်ငန်းဌာန တွေလည်း ထိုနည်းတူ စွာပါပဲ။ ရိုးရိုး လွယ်လွယ် ပြောရရင် ပြည်သူလူထု က ရွေးကောက် တင်မြောက်တဲ့ အစိုးရဟာ ပြည်သူလူထု ရဲ့ အရေး ကိစ္စကို ဆောင်ရွက်ပေး နိုင်မှ သဘောကျကြ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ သံသရာ ခရီးသည် တွေဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ခရီးသွားနေ ကြရတာပါ။ ခရီး သွားကြရင်း ခေတ်ဆိုတဲ့ မှတ်တိုင်တွေ၊ နှစ်တွေ သက္ကရာဇ် တွေကို ဖြတ်သန်း လာ ခဲ့ကြပါပြီ။ ဒီလို သွားကြ ရတာကို စိတ်ကျေနပ်မှု ဖြစ် အောင် အစိုးရက ဆောင်ရွက် ပေးရ မှာပါ။ ဒီမို ကရေစီ ခေတ်မှာ အစိုးရ ကို ပြည် သူ လူထုက မွေးထုတ်ပေး လိုက်တာကိုးနော။

ယင်း သမို့ကြောင့် ကျွန်တော်က အစိုးရ ဆိုသည်မှာလည်း ပြည်သူ လူထု က ပေးအပ်သည့် တာဝန်ကို ပြည်သူလူထု အကျိုး စီးပွား ဖွံ့ဖြိုးရေး အ တွက် ဆောင် ရွက် ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း တစ်ခုသာ ဖြစ်ပါ ကြောင်း ဒက်ဖနေရှင်း ဖွင့်၍ သကာလ အဆိုပါ ဝန်ဆောင်မှု တွင် အားလုံး စိတ် ကျေနပ်အောင် ဆောင်ရွက်ပေးဖို့ လိုပါကြောင်း၊ ငါ့ကျောင်းနေ ငါ့ ဂါထာရွတ်ရမှာပဲ ဆိုသည့် အတွေး အမြင်တွေ ခေတ် ဟောင်းမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှု ဆိုသည် မှာလည်း လုပ်ငန်း သဘော အရတင် မဟုတ်ဘဲ စေတနာ ကောင်းတွေ ဖြည့်စွက်ပေးဖို့ လိုပါကြောင်း၊ ဒါမှသာလျှင် ကျွန်ုပ်တို့က မဆွတ်ခင် ကတည်းက ညွတ်ကျပြီး တုံ့ပြန် မေတ္တာ ၊ စေတနာတွေ ထားရှိ မှာဖြစ်ပါကြောင်း နားလည် သမျှ ပြောကြားလိုက် ရပြီး သို့ကလို စိတ် တိုင်းကျ လုပ်ဆောင် ပေးမည်ဆို လျှင်ဖြင့် ကျွန်ုပ်တို့က ကြိုတင် ဘွတ်ကင် ချိတ်ထားမည် ဖြစ်ကြောင်း ထပ်မံ ပြောမိပါသတတ်။

ကိုထွန်း(လမ်း၈ဝ)

စာမျက်နှာသစ် ဖွင့်လှစ်သူများ

$
0
0

သဲကန္တာရကို အိုအေစစ် ဖြစ်အောင် ဖန်တီး ဖို့ အရာဟာ အိပ်မက် ဆန်ပါသလား။ ဒါပေမဲ့ အိပ်မက် ဆန်သော မျှော်လင့်ချက် တွေကိုပဲ ကျွန်မ တို့ လူသားတွေ အကြိမ် ကြိမ် မက် ခဲ့ကြပါတယ်။ အထူးသဖြင့် အခုလို  နှစ်တစ်နှစ်ရဲ့ စာမျက်နှာသစ် တွေ တစ်ကျော့ ပြန်လည် ဖွင့်လှစ်ချိန်တိုင်း မှာ ခွန်အားတွေ အသစ် မွေးဖွာရင်းနဲ့ပေါ့။ ဒီခွန်အားနဲ့ အနာဂတ် နှစ်သစ်ကို ဘာလို့ ကျွန်မတို့ မနက်ဖြန် ရောက်တဲ့ အထိ စောင့်နေမှာလဲ။

ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ မနက်ဖြန် မဟုတ်ပါဘူး … ဒီနေ့က စပါတယ်… လို့ ဆိုလာသူက ဒူဘိုင်းမြို့ ရဲ့အုပ်ချုပ်သူ စော်ဘွား ရှိတ်မိုဟာမတ်ပဲ ဖြစ်ပါတယ်။

သူဟာ အတွေး အခေါ် အသစ် စိတ်ကူး အသစ် အဆန်းတွေ နဲ့ နိုင်ငံကို တိုးတက်စေခဲ့သူ အဖြစ် တိုင်းပြည် အုပ်ချုပ်သူ လူတန်းစားတွေ အလယ်မှာ နာမည်ကျော် ခဲ့ တယ်။ သူဟာ သူတစ်ပါး ထက် အရာရာ သာလွန်ကောင်းမွန် အောင် ကြိုးစားခဲ့တဲ့ သူအဖြစ်လည်း နာမည်ကျော် ခဲ့တယ်။

စိတ်ကူးစိတ်သန်းအသစ်တွေကို လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်ခဲ့သူအဖြစ်လည်း သမိုင်းရှိခဲ့တယ်။

အမြင်သစ် အတွေးသစ်တွေမှန်သမျှ သူက လက်တွေ့ဘဝထဲကို ဆွဲခေါ်သွင်းနိုင်ခဲ့တယ်။

ကမ္ဘာပေါ်မှာ ရှိသမျှ ထင်ရှား ကျော်စောခြင်း တွေအားလုံး သူ့နိုင်ငံ တစ်နိုင်ငံတည်း မှာသာ ရှိစေ ရမယ်ဆိုတဲ့ စိတ်ကူးသစ်တွေ အကြံဥာဏ်သစ် တွေ နဲ့ အိပ်မက်တွေ မက်မဆုံးခဲ့သူလည်း ဖြစ်ခဲ့ တယ်။

သူမက်ခဲ့သမျှ အိပ်မက်တွေကိုလည်း တကယ့် လက်တွေဘဝမှာ ချပြနိုင်အောင် အား ထုတ်ခဲ့တယ်။

ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦ ကမ္ဘာ့အကြီး ဆုံး ဗလီ ကမ္ဘာ့အကြီးဆုံး ရှော့ပင်းစင်တာ ကမ္ဘာ့ ဈေးအကြီးဆုံး ဟိုတယ် သဘာဝမဟုတ်တဲ့  Man-Made Island တွေ ကမ္ဘာပေါ် မှာ ပထမဆုံး မောင်းသူမဲ့ မက်ထရိုတွေနဲ့ ကန္တာရ တိုင်းပြည်လေး ကို ကမ္ဘာက သိအောင် ကြိုးစားခဲ့သူ ခေါင်းဆောင် ကောင်း တစ်ယောက် မို့ ပြည်သူတွေ ရဲ့ ချစ်ခင် လေးစားခြင်းကို အတိုင်းအဆ မရှိ ရရှိနေသူ တစ်ဦးလည်း ဖြစ်ပါသေးတယ်။

သူ့ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ကန္တာရ ထဲက လူဦးရေ ၁ဝ သန်းလောက် ပဲရှိတဲ့ နိုင်ငံ လေးဟာ ထိပ်တန်း ရောက်နေတဲ့ အခြားနိုင်ငံတွေနဲ့ တန်းတူရင်ပေါင် တန်းနိုင် ခဲ့ပါတယ်။

သူ့ရဲ့ ထူးခြားချက် တစ်ခု ကတော့ တချို့ တချို့သော ခေါင်းဆောင်တွေလို ကိန်းကြီး ခန်းကြီး မနေတတ်ဘဲ သာမန်လူ တစ်ယောက်လို ပြည်သူ တွေကြားမှာ တစ်သား တည်း ရှိနေတတ်တဲ့ အချက်လေးပါ။

တစ်ခါတစ်ရံမှာ သူ့ကို ပြည်သူတွေ ကြားမှာ မီးရထား စီးနေတာ တွေ့ရတတ်သလို တစ်ခါတစ်ရံ မှာတော့ သဲကန္တာရထဲမှာ နိုင်ငံခြား ခရီးသွားတွေကို ရေနွေးကြမ်း ငှဲ့ပေးပြီး ဧည့်ခံနေတာကို တွေ့ရ တတ်ပါတယ်။ တခါတလေ မှာလည်း တက္ကသိုလ် ကောလိပ်က ထမင်းစားဆောင်မှာ ကျောင်းသား တွေနဲ့ တန်းတူ နေ့လယ်စာ စားနေ တာကို တွေ့ရ တတ်ပါတယ်။

သူနဲ့ သူ့မိသားစု ဝင်တွေကို လုံခြုံရေးတွေ သက်တော်စောင့်တွေ မပါဘဲ သာမန် ခရီးသည်တွေ လို လေဆိပ်မှာ တွေ့ရတတ်တဲ့ အချိန်တွေ လည်း ရှိပါသေးတယ်။ ညဘက်မှာ သူ့ကို နေရာတော် တော်များများမှာ သာမန်ပြည်သူ တစ်ယောက်လို မကြာခဏ တွေ့ရသူတွေ လည်း ရှိပါတယ်။ ကား ကို ကိုယ်တိုင် မောင်းပြီး ကန္တာရ ညနေချမ်းတွေကို သာမန် ပြည်သူ တစ်ယောက်လို ရိုးရိုးစင်းစင်း ဖြတ် သန်းလေ့ရှိတဲ့ ခေါင်းဆောင်မို့ သူ့ကို ပြည်သူတွေ က ချစ်ခင် လေးစားကြပါတယ်။

အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရှိတဲ့ အာရပ်ပြည်လို့ သက်သေ ထူနိုင်ခဲ့တဲ့ စံပြ အမျိုးသမီး တစ်ယောက် ကိုလည်း အစိုးရအုပ်ချုပ်သူ တွေကြား မှာ တွေ့ရ ပါသေးတယ်။

၂ဝ၁၃ ရဲ့ ထိပ်တန်း အာရပ် အမျိုးသမီး ၁ဝဝ စာရင်းမှာ ထိပ်ဆုံးက နေရာယူခဲ့ သူကတော့ အသက် ၅၁ နှစ် အရွယ် Sheikha Lubna ပါ။ သူမ ကတော့ ယူအေအီး နိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်နေတဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီး တစ်ဦးပါ။ ယူအေအီးနိုင်ငံရဲ့ ပြည်နယ် တစ်ခု က စော်ဘွား မိသားစု ထဲက မွေးဖွားလာတဲ့ သူမဟာ ယခင်က ယူအေအီးနိုင်ငံ ရဲ့ စီးပွားရေးနဲ့ စီမံကိန်း ဝန်ကြီး တာဝန် ကိုလည်း ထမ်းဆောင်ခဲ့သူပါ။ အင်မတန် ထက်မြက် ထူးချွန်တဲ့ အာရပ် အမျိုးသမီး တစ်ယောက်မို့ သူမ ရရှိထားတဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ရာထူး အဆင့်အတန်း နဲ့ ထိုက်တန်သူ လို့ ဆိုလို့ရပါတယ်။

နောက်တစ်ယောက် ကတော့ ယူအေအီးမှာ အခြေချ နေထိုင်တဲ့ ပါလက်စတိုင်း နိုင်ငံသူ ဆူဇာနာဆိုတဲ့ အာရပ်ပျိုဖြူလေးပါ။ သူမဟာ ထင်ရှား ကျော်ကြားလှတဲ့ အာရပ် အမျိုးသမီး ၁ဝဝ စာရင်းမှာ နံပါတ် ၁၆ နေရာမှာ ရှိပါတယ်။ သူမ ဟာ နိုင်ငံတကာက ထင်ရှား ကျော်ကြားလှတဲ့ တောင်တွေနဲ့ ကမ္ဘာ့ အမြင့်ဆုံး ဧဝရက်တောင် ကို တက်နိုင်ခဲ့တဲ့ ပထမဆုံး အာရပ်ပျိုဖြူလေး တစ်ယောက် အဖြစ် ထင်ရှားပါတယ်။ သူမရဲ့ ဒုတိယ အိပ်မက် ကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီး ခုနစ်တိုက်လုံး မှာရှိတဲ့ အမြင့်ဆုံးတောင် တွေအားလုံးကို တက်ဖို့ပါပဲလို့ ဆိုပါတယ်။

သူမ နဲ့တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲလေး ကတော့ သူမရဲ့ အတွေ့အကြုံတွေကို ရှင်းလင်းပြောကြားတဲ့ အတားအဆီး များကို တွန်းလှန် ကျော်လွှားခြင်း ဆိုတဲ့ ဟောပြော ပွဲလေးပါ။ အိပ်မက်တွေကို လက်တွေ့ ဘဝထဲကို ရောက်လာအောင် ကြိုးစားရမှာက ကျွန်မတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေ ဖြစ် လာနိုင်တယ် မဖြစ်နိုင် ဘူးရယ်လို့ အဆုံးအဖြတ် ပေးမယ့်သူဟာ မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ ဘဝမှာ မဖြစ်နိုင်ဘူး ဆိုတဲ့ အိပ်မက် ရယ်လို့ မရှိဘူး ဆိုတာ ဧဝရက်တောင်ပေါ်ကို ရောက်ခဲ့တဲ့ ပထမဆုံး အာရပ် အမျိုးသမီး တစ်ယောက် အနေနဲ့ ရဲရဲကြီး ပြောရဲပါတယ်လို့ သူမက ခပ်ပြုံးပြုံးလေး ပဲပြော လာခဲ့ ပါတယ်။

မျက်မှောက် ကာလ အာရပ် ကမ္ဘာမှာ အာရပ် အမျိုးသမီးတွေ ကဏ္ဍသစ်တွေ စိုက်ထူ လာတာဟာ အားတက်စရာ ဂုဏ်ယူစရာ အပြောင်းအလဲ လို့ ဆိုလို့ရပါတယ်။

ကာတာနိုင်ငံလေး မှာ အမျိုးသမီး အင်ဂျင် နီယာတွေ အမျိုးသမီး ဆရာဝန်တွေ ပေါ်ထွက် လာခဲ့တာ ကမ္ဘာက လူတွေ မြင်တွေ့ခဲ့ကြတယ်။  အခုလည်း ကာတာ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး တရားသူကြီး တစ်ယောက် အဖြစ် ကျွန်မ ရပ်တည် လာနိုင်ခဲ့ပြီ။ ဒါဟာ အိပ်မက် တစ်ခု အကောင်အထည် ပေါ်လာတာပါပဲ။ သူများတွေ အတွက် သိပ် မထူးဆန်းလှဘူး ဆိုပေမယ့် ကျွန်မ တို့အာရပ် ကမ္ဘာက အုပ်ချုပ်သူတွေ ရဲ့ ပွင့်လင်း တိုးတက်လာတဲ့ စေတနာကို ကျေးဇူးတင် ရပါတယ်” လို့ ဆိုလာသူ က မာဟာ မန်ဆူး ဆိုတဲ့ ကာတာနိုင်ငံသူ တစ်ယောက်ပါ။ သူမက အာရပ် ကမ္ဘာရဲ့ ထိပ်တန်း အမျိုးသမီး ၁ဝဝမှာ နံပါတ် ၆ နေရာ မှာ ရှိနေခဲ့သူလေးပါ။

ကျွန်မတို့ နေ့စဉ် နဲ့ အမျှ တွေ့နေရတဲ့ ခေတ်သစ် အာရပ်ပျိုဖြူတွေဟာ ကျွန်မတို့ တွေးထင် ထားသလို သံကွန်ချာ အောက်မှာ ဘဝကို ခြောက် သွေ့ စွာ ဖြတ် သန်းနေ ရသူတွေ မဟုတ်တော့ပါ ဘူး။ လက်တွေ့ကျကျ တွေးခေါ် မြော်မြင်ပြီး အိပ်မက်တွေကို တကယ့် ဘဝမှာ ချပြနိုင် သူတွေ အဖြစ် ရှေ့တန်းကို ရောက်လာကြပါပြီ။

ကျွန်မ တက်ခဲ့ဖူးတဲ့ သင်တန်းတစ်ခုမှာ အင်မတန် သွက်လက် ချက်ချာတဲ့ အာရပ်နိုင်ငံဖွား နည်းပြဆရာမလေး တစ်ယောက်နဲ့ တွေ့ခဲ့ရဖူးပါ တယ်။ သူနဲ့ စကား စမြည်ပြောဖြစ်တော့ သူ့မိသားစုနဲ့ ပက်သက်ပြီး ထူးထူးခြားခြား မှတ်ချက်ပေး လာပါတယ်။ ”ကျွန်မက ဒီမြေမှာ မွေး ဒီမြေမှာ ကြီးလာတာ မှန်ပါတယ်။ ကျွန်မ အမျိုးသား က အစဉ်အလာ ကြီးတဲ့ အာရပ်မိသားစု က မွေးဖွားလာတဲ့ လေယာဉ်မှူး တစ်ယောက်ပါ။ ကျွန်မတို့မှာ သားလေး တစ်ယောက်ပဲ ရှိပါတယ်။ လင်ရော မယားရော အလုပ် လုပ်နေတဲ့ မိသားစုမှာ သားသမီး အများကြီး မလိုချင်ပါဘူး တစ်ယောက် တည်းနဲ့ ကျွန်မတို့ အတွက် လုံလောက်ပါတယ်။ ဒီနေရာမှာ သိပ်ရယ်စရာ ကောင်းတဲ့ အချက် က တော့ ကျွန်မ မိသားစုနဲ့ ကျွန်မ အမျိုးသားရဲ့မိသားစု မတူ ကွဲပြားတဲ့အချက်ပါပဲ။

ကျွန်မတို့ အိမ်မှာ မိသားစုဝင် သုံးယောက်ပဲ ရှိပါတယ်။ ကျွန်မ အမျိုးသား ကတော့ သူ့မှာ ညီအကို မောင်နှမ ဘယ်နှယောက် ရှိသလဲ ဆိုတာ တောင် မမှတ်မိနိုင်အောင် များပြား လှတဲ့ မိသားစုက ဆင်းသက် လာတာပါ။ မိသားစု တွေ့ဆုံပွဲတွေ ကို ကျွန်မရဲ့ အမျိုးသားရဲ့ အဖေက သူ့ခြံကျယ်ကြီး ထဲမှာ ကျင်းပ တတ်ပါတယ်။ ယောက္ခမ ကြီး က သူ့ရဲ့ အိမ်ထောင်ဖက် လေးယောက်က မွေးလာတဲ့ သားသမီးတွေ နဲ့ သူ့ရဲ့ မြေးတွေ အရေ အတွက်ကို တောင် မမှတ်မိ ရှာတော့ပါဘူး။ ကျွန်မ ကိုယ်တိုင် လည်း ကျွန်မ အမျိုးသားက လွဲလို့ သူ့မိသားစုဝင် တွေကို စုံလင်အောင် မမှတ်နိုင်ပါဘူး။ အဲ့လောက် ကို မိသားစု များပြားလွန်းပါတယ်။

ဒါပေမဲ့ ကျွန်မတို့ ခေတ် မှာတော့ ကျွန်မရော ကျွန်မ ခင်ပွန်းပါ တစ်လင်တစ်မယား စနစ်ကိုပဲ သဘော ကျပါတယ်။ သားသမီးလည်း တစ်ယောက် နှစ်ယောက် ထက်ပိုပြီး မလို ချင်ပါဘူး”

ကျွန်မတွေ့ဘူး သမျှ အာရပ်ပျိုဖြူလေးတွေ ဟာလည်း ခေတ် နဲ့အညီ လိုက်လျော ညီထွေ ရှိကြ ပါတယ်။ အစဉ်အလာ ဓလေ့ဟောင်းတွေ အောက် က ရုန်းထွက် လာကြ ပါတယ်။

အာရပ်ကလေး များ ပုံပြင် စာအုပ် ထုတ်ခဲ့သူ အထက်တန်း ကျောင်းသူလေး တစ်ယောက်က စာပေပွဲတော် တစ်ခုမှာ သူမရဲ့ အိပ်မက် တစ်ခုကို ပြောပြ ဘူးပါတယ်။ ”ကျွန်မ ငယ်ငယ်တုန်း က ကုလားအုပ် ပုံပြင်တွေနဲ့ ကြီးပြင်းလာခဲ့တယ်။ စာအုပ်တွေထဲ မှာ ရုပ်ရှင်တွေထဲမှာ ကုလားအုပ် ပေါင်းစုံကို မြင်ဖူးခဲ့တယ်။ ကိုယ်တိုင် ပုံပြင် တစ်ပုဒ် ဖန်တီးဖို့ စိတ်ကူး ရှိလာတဲ့ အချိန် ကျတော့ ကျွန်မ ကိုယ်တိုင် နေ့စဉ် ရက်ဆက် ဆိုသလို သဲကန္တာရထဲ ကို သွားခဲ့တယ်။ ကုလားအုပ်တွေ ရဲ့ သဘာဝကို အနီး ကပ် လေ့လာခဲ့တယ်။ မိဘ ဘိုးဘွားတွေ ဆီက ကုလားအုပ် နဲ့ ပက်သက်ပြီး သိချင်တာတွေ မေးမြန်းခဲ့တယ်။ စာသင်ကျောင်းတွေ ကို ကိုယ် တိုင်ကိုယ်ကျ သွားပြီး ကလေးတွေ ဘယ်လို ပုံပြင် ဇာတ်ကောင်တွေ ကို နှစ်သက်လဲ ဆိုတာ အချိန် ယူပြီး လေ့လာခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်မရဲ့ စိတ်ကူး စိတ်သန်းလေးနဲ့ ကုလား အုပ် ပုံပြင်လေး တစ်ပုဒ်ကို ဖန်တီးနိုင်ခဲ့တယ်။ ပုံပြင် ဇာတ်လမ်း တိုတိုလေးကို ဆန်းသစ်တဲ့ အတွေး အခေါ်နဲ့ ဖန်တီးနိုင်ခဲ့တယ် ဆိုပေမယ့် အဲဒီ အတွက် အချိန်တွေ အများ ကြီးပေးပြီး လေ့လာ အားထုတ်ခဲ့ ရတယ်။ အဲ့ဒီ အတွက်လည်း ကျွန်မ သိပ်ကျေနပ်မိပါတယ်။ တကယ်တော့ ကျွန်မတို့ မလုပ်နိုင်ဘူး ဆိုတဲ့ အလုပ်ရယ်လို့ မရှိပါ ဘူး.. ကြိုးစားမယ်ဆိုရင် ဘာမဆို ဖြစ်ပါတယ်”

ယူအေအီး နိုင်ငံလေးဟာ နှစ်ပေါင်းငါးဆယ် ကျော်ကာလ အတွင်းမှာ အံ့မခန်း လောက်အောင် တိုးတက် လာခဲ့ပါတယ်။ ကန္တာရထဲက သဲပုံကြီးတွေ ကြားက ထိုးထိုး ထောင်ထောင် ထွက်လာတဲ့ အိပ်မက် တိုင်းပြည် တစ်ခုကို မြင်ရသူတိုင်း လေးစား အားကျကြပါတယ်။ ချီးမွမ်း စကား ဆိုကြပါတယ်။ သဲကန္တာရ နိုင်ငံလေးဟာ မဖြစ်နိုင်ဘူး ဆိုတဲ့ အရာရယ်လို့ မရှိဘူးလို့ အမြဲတမ်း သက်သေပြနေတဲ့ နိုင်ငံလေးပါ။ ချစ်ချစ်တောက် ပူပြင်း ခြောက်သွေ့လွန်းတဲ့ နွေကာလတွေမှာ တောင် မိုးအတု လို့ခေါ်တဲ့ တိမ်ခြွေမိုးတွေကို ဖန်တီးပြီး နိုင်ငံရဲ့ ရာသီဥတုကို ထိန်းသိမ်းနေတဲ့ နိုင်ငံလေးပါ။ Cloud Seeding လို့ခေါ်တဲ့ မိုး အတု ကိုတော့ ရေခဲခြောက်နဲ့Silver Iodine ကို အသုံးပြုပြီး ဖန်တီး ရပါတယ်။ ဒီလို မိုး အတုမျိုးကို နွေကာလတွေမှာ ဖန်တီးပြီး ကန္တာရကို စိမ်းလန်း စေတဲ့ အုပ်ချုပ်သူ စော်ဘွား တစ်ယောက် ရဲ့ မနက်ဖြန် ကို မစောင့်ပါနဲ့ ဆိုတဲ့ စကားလေးကို ကျွန်မ သိပ်သဘောကျပါတယ်။

သူဟာ သဲပုံ အတိပြီးတဲ့ ကန္တာရကို အိုအေစစ်လို ဖန်တီးနိုင်ခဲ့သူပါ။ ကျွန်မတို့ အာရှတိုက် မှာလည်း ပြာပုံ အတိပြီးခဲ့တဲ့ မီးလောင် ပြင်ကို အာရှ ကျားဖြစ်အောင် အသက် သွင်းနိုင်ခဲ့ တဲ့ နိုင်ငံ တစ်နိုင်ငံရှိပါတယ်။ ဟီရိုရှီးမား ဒဏ် ကြောင့် တစ်နိုင်ငံလုံး ပြာပုံ ဖြစ်ခဲ့ရပြီး အနုမြူဒဏ် ကြောင့် ဒုက္ခိတ ဖြစ်ကျန်ခဲ့ သူတွေ ပြာပုံထဲက ရုန်းထွက် ခဲ့တာ ဖီးနစ် ငှက်တွေလိုပါပဲ။ အနုမြူ ကြောင့်လည်း စိတ်ဓာတ် ခွန်အား မကျခဲ့သလို အကြိမ်ကြိမ် ခံစားနေရတဲ့ ငလျင် မုန်တိုင်းတွေ ကိုလည်း သူတို့ မမှုကြပါဘူး။

သုည ဘဝကို ဘယ်လိုပဲ ရောက်ရောက် ပြန်လည် ထူထောင်ရေး အတွက် စိတ်ခွန်အား အမြဲ ပြည့်ဝနေသူမို့ သူတို့ရဲ့ စာမျက်နှာတွေတိုင်း ဟာ သစ်ဆန်း လှပနေခဲ့ ပါတယ်။

ယုံကြည်ချက် တစ်ခု မျှော်လင့်ချက် တစ်ခု အိပ်မက် တစ်ခုဟာ ကျွန်မတို့ရဲ့ နေ့သစ်တိုင်း ကို ခွန်အားသစ်တွေ နဲ့ နိုးထစေသလို ပိုပြီးတော့လည်း အသက်ဝင်စေပါတယ်။

အထူးသဖြင့် အခုလို နှစ်တစ်နှစ် ရဲ့စာမျက်နှာ အသစ်တစ်ခုကို ဖွင့်လှစ်လိုက်တိုင်း ယုံကြည်ချက် အသစ် မျှော်လင့်ချက် အသစ်တွေနဲ့ သစ်လွင်တဲ့ နေ့ရက်တွေ ကို မြင်ယောင် အိပ်မက် မက်တတ်ကြ ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ မက်မိတဲ့ အိပ်မက်တွေ ကို အိပ်ရာထဲမှာ ချန်မထားခဲ့ဘဲ လက်တွေ့ဖြစ် လာအောင် ကြိုးစားဖို့ပဲ လို တာပါ။ သဲကန္တာရကို အိုအေစစ်ဖြစ်အောင် ပြောင်းလဲနိုင်တဲ့ အိပ်မက် ရဲ့ အောင်မြင်မှုမျိုး ပြာပုံထဲက မဆုတ်မနစ် ကြိုးစား ရုန်းထွက်ခဲ့တဲ့ ဖီးနစ် ငှက်တွေ ရဲ့ လုံ့လ ဝီရိယမျိုး မွေးဖွားနိုင်စေဖို့ ……

ရတီချစ်သူတွေအားလုံး နှစ်သစ်မှာ ခွန်အား သစ်တွေ နဲ့ ကြည်နူးနိုင်ကြပါစေ။

နှင်း

Future starts today. Not tomorrow.

(by Sheikh Mohammed)

သူတို့ပြောတဲ့ P

$
0
0

ဒီလမှာတော့ P စာလုံးတွေ ထဲကမှ လူအများ စိတ်ဝင်စား ကြတဲ့ President အပါအဝင် Priority နဲ့ Progess စကားလုံးတွေကို စာရေး ဆရာမ ရွှေကူမေနှင်း၊ တေးရေး မင်းချစ်သူနဲ့  ကိုဆောင်းဦးလှိုင် တို့ က ဆွေးနွေးပေး  ခဲ့ ကြပါတယ်။

ရွှေကူမေနှင်း

President

President ဆိုတာကတော့ Dictionary မှာ ကြည့်ရင် အဓိပ္ပာယ်တွေ အမျိုးမျိုး ဖွင့်ထားတယ်။ ဒါပေမဲ့ လူ အများစု သိတဲ့ အဓိပ္ပာယ် ကတော့ သမ္မတပေါ့။ အမှန် ကတော့ President ဆိုတာ သမ္မတ အပြင် သဘာ ပတိ၊ ခေါင်းဆောင် လို့လည်း ပြောလို့ ရတယ်။ အသင်း အဖွဲ့ တစ်ခုရဲ့ အကြီး အကဲ ကို ခေါ် တာပေါ့။ ဒီတော့ ဒီလို အကြီး အကဲ တစ်ယောက်က အဖွဲ့ တစ်ခုကို ဦးဆောင် ဖို့က အတွေ့ အကြုံ အများကြီး လိုတယ်။ စာအုပ် ထဲက နည်းတွေ အတိုင်း ပြဿနာ ကို ဖြေရှင်းလို့ မရဘူး။ တွေ့လာတဲ့ အခြေ အနေပေါ် မူတည်ပြီး ကိုင်တွယ် ဖို့က အတွေ့ အကြုံကောင်းတွေ လိုတယ်။ ပညာရှိ ဖြစ်ဖို့ အပြင် အတွေ့ အကြုံ လိုတယ် ။အတွေ့ အကြုံ အပြင် အားလုံး အပေါ် သစ္စာ ရှိဖို့၊ မှန်ကန်ဖို့၊ စိတ်ကောင်း ရှိဖို့ လိုတယ်။ အထူး သဖြင့်တော့ ဘက်လိုက် တဲ့ စိတ်မရှိ ရဘူး။ ဘက်လိုက်တဲ့ စိတ် ရှိရင် တစ်ဖွဲ့လုံး ခံရမယ်။ ဒါက အဖွဲ့ အစည်း တစ်ခု ရဲ့ အကြီး အကဲမှာ ရှိရမယ့် အရည် အချင်းပေါ့။ သမ္မတ ဆိုရင်တော့ သူက နိုင်ငံ့ ဥသျှောင်လေ။ သူက ပိုပြီးအရေး ကြီးတယ်။ သမ္မတမှာ ပါဝါတွေ ရှိတယ်။ သူ့ရဲ့ပါဝါတွေကိုသုံးပြီး အရာ တော်တော် များများကို ဆုံးဖြတ်နိုင်တယ်။ သမ္မတက တစ်တိုင်းပြည်လုံး နဲ့ ဆိုင်တော့ တစ်တိုင်းပြည်လုံး အပေါ် သစ္စာ ရှိဖို့ လိုတယ်။ စိတ်ကောင်း ရှိရမယ်။ ဒါကြောင့် အခြေခံ ဥပဒေတွေ ကြည့်လိုက်ရင် ဘယ် ပါတီက ကိုယ်စားလှယ်ပဲ သမ္မတ ဖြစ်ဖြစ်၊ သမ္မတ ဖြစ်သွားရင် သူ့ရဲ့ပါတီ ကနေ နုတ်ထွက် ပေးရမယ် ဆိုတာ ပါတယ်။ နောက်မို့ ဆိုရင် သူ့ပါတီကို သူက ဘက်လိုက် နေမှာပေါ့။ သမ္မတ ဖြစ်ရင် သူက ဘယ်ပါတီ ကိုမှ ကိုယ်စား မပြုရတော့ဘူး။ ပါတီစွဲ ကင်းကင်း နဲ့ တစ်တိုင်းပြည် လုံးအပေါ် သစ္စာရှိရမယ်။ သူများ ပြောတိုင်း လိုက်မလုပ်ဖို့ ဥာဏ်ရည် ပညာနဲ့လည်း ပြည့်စုံ ရမယ်။ သမ္မတ တိုင်းမှာ အကြံပေးတွေ ရှိတယ်။ အကြံပေးတွေ ပြောတာလည်း နားထောင်ပြီး ကိုယ်တိုင် က လည်း သုံးသပ် နိုင်စွမ်း ရှိရမယ်။ အများ အားဖြင့် နိုင်ငံ တကာမှာ မိန့်ခွန်း တွေကို အကြံပေးတွေက ရေးပေး တာပါပဲ။

Priority

Priority ဆိုတာ ဦးစားပေးပေါ့။ ဥပမာ – တနင်္ဂနွေနေ့ မှာ ရုပ်ရှင် သွားကြည့် မလား။ ပန်းခြံ သွားမလား။ အိမ်မှာ နေပြီး မုန့်စားမလား။ ရွေးခိုင်း တာမျိုးပေါ့။ Priorityမှာ တစ်ဦးချင်း အနေနဲ့၊ အဖွဲ့အစည်း အနေ နဲ့၊ နိုင်ငံ အနေ နဲ့ ရှိတယ်။ တစ်ဦးချင်း အနေနဲ့ ဆိုရင်တော့ ဥပမာ – သူ တက္ကသိုလ် ဝင်ခွင့် လျှောက်တဲ့ အခါ ဘယ်မေဂျာကို ရွေးမလဲ ဆိုတာ သူ့ဦးစားပေး အဆင့်ပေါ့။ တစ်ဦးချင်း အနေနဲ့ ဦးစားပေး ရွေးတာမှာ သူရွေးတာ ရဲ့မှားခြင်း၊ မှန်ခြင်းကို သူတစ်ဦးပဲ ခံရတယ်။ ကောင်းတယ်၊ ဆိုးတယ် လည်း သူပဲ ခံရမှာ။ ဒီတော့ တစ်ဦးချင်း Priority က ဘာမှ ပြဿနာ မရှိဘူး ပြောရမယ်။ ဒါပေမဲ့ အဖွဲ့ အစည်း တစ်ခု၊ နိုင်ငံ တစ်ခု အတွက်က ကျတော့ အဲဒီလို မဟုတ် တော့ဘူး။ ဦးစားပေး လမ်းကြောင်း ရွေးတဲ့အခါ အရမ်း အရေးကြီးတယ်။ ဥပမာ – အခု ကျွန်မတို့ နိုင်ငံမှာ ဦးစားပေး ရွေးကြတဲ့ အခါ ငြိမ်းချမ်းရေး ကို ရွေးမလား၊ အပစ် အခတ် ရပ်စဲရေး ကို ရွေးရ မလား။ အငြင်း အခုန် ဖြစ်နေကြတယ်။ တချို့ ကလည်း ငြိမ်းချမ်းရေး ရမှ အပစ် အခတ် ရပ်စဲမယ်။ တချို့က ကျတော့လည်း အပစ် အခတ် ရပ်စဲမှ ငြိမ်းချမ်းရေး ရမယ် ဆိုပြီး အငြင်းပွား မှုတွေ ရှိတယ်။ အရမ်း အရေး ကြီးတယ်။ ဒီတော့ မှန်မှန် ကန်ကန် ဆုံးဖြတ် ရတော့မယ်။ ဘာလို့လဲ ဆိုတော့ မှားသွားရင် တစ်ပြည်လုံး ခံရမှာလေ။ Priority ကို ရွေးတဲ့ အခါ ဥာဏ်ရှိပြီး အတွေ့ အကြုံ ရှိရမယ်။ နိုင်ငံ အပေါ်လည်း သစ္စာ ရှိရ မယ်။ ပြည်သူတွေ အပေါ်လည်း စိတ်ကောင်း ထားပြီး ဆုံးဖြတ် ရမယ်။

Progress

Progress ဆိုတာ ကတော့ တိုးတက် တာကို ပြောတာပေါ့။ လူဖြစ်လာ ကတည်းက လူက မွေးကတည်းက လူကြီး အဖြစ် မွေးလာတာ မဟုတ်ဘူး။ ကလေး အရွယ် ကနေမှ တဖြည်းဖြည်း Progress ဖြစ်အောင် ကြိုးစား ရတာ။ ရုပ်ပိုင်း ဆိုင်ရာအရရော ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှု အတွက်ရော ကြိုးစား ရတာ။ ဒါက လူတိုင်းရဲ့ Progress ပဲ။ ဒီလိုပဲ လူ့ဘဝမှာလည်း Progress တွေ ရှိတယ်။ လူဆိုတာ အဆုံး မရှိ တိုးတက်လို့ ရတယ်။ သူ့ကို ဘယ်အထိပဲ တိုးတက် ရမယ်လို့ တားမြစ် ထားတာ မရှိဘူး။ လူ့ရဲ့ စွမ်းအားက အဆုံး မရှိ တိုးတက်အောင် ကြိုးစားလို့ ရတယ်။ မမျှော်မှန်း ထားတဲ့ ကိစ္စ မျိုးတောင် တီထွင်နိုင် အောင် ကြိုးစားလို့ ရတယ်။ ဒါကြောင့်လည်း လူ့သမိုင်းမှာ ကြီးမားတဲ့ Progress တွေ ဖြစ်ခဲ့တာ။ လူတွေရဲ့ Progress မှာ ကျောက် လက်နက်က စပြီး လေယာဉ်ပျံ၊ ကွန်ပျူတာ အထိ ရှိလာတာ။ လူဆိုတာ ရောက်နေတဲ့ နေရာမှာ ဘယ်တော့မှ ရပ် မနေဘူး။ ကျောက်ဂူ ထဲမှာ မီးတွေ မွှေးပြီး ထားရာ ကနေ ရေအား ကနေ လျှပ်စစ်၊ နေရောင်ခြည် စွမ်းအင် ဒါတွေ အထိ ဖြစ်လာတယ်။ ဒီလို တိုးတက် တာက လူတွေက မရပ် မနား စဉ်းစားပြီး မပြတ် လုပ်နေလို့ တိုးတက် တာပါ။ Progress မှာ တော့ တစ်ဦးချင်း အတွက်လည်း ကောင်းတာပဲ။ အများ အတွက်လည်း ကောင်းတာပဲ။ ဒါတွေ အပြင် စိတ်အရည် အသွေး တိုးတက်အောင် လည်း လုပ်ရမယ်။ စိတ် အဆိုးတွေကို စိတ် အကောင်း ပြင်နိုင် ရင်လည်း ဒါက Progress ပါပဲ။ လူတစ်ဦးချင်း စီမှာ Progress တွေ ရှိလာရင် မိသားစု၊ ရပ်ရွာ၊ နိုင်ငံ၊ နောက်ဆုံး တစ်ကမ္ဘာလုံး တိုးတက်ရင် ဒါ ကောင်းတာပဲပေါ့။

ဖြိုးစုပိုပို

 

 

သူတို့ပြောတဲ့ P

$
0
0

မင်းချစ်သူ

President

President ဆိုတာက နိုင်ငံ တစ်နိုင်ငံ ရဲ့ ခေါင်းဆောင် သမ္မတကို ပြောတာပါ။ အဖွဲ့ အစည်း တစ်ခုရဲ့ အကြီးအကဲ ကိုလည်း President လို့ ခေါ်ကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် President ဆိုတာ ဦးဆောင် သူပါပဲ။ အဲဒီတော့ ဦးဆောင်သူ ကောင်းရင် ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့် သွားရင် နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်တယ် ဆိုသလိုပါပဲ။ အမေရိက မှာတော့ သမ္မတ စနစ်က ဂျော့ခ်ျဝါရှင်တန်ကနေ အခု အိုဘား မား အထိ ဆိုရင် ၄၄ ဆက်လောက် ရှိပြီ။ ကျွန်တော်တို့ မြန်မာပြည် မှာတော့ ဒီမိုကရေစီ သမ္မတက စဝ်ရွှေသိုက် ပြီးရင် အခု ဦးသိန်းစိန်ပေါ့။ ပထမဆုံးကတော့ ဒီ သမ္မတကြီးကို ရတာ ကျွန်တော်တို့ ကံကောင်း ပါတယ်။ သမ္မတကြီး ကို ကျွန်တော်တို့ ယုံကြည်ချင်ပါတယ်။ တိုင်းပြည်ကြီးကို ကောင်းစေချင်ကြတယ်။ ဒါပေမဲ့ ဒါက သမ္မတကြီး တစ်ယောက်တည်း ကောင်းနေ ရုံနဲ့ ပြီးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီသမ္မတကြီးကို ရတာ ကံကောင်းတယ် ဆိုပေမယ့် ကံမကောင်း ခဲ့တာက နှစ်တွေ အများကြီး ရှိခဲ့တာလေ။ ကံကောင်း တာက ၂ နှစ် လောက်ပဲ ရှိသေးတာ။ ကျွန်တော်တို့ မြန်မာပြည်ကြီး ဒီမိုကရေစီ စနစ် ကြာကြာ စံသွားပြီး ပြည်သူတွေ အမှန် တကယ် ရွေးချယ် တဲ့ သမ္မတကြီးတွေ အုပ်ချုပ် တာပဲ ခံချင် တာက ပြည်သူ တွေရဲ့ ဆန္ဒပါပဲ။ အခု သမ္မတ ကတော့ ကျွန်တော်တို့ အရ တော်တယ် ပြောရမယ်။ ကျွန်တော်တို့ မရွေးလိုက် ရတဲ့ သမ္မတပေ မယ့် လည်းပေါ့။ ပြည်သူ အားလုံး ရဲ့ ဆန္ဒ ကတော့ သမ္မတကို ပြည်သူ ကိုယ်တိုင် ရွေးချင်ကြတာ သဘာဝ ပါပဲ။ အခုလာမယ့် ၂ဝ၁၅ မှာတော့ ဒီလို အခွင့် အရေးမျိုးကို ကျွန်တော်တို့ လိုချင် တယ်ဗျ။ နယကဂုဏ် ၆ ပါး နဲ့ညီပြီး အဂတိ တရား မလိုက်စားတဲ့ သူမျိုး လိုချင်တယ်။

Priority

Priority ဆိုတာ ကတော့ ဦးစားပေး အဆင့် ပေါ့။ ဦးစားပေး မှုက တိုင်းပြည်နဲ့ ချီပြီး ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ အရင်ကာလတွေတုန်းက တော့ နီးရာဓားကြောက်ပြီး ဦးစားပေးရတာပဲ။ ဒီလိုအခြေအနေတွေထဲမှာ နေထိုင်ခဲ့ရတော့ ကျွန်တော် တို့တစ်တွေက ဘာကို ဦးစားပေး မလဲ မေးရင် Shock ဖြစ်နိုင်တာကို ဦးစားပေး လိုက်ကြတာပဲ။ တိုင်းပြည် တစ်ပြည်မှာ ဘာကို ဦးစားပေးသင့်လဲ။ စစ်စရိတ်ကို ဦးစားပေး ရမလား။ ကလေး တွေရဲ့ ပညာရေး လား။ ပြည်သူတွေရဲ့ ကျန်းမာရေးလား။ ဒါတွေကို သေချာ သုံးသပ် သင့်တယ်။ ကျွန်တော်တို့ ခေတ်မှာ ဆိုရင် ပညာရေး စနစ်က ခဏ ခဏပြောင်း တာနဲ့ တိုးတယ်။ မြန်မာစာ သည် တို့စာ ဆိုတဲ့ စနစ်နဲ့ တိုးခဲ့တော့ မြန်မာစာ ကိုတော့ သီချင်းရေး တတ်ရုံ တတ်ခဲ့ တယ်ပေါ့။ အင်္ဂလိပ်စာ ကို ၅ တန်း ရောက်မှ သင်ရတော့ အားနည်း ကုန်တယ်။ စာမေးပွဲ အောင်ရုံ၊ ဘွဲ့ရရုံ ဆိုတာတွေ အများကြီး ဖြစ်လာ ခဲ့တယ်။ တကယ်ကို ဦးစားပေး သင့်တာကို ဦးစားပေးခြင်း ခံရတဲ့ တိုင်းပြည်မျိုး ဖြစ်စေ ချင်တယ်။ အမှန် ကတော့ အားလုံး အဆင် ပြေမှာကို ဦးစား ပေးရမယ်။ တစ်ဦး တစ်ယောက် အဆင်ပြေ တာကို ဦးစားပေးနေလို့ မရဘူး။ အခု ကျွန်တော်တို့ တိုင်းပြည်မှာ ဆင်းရဲ မွဲတေမှုကို ပပျောက်အောင် ဦးစား ပေးပြီး လုပ်နေ တယ်တဲ့။ ဒါပေမဲ့ ဒီနိုင်ငံမှာ ဆင်းလည်း မဆင်းရဲ၊ ချမ်းလည်း မချမ်း သာဘဲ ကျပ်တည်း နေတဲ့ သူတွေ တစ်ပုံကြီးပဲ။ ဒီတော့ ဘာကို ဦးစား ပေးသင့်လဲ သေချာ စဉ်းစားရမယ်။ ကျွန်တော့် ဘဝမှာ ဆိုရင်လည်း အရင်က သီချင်း ရေးတာက အောင်မြင်ဖို့ အဓိက ဦးစားပေးပေါ့။ ဒါပေမဲ့ အောင်မြင် တော့လည်း မပြီး သွားဘူး။ တခြား ဦးစားပေးတွေ ရှိလာတယ်။ ကိုယ့်မိသားစု စားဝတ်နေရေး ပြေလည်အောင် ဆိုတာ ကျွန်တော် အပါအဝင် အားလုံးရဲ့ ဦးစားပေး ဖြစ်နေတယ်။

Progress

Progress ကတော့ ခရီး ဘယ်လောက် ပေါက်တယ်ဆိုတာကို ပြောတာပေါ့။ ဖွံ့ဖြိုး တိုးတက် တာကို ပြောတာပေါ့။ ကိုယ်တို့ဘဝ လူ့သက်တမ်းမှာ ခရီး ဘယ်လောက် ရောက်ခဲ့လဲ။ ကိုယ့်တိုင်းပြည် ကြီးက နှစ်နှစ် အတွင်း ဘယ်လောက် အထိ ခရီး ပေါက်ခဲ့လဲ။ ဒါကို ပြောတာပါ။ Progress ဆိုတာ မပြီးသေးဘူး။ လုပ်နေဆဲကို ပြောတာ။ လုပ်ခဲ့တဲ့ အရွေ့ကို တိုင်းတာပဲ။ ကျွန်တော်က ၁၉၆ဝ မှာ မွေးတယ်။ ၆၂ ခုနှစ်မှာ ဗိုလ်ချုပ် ကြီး နေဝင်း တက်လာတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တိုင်းပြည်ကို အုပ်ချုပ် လိုက်တာ ဘယ်လောက် ခရီးပေါက် ခဲ့လဲ ဆိုတော့ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံထဲ စာရင်းပေါက် သွားတယ်။ ၂၆ နှစ် ချီတက် လိုက်တာပေါ့။ အခု ဒီနှစ်နှစ် အတွင်း မှာတော့ တော်တော်လေး ခရီးပေါက် ပါတယ်။ ကျွန်တော့် ဘဝမှာ ဘယ်လောက် ခရီးပေါက်လဲ ဆိုတာက ကျွန်တော့် သီချင်းတွေက သက်သေ ခံလိမ့်မယ်။ နောက်ပြီး သမိုင်း ဖြစ်ရပ်တွေက ညာလို မရဘူး။ လူတွေက ပြောကြတယ်။ ကိုယ့် သမိုင်းကို ကိုယ်ရေးတယ်လို့ ပြောပေမယ့် အမှန်က ကိုယ်ရေးတာ မဟုတ်ဘူး။ ကိုယ့်ရဲ့လုပ်ရပ်တွေ အပေါ်မှာ အများက သတ်မှတ် တာကမှ ကိုယ့် သမိုင်းပဲ။

ဖြိုးစုပိုပို

သူတို့ပြောတဲ့ P

$
0
0

ဆောင်းဦးလှိုင်

President

President ဆိုတာကို ဒီနေ့ ကမ္ဘာ မှာ အသုံးများ တာက သမ္မတကို ပြောတာပဲ။ ဒါပေမဲ့ တချို့အဖွဲ့ အစည်းတွေ မှာတော့ အကြီး အကဲတွေ၊ ဥပမာ – President of the Association ဆိုပြီး သုံးကြတယ်။ ဒီနေ့ ၂၁ ရာစု မှာတော့ President ဆိုတာနဲ့ သမ္မတ ပါပဲ။ အမှန် ကတော့ အဖွဲ့ အစည်း တစ်ခုရဲ့ အကြီးအကဲ ဥက္ကဋ္ဌကို President လို့ ခေါ်တာပါပဲ။ သမ္မတ ဆိုတာကလည်း အကြီး အကဲပဲလေ။ နိုင်ငံ တစ်နိုင်ငံကို ဦးဆောင်တဲ့ အ ကြီး အကဲက သမ္မတ ပဲလေ။ ဒီလို လူမှာ ဘယ်လို အရည် အချင်းတွေ ရှိသင့်လဲ ဆိုတော့ နှစ်ပိုင်း ရှိတယ်။ ပြည်သူ လူထု ဘက်က ဖြစ်စေချင်တဲ့ အရည် အချင်း မျိုးမှာ သမ္မတ ဆိုတာ အများပြည်သူက တကယ် ကို ရွေးချယ် တင်မြှောက် ထားတဲ့သူ ဖြစ်သင့်တယ်။ အများ ပြည်သူနဲ့ နိုင်ငံ အကျိုးကို ရှေးရှု ဆောင်ရွက်နိုင်စွမ်း ရှိရမယ်။ အများ ပြည်သူကို ကိုယ်စား ပြုရမယ်။ ပြည်သူ တွေရဲ့ဆန္ဒတွေ အိပ်မက် တွေကို သူက အကောင် အထည် ဖော်နိုင်စွမ်း ရှိလား မရှိလား ဆိုတာတော့ ပြည်သူ တွေက ရွေးချယ် တင်မြှောက်တဲ့ အချိန်မှာတော့ မသိနိုင်ဘူးပေါ့။ ဒါက သူ တာဝန် ထမ်းဆောင်တဲ့ သက်တမ်း အတွင်းမှာ ဘယ်လောက် အထိ ဆောင်ရွက် နိုင်စွမ်း ရှိလဲ ဆိုတာ သိရ မှာပါ။ ဒီမိုကရေစီ နိုင်ငံ တော်တော် များများ ကတော့ သမ္မတကို တိုက်ရိုက် ရွေးချယ် တင်မြှောက် ကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာကျတော့ သမ္မတကို ပြည်သူ လူထုက တိုက်ရိုက် ရွေးချယ် တင်မြှောက်ခွင့် မရကြဘူး။ ပြည်သူ လူထု ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ တစ်နည်းအားဖြင့် ပြောရရင် မဲအများဆုံးနဲ့ နိုင်သွားတဲ့ ပါတီကြီးကသာ ပြန်ပြီး ရွေးချယ်ကြတယ်။ အာဏာ ရတဲ့ ပါတီကြီးရဲ့သဘော ဆန္ဒ လမ်းစဉ် အတိုင်းပဲ သမ္မတကို ရွေးကြတယ်။ အခု ၂ဝ၁၅ မှာ နောက်ထပ် ပါတီက အနိုင် ရရင် သူကလည်း သူ့ရဲ့ သဘော ဆန္ဒအတိုင်း သမ္မတကို ရွေးလိမ့်မယ်။ သူတို့တစ်တွေ ရွေးချယ် လိုက်တဲ့ ပုဂ္ဂိုလ်က ပြည်သူ လူထုရဲ့ အိပ်မက် ထဲက သမ္မတ လိုမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါက အခု ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာပဲပေါ့။ ဒါပေမဲ့ နိုင်ငံ တကာမှာ လည်း ပြည်သူ လူထုက တိုက်ရိုက် ရွေးချယ်ထားပေ မယ့် လည်း သူတို့ ရွေးလိုက်တဲ့ သမ္မတက သူတို့ ထင်သလို ဖြစ်မလာတာ မျိုးတွေလည်း ရှိတာပဲ။ ဒီမိုကရေစီ ဆိုတာကလည်း နိုင်ငံ အသီးသီးက ကိုယ့်စံချိန် စံညွှန်း၊ ကိုယ့်ပုံစံနဲ့ သတ်မှတ်ထား ကြတာပဲ။ အခု လောလော ဆယ်တော့ ကမ္ဘာမှာ အမေရိကန်တို့၊ အိန္ဒိယတို့က ဒီမိုကရေစီ သိပ်စစ်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ ဆီမှာတော့ ပြောင်းလဲကာစ အချိန်ပေါ့။ ဒီမိုကရေစီ နိုင်ငံတွေ အတွက်တော့ သမ္မတ ဆို တာ အရေးကြီးဆုံးပဲ။ သူ့ကြောင့် နိုင်ငံက တိုးတက် သွားနိုင် သလို သူ့ကြောင့်ပဲ နိုင်ငံက ချွတ်ခြုံ ကျသွားနိုင်တယ်။ မိသားစု တစ်ခုရဲ့ President ဆိုရင်လည်း အဲဒီအိမ်ရဲ့ အိမ်ထောင် ဦးစီးပေါ့။ ကျွန်တော် ကတော့ နောင် လာမယ့် President ကို ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်စေ ချင်သလဲ ဆိုရင် ဥပဓိရုပ်လေး လည်း ကောင်းရမယ်။ လူရိုသေ ရှင်ရိုသေ ရုပ်မျိုးရှိမှ လူတွေ ရှင်တွေက ရိုသေမှာဗျ။ နောက်ပြီး ဘယ် ကမ္ဘာ့ ခေါင်းဆောင်ကို မဆို အင်္ဂလိပ်လို သူတင် ငါတင် ပြောနိုင်စွမ်း ရှိစေချင်တယ်။ အသံ သြဇာလေးလည်း ရှိရမယ်။ ဒါမှ Speech ပေးရင် နားထောင်လို့ ကောင်းမှာဗျ။ ကိုယ်ကျင့်တရားနဲ့ စိတ်စေတနာ ဖြူသူ လည်း ဖြစ်စေ ချင်တယ်။ အရေးကြီးဆုံးက Talents & Wisdom လည်း ကောင်းစေ ချင်တယ်။ နောက်ပြီး တိုင်းပြည် အပေါ် မှာ အရင်တုန်း ကလည်း ဘယ်လို အမြတ် ထုတ်မှုမှ မလုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း လှတဲ့ ပုဂ္ဂိုလ် မျိုးပေါ့။ ဒါမှလည်း ပြည်သူ လူထုက နိုင်ငံတကာက သူတွေကြားမှ ‘ငါတို့ သမ္မတ’ က ဆိုပြီး ကြွားကြွားလေး ပြောနိုင်မှာပေါ့။

Priority

Priority ကတော့ အဓိက ထားလုပ်ရမယ့် ဦးစားပေး လုပ်ရမယ့် အလုပ် ရည်ရွယ်ချက်ကို ပြောတာ။ မိသားစု တစ်စုက စီးပွားရေးကို Priority ထားတာလား။ ကျန်းမာရေးကို ထားတာလား။ ပညာရေးကိုလား ဆိုတာတွေပေါ့။ နိုင်ငံကြီး နဲ့ ချီသွားရင်တော့ ဒါတွေ အားလုံးက အရေးပါ သွားပြီပေါ့။ နိုင်ငံတိုးတက်ဖို့ ကျတော့ ဘက်စုံ တိုးတက်မှ ဖြစ်မယ်။ ဒါကို အုပ်ချုပ်သူတွေက သဘောပေါက် ထားရမယ်။ ဦးစားပေးရမယ့် ကိစ္စတွေ ကို တကယ် ဦးစားပေးဖို့ လိုတယ်။ စိတ်စေတနာ ကောင်းဖို့လည်း လိုသေးတယ်။ လူတစ်ယောက် အတွက် Priority က ကျတော့ အချိန်နဲ့ လိုက်ပြီး ပြောင်းတတ်တယ်။ ဥပမာ – အမေရိကန်နိုင်ငံ ဆိုရင် သူတို့နိုင်ငံက လူတွေ စားဝတ် နေရေး မပူရဘူး။ မစားနိုင် မဝတ်နိုင်တဲ့ သူတွေကို အစိုးရက စီစဉ်ပေးတယ်။ သူ့နိုင်ငံက ချမ်းသာတယ်လေ။ ဒီတော့ သူတို့က ဘာကို ဦးစားပေးလဲ ဆိုတော့ အကြမ်းဖက်မှု ပပျောက်ရေး တို့၊ မူးယစ်ဆေးဝါး ကိစ္စတွေကို ဦးစား ပေးတယ်။ အဲဒီလို နိုင်ငံရဲ့ Priority နဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ Priority နဲ့က ဘယ်လိုနည်းနဲ့မှ မတူနိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်က ကျတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေ ကို လုပ်ရမှာ။ Priority က လက်ရှိ ရောက်နေတဲ့ နေရာနဲ့ အချိန်ပေါ် မူတည်ပါတယ်။ ကျွန်တော် ဆိုရင် ၁၅ နှစ်သားက Priority တွေက ပညာတတ် လူငယ်ဖြစ်ဖို့၊ အနုပညာ အလုပ်တွေ လုပ်မယ် ဆိုတော့ ဒီအလုပ်တွေ မှာ အောင်မြင်တဲ့ အနေ အထား ရောက်အောင် ကြိုးစားဖို့က ကျွန်တော့်ရဲ့ Priority ပဲ။ အဓိကက ကျွန်တော့် အတွက် ဦးစား ပေးတွေပဲပေါ့။ လူငယ် ဘဝရဲ့ Priority က မိမိ ကောင်းဖို့၊ မိမိ တော်ဖို့၊ မိမိ အတွက်ပဲပေါ့။ ကျွန်တော် လူလတ်ပိုင်း ၂၇၊ ၂၈ ရောက်တော့ ကျွန်တော့် အိမ်ထောင်ရေး၊ ကျွန်တော့် မိသားစုက ကျွန်တော့်ရဲ့ ဦးစားပေးတွေ
ဖြစ်သွားတယ်။ ကျွန်တော့် အသက် ၃၅ နှစ်လောက် မှာတော့ ကျွန်တော့်ရဲ့ Priority က လူမှုရေး လုပ်ငန်းတွေဆီ ပြောင်းသွားတယ်။ အခု ကျွန်တော် ၄၂ နှစ်အရွယ် Priority က ကိုယ့်ကို မွေးခဲ့တဲ့ ဒီရေ ဒီမြေ အတွက် ဖြစ်သွားတယ်။ Priority ဆိုတာ ကိုယ့်ရဲ့ ကြုံတွေ့ ရတဲ့ ဘဝ၊ ခံစားချက်၊ ခံယူချက်နဲ့ နေထိုင်ရမှု ပုံစံတွေပေါ် မူတည်ပြီး ပြောင်းသွား တတ်ပါတယ်။

Progress

Progress ဆိုတာ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တာကို ပြောတာ။ သူ့အဓိပ္ပာယ်က တော်တော်ကို ကျယ်ပြန့်တယ်။ Success နဲ့ တောင် မတူဘူး။ သူက အခြေ တကျ ခိုင်ခိုင်မာမာ တိုးတက် အောင်မြင်မှု ဆို မှန်လိမ့် မယ်။ Step by Step  နဲ့ Success ဖြစ်တာကို Progress လို့ ခေါ်တာပါ။ ကျွန်တော်တို့ musician တွေ တခြား Pop Artist တွေ အတွက် ဆိုရင်တောင် Progress  က သိပ် မရင်းနှီးဘူး။ ကျွန်တော်တို့ အတွက်က Success တွေ Fame တွေနဲ့ပဲ ကျွန်တော်တို့က ပြောလို့ ရတယ်။ ”တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့” ဆိုသလို လူတစ်ယောက်က သူ့ဘဝရဲ့ ရည်မှန်းချက်တွေကို တဖြည်းဖြည်းချင်း အောင်မြင်အောင် လုပ်သွားရင် Progress ရတာပေါ့။ သူ့ရဲ့ Priority တွေ၊ Hopes တွေ ဘယ်လောက် ဆုပ်ကိုင် ထားနိုင်လဲ။ နိုင်ငံ တစ်နိုင်ငံ ရဲ့ Progress ကို ပြောရမယ် ဆိုရင်တော့ စောစောက ပြောခဲ့တဲ့ Presidentတွေ၊ Priority တွေနဲ့ အများကြီး သက်ဆိုင်နေ တယ်။ အဲဒီနိုင်ငံရဲ့ President က ရွေးချယ်ပြီး ဦးစားပေးတဲ့ လုပ်ငန်းတွေက ဘယ်လောက်ထိ Progress တွေ ဖြစ်နေလဲ ဆိုတာပေါ့။ တိုးတက်မှုကို တစ်နှစ် တည်ဆောက် မလား။ ၄ နှစ်လား။ ၁ဝ နှစ်လား။ နှစ် ၁ဝဝ လား။ ဒါကလည်း အဲဒီ Presidentရဲ့ ဦးဆောင်နိုင်စွမ်း နဲ့ စွမ်းဆောင်ရည် တို့နဲ့ ဆိုင်တယ်။ Talents တွေ၊ Wisdom တွေရှိတဲ့သူ ဦးဆောင်ရင်တော့ Progress က မြန်မှာပေါ့။ အရည်အချင်း ရှိတဲ့သူ ဆိုရင် ဥပမာ -  မလေးရှား နိုင်ငံရဲ့ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ဆိုရင် ၁၉၈၈ ဝန်းကျင်လောက် မှာ မလေးရှားမှာ မီးတွေ ခက်ခဲကြတယ်။ သူက ပြောတယ်။ သူ့ကို သုံးနှစ် အချိန်ပေး။ သုံးနှစ်အတွင်း  အဆင် မပြေရင် သူ နုတ်ထွက်မယ် ဆိုပြီး ပြောတယ်။ အဲဒီ သုံးနှစ် ပြီးတော့ မလေးရှားမှာ ဒီနေ့ဆိုရင် မီးပျက်တယ် ဆိုတာ လုံးဝ မကြားဖူး ကြဘူး။ ဒီသဘောပါပဲ။

ဖြိုးစုပိုပို

ဒါရိုက်တာ မီးပွား၏ ”အချစ်ကသင့်အား ပြုစားခဲ့သော်”

$
0
0

လွန်းထားထား၏ ဝတ္ထုကို မိုးနီလွင် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာမီးပွားရိုက်ကူးသည့် ‘အချစ်ကသင့်အားပြုစားခဲ့သော်’ သည် စရိုက်မတူသူတို့အကြားရှိ ပဋိပက္ခနုနုေ လးများကို ရိုက်ကူးပြသ ထားသည့် ဗီဒီယိုဇာတ်ကား တစ် ကားဖြစ်သည်။ ငယ်စဉ်ကလေးဘဝ ကပင် ဘုရားဈေး၌ ကစားစရာဝယ် ပေးရာမှ လူမိုက်ဘခက်ကဖမ်းယူ ခိုင်းစားခံရသော သက်နှင်း(မောင် မှတ်)အဖြစ် နေတိုးက သရုပ်ဆောင် ပြီး၊ သက်နှင်းကို စာသင်ပေးသော ပညာတတ်ဆရာမလေး ယုယအဖြစ် သက်မွန်မြင့်က သရုပ်ဆောင်ထား သည်။ သက်နှင်း၏ ဖခင်နှင့် မိခင် အဖြစ် ထွန်းထွန်းဝင်းနှင့် စိုးမိုးကြည်၊ ညီနှင့် ညီမအဖြစ် ကြယ်စင်(စွမ်းရည် လင်း)နှင့် လမင်း(ချောချော) တို့က ကူညီ ပံ့ပိုးထားသည်။ ဇာတ်ကောင် နည်းပြီး၊ ရိုက်ကွင်းလည်း နည်းသဖြင့် ထုတ်လုပ်သူ အကြိုက် ဗီဒီယိုကားတစ်ကား ဖြစ်ပါသည်။

ဘုရားဖူးသွားရင်း သက်နှင်း ကို ကစားစရာဝယ်ပေးပြီး ဇနီးနှင့် သားငယ်ဆီလှည့်အထွက် သက်နှင်း အရုပ်ဖြင့် ကစားနေစဉ် လူမိုက် ဘခက်က သက်နှင်းကို ဖမ်းယူသွား ကာ မွေးစားခဲ့သည်။ ကျောမှာ အမှတ်ရှိနေသဖြင့် မှတ်ကြီးဟု အမည်ပြောင်းကာ နှစ်ပေါင်း ၂ဝ ခန့် ဘခက်က မှတ်ကြီးကို ခိုင်းစားခဲ့ သည်။ ထွန်းထွန်းဝင်းနှင့် စိုးမိုး ကြည်တို့တွင် ကြယ်စင်အပြင် သမီး ငယ်ချောချောပါ မွေးဖွားလာသည်။ တစ်နေ့ သားကြီးသက်နှင်းကို ရှာရန် ဘုရားသို့အလာလမ်းတွင် လူငယ် တစ်ဦးကို ဝိုင်းရိုက်နေ သည်ကို တွေ့သဖြင့် ဆင်းပြီးဖျန်ဖြေရာတွင် မှတ်ကြီးအင်္ကျီပြဲပြီး ကျောမှ အမှတ် ကို မြင်လိုက်ရသဖြင့် ရဲစခန်း အပ် ရန်ဟုပြောကာ အိမ်သို့ခေါ်လာခဲ့ သည်။

ကြယ်စင်နှင့်လမင်းက လက် မခံ။ DNA စစ်ဆေးကြည့်ရာ သက်နှင်းဖြစ်နေသဖြင့် အိမ်တွင် မိသားစုနေထိုင်ကြသည်။ မူလတန်း ပညာကိုသာ သင်ခဲ့ရသော သက် နှင်းကို ဆရာမယုယက အင်္ဂလိပ်စာ သင်သည်။ သက်နှင်းက ယုယ အပေါ် ချစ်ခင်စွဲလမ်းလာသော် လည်း ဖွင့်မပြောရဲခဲ့ပါ။ ထိုစဉ် ကြယ်စင်နှင့် ယုယစေ့စပ်လိုက် သဖြင့် သက်နှင်း ယုယကိုခိုးပြေး သည်။ ယုယက လက်မခံ။ သက်နှင်း ကို မုန်းသွားသည်။ သက်နှင်း၏ နှလုံးသားကို မြင်လာသောအခါ၌ သူတို့ အကြင်လင်မယား အဖြစ် ပေါင်း သင်းကြသည်။ ဇာတ်လမ်းက ဤမျှသာ။

(၂)
လွန်းထားထား၏ အခြားဝတ္ထု များကဲ့သို့ပင် ဤဇာတ်လမ်းမှာ လည်း ဘဝထဲမှ ဇာတ်လမ်း မဟုတ်။ စာရေးဆရာက စားပွဲပေါ်တွင် အကွက်ကျရေးသားထားသော ဇာတ်လမ်းဖြစ်သည်။ သို့ရာတွင် ကြေးညီနောင် ပုံပြင်ထဲကကဲ့သို့ လူမိုက်ဘခက်နှင့် အတူနေလာခဲ့ ရသော သက်နှင်းနှင့် ဓနရှင်လူတန်း စား အသိုက်အဝန်း၌ ပေါက်ဖွား ရှင်သန်နေရသော ကြယ်စင်၊ လမင်း တို့၏အကြားရှိ ပဋိပက္ခလေးများကို ဇာတ်ညွှန်းရေးသားသော မိုးနီလွင် သည်လည်းကောင်း၊ ထိုပဋိပက္ခ လေးများကို ပရိသတ် စိတ် ဝင်စား လာစေရန် ရိုက်ကူးပြသသော မီးပွားသည်လည်းကောင်း၊ အနု ပညာမြောက်ရေးသားပြသနိုင်ခဲ့ သဖြင့် ဤဇာတ်ကားလေး မှာကောင်း နေခဲ့ပါ သည်။ ကျွန်တော် သဘောကျသည် မှာ ရွှေပင်နားသဖြင့် ရွှေကျေးဖြစ် လာစေရန် ဆရာမလေး ယုယ၏ ကြိုးပမ်းမှုနှင့် သက်နှင်း၏ ပြောင်း လဲ တိုးတက်လာမှုများ ပင် ဖြစ်သည်။

အတန်းစာဘွဲ့ရမှ ပညာတတ်ဟု သတ်မှတ်၍မရ။ အတန်းစာမသင်ဘဲ ဘွဲ့ရပညာ တတ်အရည်အချင်းမျိုး လည်းရှိနိုင်ပါ၏။ ထို့အပြင် အချစ် ၏ ပြုစားမှုကြောင့် ကြိုးစား လိုက်နာ လာသော သက်နှင်း၏ ပြောင်းလဲ လာမှုများသည် ကြည့်ရသူ ပရိသတ် ကို အားမာန်ပေးပါ၏။ကြယ်စင်နှင့် ယုယတို့ တစ်ဦး ကိုတစ်ဦး ချစ်သွားကြ သည်ကို မပြဘဲ စေ့စပ်တော့မှ ဘွားခနဲ ဖော်ပြလိုက်ခြင်းသည် ခပ်တုံးတုံး လူကြိုက်သော ပြကွက်မျိုးသာ ဖြစ်ပါ၏။

သဘာဝယုတ္တိခိုင်မာမှု မရှိပါ။ ဆရာမကို လိုက်ပို့ရန် ညီအစ်ကို နှစ်ယောက်ပြိုင်ဆိုင်ကြပုံ၊ အပေါင်း အသင်းများနှင့် မိတ်ဆက်ပေးပုံ များလောက်နှင့် ကြယ်စင်နှင့် ယုယ ချစ်သူဖြစ်သွားပုံမှာ မလုံလောက် ပါ။ ကြယ်စင်နှင့် ယုယ၏အထိ အတွေ့ scene  များကို ဒါထက်ပြသင့်ပါ၏။

”ရည်းစားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကိုထားမလဲ” ”ဘယ် လို လူမျိုးကို အိမ်ထောင်ဖက်ရွေး မလဲ” ”ကျွန်မကို ဦးဆောင်နိုင်တဲ့ လူ၊ ကျွန်မထက်တော်တဲ့ လူမျိုး ကို ရွေး မယ်၊ အဓိကပညာတတ်ရမယ်၊ အရည်အချင်းရှိရမယ်၊ အဲဒါမှ ကျွန်မအားကိုးလို့ရမှာပေါ့”

”မ, ထက်တော်တဲ့လူ တော် တော်ရှားမှာပဲနော်” သက်နှင်းနှင့် ယုယ စကားပြောခန်းသည် သက်နှင်း၏ နိမ့်ကျခံစားမှုကို ပုံဖော်နိုင် သော Dialogue များဖြစ်ပါသည်။

မီးပွားသည် သက်နှင်း၏စရိုက်ကို ကင်မရာဖြင့် ပုံဖော်ရာတွင် ထိထိမိမိပုံဖော်နိုင်ခဲ့ပါသည်။ ထမင်းစားခန်းတွင် လက်နှင့် စားသည့် အခန်း၊ ဇွန်းခက်ရင်းနှင့် ပေါင် မုန့်ကြ က်ဥကြော်စားရန် ဆရာမသင်သည့်အခန်း၊ အိုင်ပက်ပျောက်ခန်း၊ ဘောင်းဘီ၊ အင်္ကျီနှင့်နာရီယူဝတ်သည့်အခန်း၊ ယုယကို သိပ်လှတာပဲဟု ပြောချင်၍ လမင်း ကို သွားေ မးရာ လမင်းက ချောက်တွန်းပြီး You are ugly ဟု ပြောလိုက်သဖြင့် လူဘုံအလယ်တွင် မှားပြောခန်း၊ ရုပ်ရှင်ကြည့်ခန်း၊ လက်စွပ်ခိုးခန်း …စသည်တို့တွင် မီးပွား သည် သက်နှင်းစရိုက်ကို ပရိသတ်ရင်ထဲသို့ အရောက်ပို့ပေး နိုင်ခဲ့ပါသည်။ ရုပ်လုံးဖော်ပစ္စည်းများအဖြစ် ခြင်္သေ့ရုပ်တု၊ တိမ်ကြားထဲမှ လမင်း၊ ပန်းပွင့်များကို သုံး၍ ရိုက် ကူးပြ သသည်။

ဆိုရသော် ထစ်ခနဲဆိုလျှင် ဒေါသထွက်သောစိတ်၊ လူကြီးလူကောင်းမဆန်သောအပြုအမူ၊ ဒေါသတကြီးပြောဆိုမှုစသည့် ယခင် ပတ်ဝန်းကျင်မှ အကျင့်စရိုက်များကို ဆ ရာမသည် ပြုပြင်ခဲ့ပါ၏။ အောင်မြင်ခဲ့ပါ၏။ အမိန့်အာဏာဖြင့် ပြုပြင်ပြောင်းလဲသည်ထက် အချစ်၊ မေတ္တာဖြင့် ပြုပြင်ပြောင်းလဲသည်က ပို၍အောင်မြင်နိုင် ကြောင်း ဤ ဗီဒီယိုဇာတ်ကားက သက်သေခံနိုင်ခဲ့ပါသည်။ ဤသည်မှာ ရည်ရွယ်ချက်ကောင်းရုံမျှမက ကြည့်ရှုမိသူ ပရိသတ်များအတွက် အကျိုးပြုနေသော ဇာတ်ကားတစ်ကားဟု ဆိုနိုင်ပါသည်။

‘အချစ်က သင့်အားပြုစားခဲ့သော်’ ဇာတ်ကားတွင် အသက် ၂ဝ ကျော်အရွယ်စရိုက်ကြမ်းနေသော သက်နှင်းကို ယဉ်ကျေးလာစေရန် ပြုပြင်ရသော၊ စာသင်ပေးရသော ဆရာမ ယုယအဖြစ် သရုပ်ဆောင် ရသည့် သက်မွန်မြင့်အဖို့ ဇာတ် ကောင်စရိုက်ဝင်ရန် သရုပ်ဆောင် ရသည်မှာ အလွန်ခက်ခဲပါသည်။ ဤမျှ ခက်ခဲသော ဇာတ်ရုပ်ကို ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သော သက်မွန်မြင့်ကို ချီးကျူးမိသည်။ နေတိုးသည်လည်း မှတ်ကြီးအဖြစ် သက်နှင်းအဖြစ် သရုပ်ဆောင်နိုင်ခဲ့ သည်။ စွမ်းရည် လင်း၊ ချောေ ချာ၊ ထွန်းထွန်းဝင်းနှင့် စိုးမိုးကြည်တို့ သည်လည်း သရုပ်ဆောင်ပီပြင်ကြ ပါသည်။ ခြုံ၍ဆိုရသော် ‘အချစ်က သင့်အားပြုစားခဲ့သော်’ဇာတ်ကားသည် ယနေ့ ထြက္ရွိေ နေ သာ ဗီဒီယို ဇာတ်ကားများထဲတွင် အားမာန်ကို ပေးသော အကျိုးပြုဇာတ်ကား တစ်ကားဖြစ်ပါသည်။

မောင်အိမ်စံ

ယခုလအညွှန်း
၁။ နှစ်ဆယ်ရာစု မျက်ရည်စက်များ
၂။ မတော်တဆအချစ်
၃။ မောင့်ချစ်သူ ဗမာမလေး

လက်ကိုင်ဖုန်းပေါ်က ဗက်တီးရီးယားများ

$
0
0

၂ဝ၁၂ ခုနှစ်က အာဖရိကတိုက် ယူဂန်ဒါ နိုင်ငံတွင် အီဘိုလာအမည်ရှိ ဗိုင်းရပ်ပိုးတစ်မျိုး ပေါက်ပွားကာ ယင်းဗိုင်းရပ် ကူးစက်ခံရသူတို့တွင် ပြင်းထန်စွာ ဖျားခြင်း၊ ကြွက် သားနာကျင်ခြင်း စသည့် ရောဂါများအပြင် သေဆုံးမှုများပင် ရှိခဲ့သည်။ ယင်းအချိန်က အီဘိုလာရောဂါသည် တစ်ဦးသည် ယူဂန်ဒါနိုင်ငံ ကာဂါဒီဆေးရုံတွင် တက်ရောက် ကုသနေစဉ် လက်ကိုင်ဖုန်းကို အိပ်ရာဘေးတွင် ချထားရာ ယင်းကို ဆေးရုံလာသူ တစ်ဦးကတွေ့၍ လူနာ၏အလစ်တွင် ခိုးယူသွား သည်။

ဖုန်းပိုင်ရှင်လူနာသည် သူ့ဖုန်းအခိုးခံရ ကြောင်း ရဲကို အကြောင်းကြားအမှုဖွင့်ပြီး မကြာမီ ပင် အီဘိုလာရောဂါဖြင့် သေဆုံးသွားသည်။ ရဲတို့သည် သူခိုးကို ဖမ်းဆီးရန် ဖုန်းနံ ပါတ်ဖြင့် ခြေရာခံမိအောင် ကြိုးစားသည်။ စီစဉ်ဆဲကာလ တွင်ပင် သူခိုးက ဆေးရုံသို့ရောက်လာသည်။ ဖုန်းကို ခိုးမိကြောင်း ဝန်ခံသည်။ လက်ကိုင်ဖုန်း မူလပိုင်ရှင်၏ အီ ဘိုလာဗိုင်းရပ်များ လက်ကိုင်ဖုန်း တွင်ကပ်နေရာမှ သူခိုးထံ ကူးစက်သွား၍ ဆေးရုံသို့ လူနာအဖြစ် ရောက်လာခြင်း ဖြစ်သည်။

မိုက်ကရိုလှိုင်းများကြောင့် လက်ကိုင်ဖုန်း သုံးသူများ၏ ဦးနှောက်ထိခိုက်ခြင်း ရှိမရှိကို ငြင်းခုံနေရဆဲဖြစ်သော်လည်း လက်ကိုင်ဖုန်းများ တွင် လူကိုအန္တရာယ်ပေးနိုင်သော ဗက်တီးရီးယား များ၊ ဗိုင်းရပ်များ ကပ်နေနိုင်ကြောင်း ယူဂန်ဒါ လက်ကိုင်ဖုန်းသူခိုး၏ ဖြစ်စဉ်က အထင်အရှား သက်သေပြလိုက်သည်။လက်ကိုင်ဖုန်းများတွင် ဘိုထိုင်အိမ် သာအိုး အဖုံးများထက် ဗက်တီးရီးယား ပိုမိုခိုအောင်း စွဲကပ်နေနိုင်သည်ဟု ပြောခြင်းမှာ လွန်သည်ဟု မဆိုနိုင်ချေ။ အိမ်သာအိုးအဖုံးများကို မသန့်သော နေ ရာ၊ ရောဂါပိုး ခိုကပ်နိုင်သည့် နေရာများဟု လူတို့က မှတ်ယူထားတတ်သဖြင့် မသုံးမီ သုတ် သင်တတ်ကြသော်လည်း လက်ကိုင်ဖုန်းများကို အချိန်မှန် သန့်ရှင်းရေးလုပ် သုတ်သင်ပေး သည့် အကျင့်မှာ အတော်များများတွင် မရှိသေးချေ။

လက်ကိုင်ဖုန်းများကို မိမိတစ်ဦးတည်းကသာ ကိုင်သုံးနေပါက ဗက်တီးရီးယား ကပ်ငြိနေသော် မှ အန္တရာယ်မရှိလှပေ။ အခြားသူတစ်ဦးဦးကို ပေးသုံးမိလျှင်တော့ သုံးစွဲ သူ ၏လက်မှ ပိုးများ အပြင် သူ၏ ထွက်လေတွင်ပါသည့် ရောဂါပိုးများ လည်း ဖုန်းတွင် ဝင်ရောက်ကပ်ခို၍ ပါလာနိုင် သည်ကို သတိပြုဖို့ လိုအပ်သည်။လက် ကိုင်ဖုန်းပြော သည့်အခါ ပါးစပ်နှင့် နားအနီးသို့ကပ်၍ ပြောရသဖြင့် လူမှ လက်ကိုင် ဖုန်း မျက်နှာပြင်သို့ရောက်လာသော အနွေးဓာတ် များသည် ဗက်တီးရီးယားတို့ ခိုအောင်းပွားများဖို့ အခြေအနေကောင်းများပင် ဖြစ်သည်။

လက်ကိုင်ဖုန်းသုံးသူများသည် အများသုံး အိမ်သာ၊ အားကစားခန်းမများ၊ ဈေးဆိုင်များ၏ လှေကားလက်ရမ်းများစသည်တို့ကို သုံးမိ ကိုင်မိ ရာမှ အခြား သူများ ၏ ရော ဂါပိုးများ ကပ်ငြိလာ ကာ လက်ကိုင်ဖုန်းမှ တစ်ဆင့် ထပ်မံရောဂါပိုးများ ပြန့်ပွားသွားတတ်သည်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ရုံးတစ်ရုံးရှိ ရုံးသူရုံးသားများ၏ လက်ကိုင်ဖုန်း အချို့ကို တောင်းယူ၍ လေ့လာသုတေသနပြုခဲ့ရာ သာမန် ထက် အဆမတန် များနေသော ကိုလီဖောင်း ဗက်တီးရီးယား အရေအတွက်ကို တွေ့ရှိခဲ့ရသည်။ ကိုလီဖောင်း ဆိုသည်မှာ လူ့ကျန်းမာရေးကို တိုက် ရိုက်အန္တရာယ်မပြုသော်လည်း လူ့မစင်တွင် အမြဲ တွေ့ရသော ဗက်တီးရီးယားဖြစ်၍ အရာဝတ္ထု တစ်ခုသည် လူ့မစင်နှင့် ထိတွေ့ခဲ့မှု ရှိမရှိစစ်ဆေး လျှင် ယင်းအရာတွင် ကိုလီဖောင်း ပါ မပါကို စစ်ရသည်။ လေ့လာသော လက်ကိုင်ဖုန်းများတွင် ကိုလီဖောင်းယူနစ် ၂၇ဝဝ မှ ၄၂ဝဝ အထိ တွေ့ခဲ့ရသည်။

အလားတူ ၂ဝ၁၁ ခုနှစ်က အမေရိကန် တက္ကသိုလ်ကျောင်းသားများကိုင်သော လက်ကိုင်ဖုန်း ၁ဝဝ ကို လေ့လာခဲ့ရာ ရောဂါပိုးပေါင်း များစွာ တွေ့ခဲ့ရသည်။၂ဝ၁ဝ ခုနှစ်က လည်း ရောဂါဗေဒပါရဂူ တစ်ဦးက အိုင်ဖုန်းနှင့် အိုင်ပက်အသုံးပြုမှုများကို သြစတေးလျနိုင်ငံတွင် သုတေသနလုပ်ခဲ့ရာ ထိတွေ့မျက်နှာပြင်များမှတစ်ဆင့် ရောဂါပိုး ကူး စက်နိုင်ခြေ အလွန်များသည်ဟု ကောက်ချက် ချခဲ့သည်။ အိုင်ပက်ရောင်းသော ဆိုင်များတွင် ဝယ်သူများက အိုင်ပက် အိုင်ဖုန်းတို့ကို စမ်းသုံးကြ သဖြင့် ထိတွေ့မျက်နှာပြင်များမှတစ်ဆင့် တစ်ဦး မှ တစ်ဦးသို့ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများသည်။

လက်ကိုင်ဖုန်းများ၊ အိုင်ပက်များ၊ တက် ဘလက်များသည် အီလက်ထရွန်းနစ်ကိရိယာ များ ဖြစ်ကြသည့်အတိုင်း ‘နုသည်’ ‘ရေထိလျှင် ပျက်တတ်သည်’ ဟု တွေးထင် တတ်ကြခြင်းကြောင့် ယင်းကိရိယာများကို သန့်ရှင်းရေးလုပ်ရန်လည်း ဝန်လေးတတ်ကြသည်။ ကိရိယာကို မထိခိုက်စေဘဲ လက်ကိုင်ဖုန်း၊ တက်ဘလက်စသည်တို့၏ မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ရန် မည်သည့်နည်းက အသင့် တော်ဆုံးဖြစ်သည်ဆိုသည်ကို သိရှိရန် ရေ၊ အရက်ပြန်၊ မှန်သန့်ဆေးစသည်တို့နှင့် အမျိုးမျိုး စမ်းသပ်ခဲ့ရာ အရက်ပြန်သည် အသင့်တော်ဆုံးဟု သိရသည်။ မိမိသုံးသောဖုန်းကို အရက်ပြန်ဆွတ် ထားသော နူးညံ့သည့်အဝတ်စဖြင့် တစ်နေ့ တစ်ကြိမ် ဆေးကြောသင့်သည်။ အခြား သူတစ်ဦး ကို ပေးသုံးပါက သုံးပြီးတိုင်းဆေးကြောနိုင်လျှင် ပို၍ ကောင်းသည်။

ကျော်ဦး


ရဟန်းနှင့် ဗယ်လင်တိုင်း ဝဋ်

$
0
0

ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။ ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

ချစ်သောသူ တို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူ တို့ကို မြင်ရခြင်း သည်လည်း ဆင်းရဲ၏။ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင် အဖွဲ့ ‘ဂန္ထ’ တို့ မရှိကြကုန်။

ဗုဒ္ဓ

(၁)
နံနက်ခင်း တံခါးချပ်များကို တွန်းဖွင့် လိုက်သည်နှင့် နှင်းဆီ ပန်းခင်းကြီး တစ်ခုလုံး တင်ဆောင် လာသော ချောကလက် လှေကြီး တစ်စီးဖြတ်မောင်း သွားသည် ကို မြင် လိုက် ရသည်..။ ဂျက်ခ်စ်ဖီလ်မ်စ် ၏ သီချင်း အပိုင်းအစများက သူ ကျောင်း သင်္ခမ်းလေးရှေ့တွင် ပဲ့ကျန်မွကြေနေကြ ၏။

“If you find yourself alone on Valentine’s Day, No box of chocolates to open, no roses in your vase or vase. If you find yourself alone on Valentine’s Day, Just remember, Cupid’ sarrow is on its way.”

ဗယ်လင်တိုင်းနေ့မှာ မင်း တစ်ကိုယ်တည်း အထီးကျန်နေမယ် ဆိုရင်… ချောကလက် ပုံးလည်း ဖွင့်စရာမရှိ ဖြစ်နေမယ် ဆိုရင်…. ပန်းအိုးထဲ မှာ နှင်းဆီပန်းတွေ လည်း ရှိမနေဘူးဆို ရင်… သတိရ လိုက်ပါကွယ်..။ ကျူးပစ်ရဲ့မြား ဟာ လမ်းခုလတ်မှာ ရောက်နေပါ ပြီကွယ်…။

ချစ်သူများနေ့ဆိုပါလား..။ တဏှာ ပေမမြစ် ဖျားမှ စီးလာနိုင်သည့် ရိုမန္တိကနာရီများက ရဟန်း တစ်ပါး၏ ဒိုင်ယာရီတွင် ခိုကပ်ခွင့်မရှိ သည့်တိုင် ပိဋကတ် စာပေထဲက အသည်းကွဲ ရဟန်းငယ် တစ်ပါးကိုတော့ အမှတ်ရ နေတတ်သည်။ ရာဇဂြိုဟ်မြို့ပြသို့ ဘုရားဖူး ထွက်လာသော ကျေးလက် ရဟန်းငယ်လေး တစ်ပါး…။ ပြောသံ ကြား ရုံဖြင့် နားဝင်ချို ရင်ဖိုခဲ့ရသော ဗုဒ္ဓသာဝိကာ ပြည့် တန်ဆာမလေး သီရိမာ ၏ စံအိမ်သို့ ဆွမ်းစားကြွ ခွင့်ရဖို့ သံဃာ့မော်ကွန်းထိန်း ရဟန်းထံ ချဉ်းကပ် ရသည်..။ တကယ်တော့ ရဟန်းငယ်လေး ၏ အိပ်မက် ရေစီးရေလာ ကောင်းချိန်တွင် သီရိမာ ဒကာမလေးက ဘဝဝေဒနာ အနွမ်းတို့ဖြင့် အလှပန်း ညှိုးချိန်ရောက်နေ ခဲ့ပါပြီ. .။ ရောဂါလည်း ကျွမ်းနေခဲ့ နေခဲ့ပါလေပြီ..။

မည်သို့ဆိုစေ ရဟန်း ငယ်လေး အတွက်တော့ သီရိမာ၏ ကိုင်းညွတ် မှိန်ပျသော အလှ သွားသည်ပင် ထက်ရှလွန်း နေပါသေးသည်။ မြင်ရသော အခိုက် ဝေဒနာ က္ခန္ဓာ ဝန် ထုပ်ဖြင့် စိတ်နှလုံး ကွဲရှ သွားသည်။ စွဲလမ်းမှု သွေးသံရဲရဲထဲ ဘဝ တစ်ခုလုံး ဟက်တက်…။ လွတ်ကျ သွားချေပြီ..။ ကိလေသာ ဖွဲမီးစ က တမြေ့မြေ့ လောင်ကျွမ်းနေ သည်..။ သီရိမာ …သီရိမာရေ …။ ဝေဠု ဝန်ကျောင်း အစွန်က သစ်ခက်မိုး တဲလေးထဲ ဆွမ်း သပိတ်နှင့် ပရိက္ခရာ ဖရိုဖရဲ…။

မည်သို့ဆိုစေ ရဟန်း ငယ်လေး၏ သံဝေဂဇာတ် သိမ်းက အငြိမ်းဓာတ် ရသွားသည်။ အရူးအမူး တမ်းတနေဆဲ မှာပင် သီရိမာ ကွယ်လွန်သွားခဲ့၏။ အလှ နတ်ဖုရား၏ ခန္ဓာ အကြွေကို ရဟန်းငယ် လေးအမှန် အတိုင်း မြင်သွားခဲ့ပါသည်။ ဗုဒ္ဓ အရှင် ၏ ဓမ္မကထာက သီရိမာ ရုပ်ကလာပ်ကို လွှမ်းကာ ပဲ့တင်ထပ်နေ၏..။

အဆန်းတကြယ် ပြုလုပ်အပ်သော အရုပ်နှင့် တူသော .. အရိုးစုတို့ဖြင့် ထောက်ထား အပ်သော နာကျင် တတ်သော လူအများတို့ ကြံစည် အပ်သော အနာ ရှိသော ဤ ကိုယ်ကို ရှုလော့…။ ဤကိုယ် သည် အမြဲ မရှိချေတကား…။

အချစ်ပူပူကြီးကို ထွေးထုတ် ပစ်လိုက်သည်..။ ငါမရှိ…သူမရှိ…။ စွဲလမ်း အပ်သော ခန္ဓာမရှိ တော့ပြီ..။ ယိုယွင်းပြာကျ သွားလေသော အလှ …။ ရာဇဂြိုဟ် မြို့ပြထဲ တိတ်ဆိတ်စွာ ကြွလှမ်း လာသော အညတရ ရဟန်း၏ မျက်နှာရိပ်တွင် ဓမ္မအလင်းများ ပြန်လက်လာသည်။

ရဟန်း ဆိုတာ တဏှာပေမညွန် ထဲက ထွက် မြောက်နိုင်ရမည် မဟုတ်လား…။ အနှိုင်းအဆ မဲ့၊ အကန့်အသတ် နယ်နိမိတ် မှန်သမျှကို ကျော် လွန်နိုင်ရမည် မဟုတ် လား…။ သည်လိုဆို … အရေပြား တစ်ထောက် အလှများ အလွန်က သစ္စာ မြင်ကွင်းကျယ် တစ်ဆုံးဆီ စိတ်မွှေးမွှေး များကို ဖြန်းပက်လိုက်တော့မည်။

သို့ဆိုသော် ရဟန်းတစ်ပါး အတွက် ဗြဟ္မစိုရ် မေတ္တာ အရည်ရွှမ်းသော ချစ်သူ များနေ့သည် ဖေဖော်ဝါရီလ ၁၄ ရက်မျှ မဟုတ်ပြီ…။ ၂၄ နာရီ ချစ်သူ များ….၁၂ ရာသီ ချစ်သူများ…။

ပွားများ ချဲ့ထွင်နိုင်သလောက် ကျယ်ပြန့်စေနိုင်သော မေတ္တာ နိုင်ငံတော်..မေတ္တာကမ္ဘာ…မေတ္တာ စကြဝဠာ… ဗြဟ္မစိုရ် ချစ်ခြင်း မေတ္တာ ဖြင့် ကမ္ဘာမြေ စိမ်းလန်းပါစေ..။ ကမ္ဘာ ရေစီးဆင်း ပါစေ.. ကမ္ဘာလေ လတ်ဆတ်ပါစေ …။ မျက်နှာသစ်ရင်း သူမေတ္တာ ပို့လိုက်သည်။

ဤသို့ဖြင့် ရဟန်းတစ်ပါး၏ ကျောင်းသင်္ခမ်း ပရိဝုဏ်သည် ဗြဟ္မစိုရ်နေ့ များစွာဖြင့်စိမ်းလန်းခဲ့ပါသည်။

(၂)

အရုဏ် နံနက်စာ ပြီးသည်နှင့် အွန်လိုင်း စာမျက်နှာအချို့ကို ကလစ်မိသည်..။ ချစ်ခြင်း မေတ္တာဖြင့် ကမ္ဘာမြေကို ငြိမ်းချမ်းစွာ ရွေ့လျားစေ သူများနှင့် အမုန်းဒေါ သ နှင့်အာဃာတ လက် ကြမ်းကြီး များဖြင့် ကမ္ဘာ့နံရံများကို ထုခွဲ တွန်းဖြိုနေ သူများကြား သူ စိတ်ချွေးထွက်နေသည်…။

 ထို့နောက် အမှတ်မထင် အိပ်ရာဘေးရှိ ဒိုင်ယာရီ အဟောင်းလေး ကို ဖွင့်ဖတ်မိသည်..။ ၂ဝဝ၆ ခုနှစ်က ဒီနေ့မှာ ဘာတွေများ ရေးခြစ်မိပါလိမ့်။

အတ္တ ဆိုသည်မှာ ဘာတွေထည့်ထားမှန်း မသိဘဲ လွယ်ပိုးထားရသည့် ကျောပိုးအိတ် တစ်လုံးပဲဖြစ်လိမ့်မည်..။ ဘယ်တော့မှလည်း ဖွင့်ကြည့်ရန် စိတ်မဝင် စားခဲ့ကြ။ သို့သော် တပ်မက်စွာ …။ အရိယာ ပုဂ္ဂိုလ်မွန်များ ကတော့ ပြတ်သားစွာဖွင့် ကြည့်ခဲ့ကြသည်။ အနတ္တ အမှိုက် များကိုသာ တွေ့ သွားခဲ့ကြလေသည် တဲ့..။ ကိုယ်တိုင် ကရော ….။ အတ္တထဲမှာ အတ္တတွေ ကိုပဲ ထိုးထိုးထောင် ထောင်…။ ငါရှိနေကြောင်း ကမ္ဘာမြေကြီး အသိ အမှတ်ပြုပေးပါ…။ သည်လို ဥမ္မတ္တ ကောနှင့် နှစ်သုံးဆယ်…။ သည်နေ့ဟာ ကမ္ဘာ့ ချစ်သူများ နေ့ဆိုပဲ…။ သည်နေ့မှ မဟုတ်၊ နေ့တိုင်း ငါ့ ချစ်သူများနေ့ ပဲ ဖြစ်ရမယ်တဲ့..။ ကမ္ဘာ မြေဟာ ငါ့ချစ်သူတွေရဲ့ နေရာ …စိုက်ပျိုးကြစို့…။

(၃)

သူ့အခန်းရှေ့ကို အမှတ်မထင် ငေးကြည့်မိတော့ မနက်ခင်းဆီက ဖြတ်မောင်း သွားသော နှင်းဆီတင် ချောကလက် လှေကြီး သူ့ဆီ တည့်တည့်မတ်မတ် ထိုးဆိုက် လာခိုက် ရေးမိသော ကဗျာ တစ်ပိုဒ်ကို ရွတ်မိလျက်သား ဖြစ်နေသည် ..။ ဖွင့်ထား မိသော တံခါးချပ် များကိုထ မပိတ် ရက်တော့..။

အလင်းဖွင့် တံခါး —ဘဝစီးပိုးမှု ရှိဖို့ ဘယ်ချိန် ခွင်ထဲ ထည့်ချိန်ကြည့်မလဲ… အမှားတွေသာ တစ်လှေကြီး မောင်းသွင်း လာခဲ့ကြ…။

ပွင့်လင်းမြင်သာမှု မရှိတဲ့ စိတ်ဖိစီးမှုတွေ ကြား ခွင့်လွှတ် ထိုက်ရင် ခွင့်လွှတ် လိုက်ကြပါ ကွယ်တို့ ရယ်…။

သံသရာဆိုတာ ဒီတစ်ခါတည်းမှ မဟုတ်တာ ပဲ…။

ဂါထာတွေ သရဇ္ဈာယ်ရင်း ချစ်ခြင်းတရားကိုလည်း ပွားများသင့်ပါသတဲ့..။

ညတွေ အိပ်မက်ဆိုးထဲက ထွက်ပြေးလာချိန် ငါတို့ သစ္စာဖူးထွက်ကြရအောင်လေ….။

ဓမ္မဂင်္ဂါ

Oldies Goldies

$
0
0

ကိုယ့်လက်ထဲ ရောက်လာခဲ့တဲ့ ထူးဆန်းလှ တဲ့ ဖိတ်စာလေးကို အထက်အောက် ရှေ့နောက် ထပ်ထပ် ကြည့်နေမိတယ်။ ‘သေနေ့ကြိုနှုတ်ဆက်ပွဲ’ တဲ့။ ‘မေတ္တာဖြင့် လက်ဆောင် ပစ္စည်းပေးပို့ခြင်း သည်းခံပါ’ လို့လည်း ရေးထားပြန်တယ်။ ဖိတ်စာ အတွင်းဘက် မှာတော့ ငယ်နုလှတဲ့ မောင်နှံပုံနဲ့ အတူ နှစ်ယောက် တစ်ဘဝရဲ့ အစ ဆုံးနေ့ အပြုံး ပန်းတွေနဲ့ ဝေ စေနိုင်ပါစေ…လေလို့ ရေးထား တယ်။ နောက်ကျောဖုံး အတွင်းဘက်မှာကျတော့ အိုမင်း လှပြီဖြစ်တဲ့ မောင်နှံပုံလေး။ ဒီပုံလေးနဲ့ အ တူ ရေးထားတဲ့ စာလေးက ပိုတောင် စိတ်ဝင် စားစရာကောင်းသေး။ ‘လမင်းကွယ်ချိန် နေကွယ် ချိန် လွမ်းသူရဲ့ပွဲ ဘယ်သူ အရင်လဲ’ တဲ့။ ကျွန်တော် သေခြင်းနီး သပြေညို ဦးတင်ရွှေနှင့် ကျွန်မသေခြင်းနီး ဒေါ်တင်ရီ တို့ရဲ့ နှစ် ၅ဝ ပြည့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ် အဖြစ် သေနေ့ ကြိုနှုတ်ဆက် မိတ်ဆုံ စားပွဲသို့ လာဖြစ်အောင် သာ လာခဲ့ပါရန် ဖိတ်ကြား ထားပါတယ်။ ပွဲကျင်းပတဲ့ ၃.၁၁.၂ဝ၁၃ နေ့မှာ ကိုယ်ရောက် သွားတော့ အသက် ၇၇ နှစ်စီ ရှိနေပြီဖြစ်တဲ့ အဘိုး ဦးတင်ရွှေနဲ့ အဘွား ဒေါ်တင်ရီတို့ နှစ်ဦးလုံး ကို အေးချမ်းတဲ့ အပြုံးကိုယ်စီ နဲ့ တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံး ရဲ့ အပြုံးတွေထဲမှာ သေခြင်း တရားအား ရင်ဆိုင်ရန် အသင့်ဖြစ်နေ တဲ့ အပြုံး ကိုလည်း တွေ့နေရတယ်။ ကိုယ့်ရဲ့လေးစားမှုတွေ၊ စိတ်ဝင်စားခြင်းတွေ အတုယူချင် စိတ်တွေနဲ့ အဘိုးနဲ့ အဘွားကို မေးခွန်းလေးတွေ မေးကြည့် ဖြစ်ခဲ့တယ်။ ဒီဖေဖော်ဝါရီလ ဆိုတာ ချစ်သူတွေ ပျော်ကြတဲ့ အထိမ်းအမှတ်နေ့လေး ရှိတဲ့ လပါ။ ဒါပေမဲ့ အဘိုး ဦးတင်ရွှေနဲ့ အဘွား ဒေါ်တင်ရီတို့ လို ချစ်သူစုံတွဲ ဇနီးမောင်နှံ မျိုးတော့ ရှားလိမ့်မယ်။ ဒါကြောင့် ကိုယ်က အဘိုးအဘွား တို့ရဲ့ ဘဝခရီးလမ်း အကြောင်းနဲ့ အပြုံး မပျက် မေတ္တာ ဖက်ရင်း ဘဝနောက်ဆုံးချိန် ကို ကြည် ကြည်နူးနူး စောင့်ရဲတဲ့ သတ္တိကို ရတီ စာဖတ်ပရိသတ်တွေ အတွက် ရည်ရွယ်ပြီး ဒီလို လမှာ ဖော်ပြပေး လိုက်ပါတယ်။

မောင်တင်ရွှေနဲ့ မတင်ရီရဲ့ ဖူးစာ

အဘိုးတို့နှစ်ဦး စတွေ့တာက သက်ကြီး တက္ကသိုလ် တစ်ခုမှာ စတွေ့တာ။ သက်ကြီး တက္ကသိုလ် ဆိုတာ အဲဒီတုန်းက ပုဇွန်တောင် ကြက်တန်းနား က အ.မ.က (၄) ကျောင်းမှာ ရှိတယ်။ ၁၉၅၉ ခုနှစ်မှာ သက်ကြီး တက္ကသိုလ် တက်ရင်းတွေ့ တာ။ အဘိုးက သဘောကျတော့ အဘွားကို စာ အစောင်ပေါင်း များစွာ ပေးပြီး ချဉ်းကပ် ရတယ်။ အဘိုးက စာ အစောင်ရေ ရာကျော်လောက် ပေးပြီးမှ သူ့ဆီက ပြန်စာလေးရ တယ်။ အဲဒီစာမှာ ဘာရေးထားလဲဆိုတော့

”ကိုတင်ရွှေရေ …နောက်ကိုတော့ မောင် လို့ပဲ ခေါ်တော့မယ်နော်” တဲ့။ အဲဒီလိုလေး ရေးပေး တဲ့စာနဲ့ သမီး ရည်းစားဖြစ် သွားတာ။ ၁၉၆ဝ ခုနှစ် မှာ သမီးရည်းစား စဖြစ် တယ်ပေါ့။

နှစ်ယောက်တစ်ဘဝရဲ့ အစ

အဘိုး တို့က ကိုယ်တိုင် အလုပ်လုပ်၊ ပိုက်ဆံ စုပြီးမှ နှစ်ယောက်ဘဝ စခဲ့တာ။ အဘွားက ငွေစာရင်း ကာကွယ်ရေးရုံးမှာ စာရေးမလုပ်တယ်။ CMA ရုံးလို့ အများ က ခေါ်ကြတယ်။ အဘိုးက ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရုံးမှာ လုပ် တယ်။ နှစ်ယောက်လုံး ဘွဲ့ရပြီး သုံးနှစ်သုံးမိုး ချစ်သူတွေ ဖြစ်ပြီးမှ အိမ်ထောင်ပြုဖြစ်တာ။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ လွန်ခဲ့တဲ့ နှစ် ၅ဝ တုန်းက အိမ်ထောင်ပြုတာပေါ့။ အဲဒီတုန်းက ‘Sun Cafe’ မှာ မင်္ဂလာဆောင်တာ။ ‘Sun Cafe’ ဆိုတာ အရင်တုန်း ကတော့ နာမည်ကြီးပါပဲ။ အခု ‘ကျားကူးကျောင်း’ နဲ့ မျက်နှာချင်းဆိုင် မှာ ရှိခဲ့တာ။ အဲဒီအချိန်တုန်း က လူတစ်ယောက် ကို အဝ ကျွေး ရေခဲမုန့်ရယ်၊ ကော်ဖီ လက်ဖက် ရည်ရယ်၊ မုန့်ငါးမျိုးရယ်အပါမှ သုံးကျပ်ခွဲပဲ ပေးရတယ်။ မင်္ဂလာဆောင်မှာ လူတစ်ရာ အတွက် ငွေ ၁၄ဝဝ ပဲကုန်ခဲ့တယ်။ အခုခေတ်လို မဟုတ်ဘူး။

ရင်နင့်စရာအဖြစ်နဲ့ သားလေးနှစ်ဦး

အိမ်ထောင် ကျတာက ၆၃ ခုနှစ်မှာ။ သားကြီးကို ၆၇ ခုနှစ်မှာ မွေးတယ်။ ၆၉ မှာ သားငယ်လေးကို မွေးတယ်။ သားနှစ်ဦးလုံးက ဒီအဖေအို၊ အမေအိုတွေ ထက် အရင် ထွက်သွား တယ်။ သားကြီးက စာအရမ်းတော်တယ်။ ၁ဝ တန်းကို ငါးဘာသာဖြေ ရပြီး အမှတ် ၅ဝဝ ပေးတဲ့ ခေတ်မှာ သားကြီးက ၄၈၁ မှတ်နဲ့ အောင်ခဲ့တာ။ RIT တက်တယ်။ Mechnical 3rd Year မှာ ၈၈ အရေးအခင်းဖြစ်တယ်။ အရေးအခင်းဖြစ်ပြီး ကျောင်းတွေ ပိတ်တော့ အိမ်ပြန်ရောက် လာတယ်။ အဘိုးတို့က ကန်တော်လေး မှာ ဟိုးနဂိုက တည်းက နေတာ။ အဲဒီအချိန်တုန်းက ကန်တော်လေး က မူးယစ်ဆေးဝါး ဌာနချုပ်လို့ ပြောရင် မမှားဘူး။ ဒီတော့ အပေါင်းအသင်း မှားပြီး သားကြီး က ဆေးစွဲသွားတယ်။ ဆေးစွဲပြီး အပ်တန်းလန်း နဲ့ပဲ ဆုံးသွားတယ်။ သားငယ်လေးက ၈၉ ခုနှစ်မှာ ဆုံးပြန်တယ်။ ဘယ်လိုဆုံးလဲ ဆိုတော့ စင်ကာပူ နိုင်ငံ ဂျိုဒေါင်း မြို့ မှာ မြန်မာက သူတစ်ယောက် တည်း၊ အင်ဒိုနီးရှား က ၉ ယောက်နဲ့ ရန်ဖြစ်ပြီး ရေထဲ ပစ်ချ ခံရပြီး ဆုံးသွားတယ်။ ရန်ဖြစ်တာက လည်း သူ့အတွက် နဲ့ ဖြစ်တာ မဟုတ်ပါဘူးကွယ်။ သားက သင်္ဘော လိုက်တယ်။ ဖြစ်တဲ့ကိစ္စက တခြား သင်္ဘောက မြန်မာနိုင်ငံသား ရဲဝင်းဆိုတဲ့ သူငယ်ကို အင်ဒိုနီးရှား Second Cook က သူ့အဝတ် အစားတွေကို နံတယ်ဆိုပြီး အနိုင်ကျင့် ပြီး ပင်လယ်ထဲ ပစ်ချ လိုက်တယ်တဲ့။ ဂျိုဒေါင်း ဆိပ်ကမ်း ကိုရောက်တော့ ဗမာ အချင်းချင်း တွေ့တော့ ဒီကိစ္စကို ပြန်ပြောတယ်။ ဒါကို သားက မခံနိုင်ဖြစ်ပြီး ကိုယ်စား ရန်ဖြစ်ရင်း ဆုံးသွားရတာ။ သူဆုံးတော့ အသက် ၁၉ နှစ် သာသာလေး ရှိသေးတာ။ သားနှစ်ယောက် ရှိခဲ့ ပေမဲ့ နှစ်ယောက်လုံး က အိမ်ထောင် မပြုရသေး ခင်မှာပဲ ဆုံးသွားတော့ မြေးတွေမြစ်တွေ လည်း မကျန်ခဲ့ပါဘူး။ ဒီလင် ဒီမယားနှစ်ယောက်ပဲ ဘဝ ကို ရုန်းကန်ရတာပဲ။

နှစ်ဦးကြားက သည်းခံမှု

လင်မယားကြားမှာ သည်းခံမှုက အရေးပါ ဆုံးပဲ။ အဘိုးဆိုရင် အဘွားကို နင်နဲ့ ငါနဲ့တောင် မပြောဘူး။ သူက အဘိုးထက် ၃ လကြီးတယ်။ ဒီတော့ ကျွန်တော်၊ ခင်ဗျားနဲ့ ပဲ ပြောတယ်။ ဆဲတာဆိုတာ ကြမ်းကြမ်းတမ်းတမ်း ပြောတာ ရင့်ရင့်သီးသီး ဆိုတာ ဘယ်တော့မှ မလုပ်ဘူး။ စိတ်ဆိုးစရာ အကြောင်း ရှိခဲ့ရင်တော့ အဘိုးက မျက်မှန်ကို ချွတ် ပြီး ကိုယ့်ပါးတွေပဲ ကိုယ်ရိုက်တာ။ ဒါကြောင့် အခု နားလေးတာ။ အဲဒီလို ရိုက်တဲ့ ဒဏ်ပေါ့။ ဒါက ကိုယ့်ဘက်ကလည်း သည်းခံမှု ပေါ့။ သူ့ဘက်ကလည်း ကိုယ့် အပေါ် သည်းခံရ တာပဲ။ အဘိုးက ဘာမှ မလုပ်တတ်ဘူး။ မလုပ် တတ်ဘူးဆိုတာ အိမ် အလုပ်တို့ ဘာတို့ မလုပ် တတ်တာ။ ဒီတော့ အဘွားက အကုန်လုပ်ပေး ရတယ်။ ထမင်း ခူး၊ လျော်တာ ဖွတ်တာ အားလုံး အားလုံး အဘိုးက ဘာမှမလုပ်ဘူး။ အဘွားက ၁၃ နှစ် သမီး ကတည်းက အိမ်ထောင်မှုတွေကို လုပ်ခဲ့တော့ အိမ်ထောင်မှုနိုင် နင်းတယ်။ တခြား မိန်းမတွေလို မဖြစ်ခဲ့ဘူး။ အကွက်စေ့စေ့ နဲ့ စနစ် တကျ ဖြစ်တယ်။ လူနှစ်ယောက် ရဲ့ ရေစက်ဆိုတာ ဆန်းကြယ်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ကွဲစရာ ကွာစရာ ပြတ်စရာမရှိပါဘူး။ ရေစက် ကုန်သွားပေမဲ့လည်း သံယောဇဉ်တွေ နဲ့ ဆက် နိုင်တယ်။ ဘဝဆိုတာ ပန်းခင်းတဲ့မွေ့ရာ မဟုတ်ဘူးလေ။ ကိုယ်ဖြစ်ချင် သလို မဖြစ်ဘူး။ သူဖြစ်ချင်သလို ကိုယ်က လိုက်လုပ်ရတာ။ ဒါကြောင့် အဘိုး ပြောချင်တာက အိမ်ထောင်သက် ရှည်ချင်ရင် လင်နဲ့မယားနဲ့က တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ် သည်းခံပြီး ပေါင်းကြဖို့ပဲ ပြောချင်ပါ တယ်။

အဘိုးနဲ့ အဘွားက သူတို့နှစ်ဦး ရဲ့ နှစ် ၅ဝ ပြည့် ရွှေရတု မင်္ဂလာ အထိမ်း အမှတ် အဖြစ် သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံ စားပွဲမှာ သံဃာတော် တွေကို အရုဏ် ဆွမ်းဆက်ကပ် လှူဒါန်းပြီး အဘိုး အဘွားတို့ကို ကြိုတင် သရဏဂုံ တင်ပေးခဲ့ကြပါ တယ်။ အဘိုး နဲ့အဘွားရဲ့ မှာကြားချက်မှာလည်း ”ဦးကျော်သူကို ပြောပေးပါ။ အဘိုး တို့ သေသွားခဲ့ ရင် တစ်ခါတည်း သင်္ဂြိုဟ်ပေးပါ။ မမီလိုက်ရင် နောက်တစ်နေ့ သဂြုင်္ိဟ်ပေးပါလို့။ အဆိပ်သောက် ပြီး မသေရင် ပြိုင်တူ မသေနိုင်ဘူး။ ဒါကြောင့် အဘိုး အရင်သေခဲ့ရင် အဘွားကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆီ ဖုန်းဆက်ပြီး ဆရာမရဲ့ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာကို ပို့ပေးပါ။ အဘွားအရင်သေ ခဲ့ရင် လည်း အဘိုးက ဒေါ်သန်းမြင့်အောင်ဆီ ဖုန်းဆက်လိုက်ပါ့မယ်။ လာခေါ် ပေးပါလို့ မှာခဲ့ပါရစေ” ဆိုပြီး နာရေး ကူညီမှု အသင်း (ရန်ကုန်) ရဲ့ အတွင်းရေး မှူး ဒေါ်ရွှေဇီးကွက် အား မှာကြားနေခဲ့တာကို ကိုယ် ကိုယ်တိုင် ကြားခဲ့ရတယ်။ သြော် . . . လမင်း ကွယ်ချိန် နေကွယ်ချိန် ဆိုပေမဲ့လည်း . . .

ဖြိုးစုပိုပို

ရေနံ

$
0
0

ရေနံသည် ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်း လောင်စာတစ်မျိုး ဖြစ်သည်။ ကျောက်မီးသွေး သည် အပင်တို့၏ ရုပ်ကြွင်းများမှ ပြောင်းလဲဖြစ် ပေါ်လာပြီး ရေနံသည်မူ အ ပင်နှင့် ဒိုင်အတွန် ခေါ် ရေသတ္တဝါငယ်ကလေးများ၏ ရုပ်ကြွင်းများမှ ဖြစ်ပေါ်လာသည်။ ဒိုင်အတွန်သည် ပင်အပ်ခေါင်း အရွယ်ခန့် သေးငယ်သော သတ္တဝါများဖြစ် သည်။ ယင်းတို့သေဆုံး၍ ရေအောက်မြုပ်သွားကာ ဦးစွာ သဲနှင့်နုန်းအလွှာများ၏ ဖုံးအုပ်မှုကို ခံရသည်။ နောက်ဆုံး ပင်လယ်ကြမ်းပြင်အောက် အလွန် နက် ရှိုင်းသော နေရာသို့ ရောက်၍ ပြင်းထန်သော အပူနှင့်ဖိအား၏အောက်တွင် နှစ်သန်းပေါင်း များစွာကြာသောအခါ ရေနံဟုခေါ်ကြသော ဟိုက်ဒရိုဂျင်နှင့် ကာဗွန်ပေါင်း စပ်ပါ ဝင်သော အရည်များအဖြစ် ပြောင်းလဲတည်ရှိခဲ့ကြသည်။

ရေနံကို တွန့်ခေါက်နေသော မြေအောက် ကျောက်လွှာများကြားနှင့် ကျောက်မှုန်မြေမှုန်များ ကြားတွင် တွေ့နိုင်သည်။ ရေနံသိုက်များသည် ကုန်းတွင်းမြေလွှာများအပြင် ကမ်းလွန်မြေလွှာများ ထဲတွင်လည်း တည်ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝ ကျော်ခန့် ကတည်းက ရေနံကို လောင်စာအဖြစ် စတင် အသုံးပြုခဲ့ကြသည်။ ယ ခုခေတ် အီရတ်နိုင်ငံ တည်ရာအရပ်၌ နေထိုင်ခဲ့သော ဆူမားရီးယန်း၊ အဆီးရီးယန်းနှင့် ဘေဘီလုံးနီးယန်း လူမျိုးတို့ သည် ရေနံစိမ်းကို လောင်စာအဖြစ် သုံးခဲ့ သည်။ အမေရိကန်နိုင်ငံတွင် ရေနံတွင်းတူးထုတ်ယူခြင်း ကို ၁၈၅၉ ခုနှစ်က စတင်ခဲ့သည်။

ကမ္ဘာတွင် ရေနံထွက်သောနိုင်ငံ ၁ဝဝ ခန့် ရှိသည်။ ၂ဝ၁၃ ခုနှစ် စာရင်းအရ ရုရှားက တစ်ရက်လျှင် စည်ပေါင်း ၁၁ သန်း၊ ဆော်ဒီ အာရေဗျက တစ်ရက်လျှင် စည်ပေါင်း ၁ဝ သန်း နှင့် အမေရိကန်က ၉ သန်း ထုတ်လုပ်လျက်ရှိ သည်။ အီရန်၊ တရုတ်၊ ကနေဒါ၊ အီရတ်၊ ယူအေအီး၊ မက္ကဆီကိုနှင့် ကူဝိတ်တို့သည်လည်း ရေနံအမြောက်အမြား ထုတ်လုပ်သောနိုင်ငံများ ဖြစ်ကြသည်။

ရေနံတူးဖော်ရေးနည်းပညာများ တိုးတက် လျက်ရှိရာ နောက်ဆုံးပေါ် ”ဟိုက်ဒရောလစ် ခွဲချေနည်း” ကြောင့် သဘာဝဓာတ်ငွေ့နှင့် ရေနံ များ ရရှိမှုသည် သိသာစွာ တိုးတက်လျက်ရှိသည်။ ယင်းနည်းပညာကြောင့် အမေရိကန်နိုင်ငံသည် သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ်လုပ်မှုတွင် ရုရှား နှင့် ဆော်ဒီတို့ကို ကျော်တက်နိုင်တော့မည် ဖြစ် သည်။ ယှေလကျောက်လွှာများကြားသို့ ရေ၊ သဲ နှင့်ဓာတုဆေးရည်များကို အရှိန်ပြင်းစွာ မှုတ်သွင်း ကာ ကျောက်များကို ခွဲချေခြင်းဖြင့် ယင်းကျောက် လွှာများကြားရှိ သ မားရိုးကျနည်းဖြင့် တူးဖော် ထုတ်ယူ၍မရသော သဘာဝဓာတ်ငွေ့နှင့် ရေနံ များကို ထုတ်ယူခြင်းကို ‘ဟိုက်ဒရောလစ် ခွဲချေ နည်း’ ဟု ခေါ်သည်။

တူးဖော်ထုတ်ယူရရှိသော ရေနံစိမ်းကို ရေနံချက်စက်ရုံများတွင် အဆင့်သုံးဆင့်ခွဲ၍ ချက် လုပ်ပြုပြင်ပြီးမှ အသုံးပြုနိုင်သော ရေနံနှင့် ရေနံ ထွက်ပစ္စည်းများကို ရသည်။ ယင်းအဆင့်များမှာ ခွဲထုတ်ခြင်းအဆင့်၊ ပြောင်းလဲခြင်းအဆင့်နှင့် သန့်စင်ခြင်းအဆင့်တို့ ဖြစ်ကြသည်။ရေနံစိမ်းတို့တွင်ပါသော လေးလံသော ရေနံ ထွက်ပစ္စည်းများကို ကန်အောက်ခြေတွင် ထိုင်စေ ကာ ခွဲထုတ်ရယူပြီး ပေါ့သော ရေနံထွက်ပစ္စည်း များကို အပေါ်ပိုင်းမျက်နှာပြင်ပေါ်မှ ရယူခြင်းကို ခွဲထုတ်ခြင်းအဆင့်ဟု ခေါ်သည်။ ဤနည်း ကို သုံးခြင်းဖြင့် ရေနံစိမ်းတွင်ပါသည့် အပေါ့ဆုံးအရာ များဖြစ်သော ဓာတ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် စသည်တို့ကို ကန်အပေါ်ပိုင်း၊ အတော်အသင့် လေးသော အရည် များဖြစ်ကြသည့် ဒီဇယ်ဆီ၊ ရေနံဆီတို့သည် ကန်အလယ်ပိုင်းနှင့် လေးလံ သော အခြားရေနံထွက်ပစ္စည်းတို့ကို ကန်အောက် ခြေတွင် စုဆောင်းရရှိသည်။

ရေနံစိမ်းတွင်ပါသော အချို့မော်လီကျူးများ ကို ဖြိုခွဲခြင်းဖြင့် အသွင်ပြောင်းခြင်းကို ပြောင်းလဲ ခြင်းအဆင့်တွင် ပြုလုပ်သည်။ လေးလံ၍ တန်ဖိုး နိမ့်သော ပစ္စည်းများကို ဓာတ်ဆီကဲ့သို့ တန်ဖိုး မြင့်ပစ္စည်းဖြစ်လာအောင် ယင်းသို့ ပြုပြင်ပေး သည်။ ခေတ်မီပြောင်းလဲရေးကိရိယာများသည် လေးလံသော ဟိုက်ဒရို ကာဗွန်မော်လီ ကျူးများ ကို ပြင်းထန်သော အပူနှင့်ဖိအားပေးကာ အသွင် ပြောင်းသည်။ ခွဲထုတ်ခြင်း၊ ပြောင်းလဲခြင်းဖြစ်စဉ်များဖြင့် ထုတ်လုပ် လိုက်သော ရေနံထွက်ပစ္စည်းများကို ဓာတုဗေဒ နည်းများဖြင့် သန့်စင်လိုက်လျှင် လူတို့ အသင့်သုံးစွဲနိုင်သော ရေနံထွက်ပစ္စည်းများကို ရရှိသည်။

ရေနံချက်စက်ရုံများ၌ ရေနံစိမ်းကို အထက် ပါနည်းများအတိုင်း ရေနံထွက်ပစ္စည်းများအဖြစ် ချက်လုပ်သောအခါ ထုထည်အားဖြင့် ၆ ရာခိုင် နှုန်း တိုးပွားလာ သည်။ ရေ နံသည် သိပ်သည်းခြင်း များသော်လည်း ရေနံထွက်ပစ္စည်းများသည် သိပ်သည်းခြင်းနည်းသည့်အတွက် ပွလာခြင်း ဖြစ်သည်။ ပြောင်းဖူးစေ့ များကို ပေါက်ပေါက် ဆုပ် အဖြစ် ကြော်လှော်သောအခါ ပွလာသည့်သဘော ဖြစ်သည်။ တစ်စည်လျှင် ၄၂ ဂါလန်ရှိသော ရေနံစိမ်းကို ချက်သောအခါ စုစုပေါင်း ၄၅ ဂါလန်မျှသော ရေနံ ထွက်ပစ္စည်း များကို ရသည်။ အကြမ်းအားဖြင့် ပြောလျှင် ဓာတ်ဆီ ၁၉ ဂါလန်၊ ဒီဇယ်ဆီ ၁ဝ ဂါလန်နှင့် အခြားပစ္စည်းများ ၁၆ ဂါလန်ရရှိသည်။

ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း ကို ရေနံမှရသည်။ ထွက်သမျှရေနံများ၏ ၆၂ ရာခိုင်နှုန်းကို ယာဉ်မျိုးစုံသွားလာရေးတွင် ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ မီးထိုး ဆီ၊ လေယာဉ် ဆီစသော လောင်စာအဖြစ် အသုံးချသည်။ စက်ဆီ ချောဆီများ၊ ကုတ်မီးသွေး၊ ကတ္တရာ၊ မင်၊ ပန်းကန်ဆေးရည်၊ အနံ့ပျောက်ဆေး၊ မျက်မှန်၊ စီဒီချပ် များ၊ ဓာတ်မြေသြဇာ၊ အဝတ်အထည်၊ သွားတိုက်တံ၊ ဘူး၊ ခွက်၊ ပန်းကန်စသော ပလတ်စတစ် အသုံးအဆောင်များကိုလည်း ထုတ် လုပ်ကြသည်။ ကမ္ဘာ တွင် ရေနံ အသုံး အများဆုံး နိုင်ငံများ မှာ ၂ဝ၁၂ ခုနှစ်စာရင်းအရ အမေရိကန်(တစ်ရက် လျှင် စည် ၁၉ သန်း၊ တရုတ် (စည် ၁ဝ သန်း) နှင့် ဂျပန် (စည် ၅ သန်း) တို့ ဖြစ်ကြသည်။ ယင်း တို့နောက်မှ အိန္ဒိယ၊ ရုရှား၊ ဆော်ဒီ၊ ဘရာဇီး၊ ဂျာမနီ၊ တောင်ကိုရီးယားစသည်တို့က လိုက်သည်။

ရေနံနှင့် ရေနံထွက်ပစ္စည်းများ၏ ကျေးဇူး ကြောင့် လူတို့၏ သွားလာနေထိုင်ရေးအဆင်ပြေ ကာ လူနေမှုအဆင့်အတန်း တိုးတက်လာသော် လည်း ရေနံ၊ ဓာတ်ဆီ၊ ဒီဇယ် ဆီတို့ကို သုံးစွဲ လောင်မြိုက်မှု၏ ဘေးထွက်ဆိုးကျိုးအဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက် ဆိုက် များ စသည့် ဓာတ်ငွေ့နှင့် အမှုန်များ ထွက် လာကာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးလျက် ရှိကြသည်။ ထို့အတူ အချို့သော ရေနံထွက်ပစ္စည်း များကို လောင်မြိုက်လျှင် ခဲ၊ ဘင်ဇင်း၊ ဖော်မယ် ဒီဟိုက်စသည့် အဆိတ်ဓာတ်များ လေထုတွင်း ရောက်သည်။

ယင်းဓာတ်များအားလုံးနီးပါးသည် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း၊ လူ့ကျန်းမာရေး ကို အန္တရာယ်ပေးခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ ကာဗွန် ဒိုင်အောက်ဆိုက်သည် လေထု၏အပူချိန်ကို မြင့်တက်စေခြင်းဖြင့် ကမ္ဘာ့ ရာသီဥတုကို ပြောင်းလဲစေလျက်ရှိသည်။ ရေနံမှ ထွက်သော ကာဗွန်ဒိုင်အောက် ဆိုက် ဓာတ်သည် လေထုတွင်းရောက် ကာဗွန်ဒိုင်အောက်ဆိုက်များ ၏ ၃၇ ရာခိုင်နှုန်းခန့်ရှိသည်။ ဆာလ်ဖာဒိုင်အောက် ဆိုက်သည် အက်စစ်မိုးဖြစ်ပေါ် ရွာသွန်းစေသည်။ အက် စစ်မိုးကြောင့် အချို့အပင်များ သေဆုံးကြပြီး ကလေးငယ်များနှင့် သက်ကြီး ပုဂ္ဂိုလ်တို့တွင် အသက်ရှူလမ်းကြောင်း ရောဂါများ ရစေသည်။

နိုက်ထရိုဂျင်အောက်ဆိုက်များသည် မြေပြင် အနီး၌ အိုဇုန်းဓာတ်ငွေ့များကို ဖြစ်ပေါ်စေကာ အဆုပ်ရောဂါဖြစ်စေနိုင်သည်။ ခဲဓာတ်သည်မူ ကင်ဆာရောဂါကို ဖြစ်စေနိုင် သည်။ရေနံ၏ အခြားပြဿနာတစ်မျိုးမှာ ကမ်းလွန်ရေနံတွင်းများမှ ရေနံများယိုဖိတ်ကာ ရေထုကို ညစ်ညမ်းစေခြင်းဖြစ်သည်။ နေရာအချို့ တွင် ရေနံတွင်းချို့ ယွင်းခြင်း၊ ရေနံတင် သင်္ဘော များမှောက်၍ ရေနံယိုဖိတ်ကာ ရေနေသတ္တဝါများ ကို သေကြေစေလျက် ရှိသည်။ထို့ကြောင့် ယခုအခါ ရေနံမှ အန္တရာယ်ပေး ဓာတ်ငွေ့ အထွက်နည်းအောင် နည်းပညာသစ်များ တီထွင်၍ ထုတ်လုပ်နေကြသကဲ့သို့ ရေနံနှင့် ရေနံထွက်ပစ္စည်းသုံးသည့် စက်များမှ ကာဗွန်ဒိုင် အောက်ဆိုက်စသည့် အန္တရာယ် ဓာတ်ငွေ့များ အထွက်နည်းအောင် သုတေသနပြု အသုံးချနေ ကြသည်။လက်ရှိရေနံသိုက်များ ဖြစ်ပေါ်လာရန် နှစ်သန်းပေါင်းများစွာ ကြာသည့်အတွက် ရေနံ သည် မကြာမီ ကုန်ခန်းသွားမည့် စွမ်းအင်ဇာစ်မြစ် ဖြစ်သည်။ မည်မျှ မြန်မြန်ကုန်ခန်းမည်နည်း ဆိုသည့်အချက်ကိုမူ အငြင်းပွားစရာ ဆွေးနွေး စရာ ဖြစ်သည်။ အများစု က နောက်ထပ် အနှစ် ၅ဝ ခန့် ခံဦးမည်ဟု တွက်ထားသည်။ သို့သော် နောက်ထပ် ရေနံသိုက်အသစ်များကို တွေ့လျှင် ယင်းထက်မက ဆက်လက်သုံးစွဲနိုင်စရာ ရှိသည်။

ကုန်ခန်းမည့်အပြင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုးများကို ဖန်တီးပေးသည့်အတွက် ရေနံကို အသုံးလျှော့ကာ အခြားသော စွမ်းအင် ဇာတ်မြစ်များဖြင့် အစားထိုးရန် ကြိုးစားနေကြ သော်လည်း နည်းပညာအခက်အခဲနှင့် စီးပွားရေး တွက်ခြေမကိုက်မှုတို့ကြောင့် ထိုက်သင့်သော အောင်မြင်မှု မရကြသေးချေ။ သို့သော် ရေရှည် တွင် ရေနံ အသုံးလျှော့လာရမည်မှာ အသေအချာ ပင်ဖြစ်သည်။

ကျော်ဦး

နေရစ်ခဲ့တော့ဒီဇင်ဘာ

$
0
0

နေရစ်ခဲ့တော့ ဒီဇင်ဘာ … အဲသလို ပြောလိုက်ပြီးမှ ကိုထွန်း တစ်ယောက် သူ့အပြောနဲ့ သူ့လေသံ ကို ဖျတ်ခနဲ ဆန်းစစ် လိုက်ရင်း ပြုံးလိုက် မိပါတယ်။ စကားပြော ဆိုမှုနဲ့ ဟန်အမူအရာတွေဟာ စိတ်ခံစားမှုအပေါ် မူတည်ပြီး ဖြစ်ပေါ်လာရတာပါ။ အထူး သဖြင့် စကားပြောဆိုမှုပေါ့။ ပြောချင်တဲ့ အကြောင်းအရာက တစ်ခုတည်း ဖြစ်ပေမဲ့ ကိုယ့်စိတ်ခံစားမှုအပေါ် မူတည်ပြီး လေသံရဲ့ အနိမ့်အမြင့်၊ အပြင်းအပျော့တွေ ကွာခြားသွား လေ့ရှိပါတယ်။ လူတွေရဲ့ စိတ်ခံစား ချက်၊ အကျင့်စရိုက်တွေက တစ် ယောက်နဲ့ တစ်ယောက် မတူညီကြ ဘူး။ တချို့က စကားပြောရင် ပွင့် ပွင့်လင်းလင်း၊ ဟောဟော ဒိုင်းဒိုင်း၊ တချို့ကျတော့ ပြောတဲ့စကားတိုင်း မှာ အဆဲလေးတွေ ပါပြီး ကြမ်းကြမ်း တမ်းတမ်း ရိုင်းရိုင်းပျပျ၊ တချို့ ကတော့ ဘယ်အကြောင်းနဲ့ ဘာတွေ ပဲ ပြောပြော သိမ်သိမ်မွေ့မွေ့နဲ့ ပြောတတ်လေ့ရှိပါတယ်။ မိသားစု တစ်ခုမှာပဲ ကြည့်လေ၊ သားသမီး တွေက အမေ့ဆီက မုန့်ဖိုးနဲ့ ကျူရှင် ဖိုး တောင်းတယ်ဆို ပါတော့။ ဒါက လစဉ်လတိုင်း မိဘက အမြဲတမ်းပေး နေကျ၊ တစ်လတော့ ပေးနေကျ အစီ အစဉ်ပျက်ကွက်နေတဲ့အခါ သားသမီးတွေက မိခင်ဆီကို အရေးဆိုကြရပါပြီ။ အဲသမှာ တစ် ယောက်က ”အမေ မုန့်ဖိုးနဲ့ ကျူရှင် ဖိုးပေးတော့ဗျ”လို့ စိတ်မ ရှည် တဲ့ လေ သံနဲ့ ပြောကြည့်ပါလား။ သူ့ လေသံက အထက်စီးနဲ့ မိဘ တာဝန် မကျေတာကို သတိပေးတာမျိုး၊ တစ်နည်းပြောရရင် လယ်သမား တွေ အစိုးရဆီက အမေ တ်ာကြေး မပေးလို့ တောင်းတဲ့ပုံစံမျိုးဖြစ်နေပါ တယ်။ သည်လိုမျိုးတော့ ဘယ်ရလိမ့် မလဲ။ စိတ်ရှုပ်နေတဲ့အချိန်လာ တောင်းလို့ကတော့ နာပြီသာမှတ်ပေတော့။

လိုချင်တဲ့ ပိုက်ဆံမရတဲ့ အပြင် အမေက ခေါင်းမခေါက်ရင် ကံကောင်းတယ်လို့ ဆိုရမှာပါ။ ပါးနပ်တဲ့ သားသမီးတွေကတော့ အဲသလို မဟုတ်ဘူး။ မိဘအရိပ် အခြေ အနေကို အကဲခတ်တယ်။ စိတ်အေးလက်အေးရှိပြီး မိဘပြုံးရွှင် နေတဲ့အချိန်မှာ စကားသံချိုချိုနဲ့ ကိုယ်လိုချင်တာကို တောင်းပါတယ်။ အဲသည်တော့ အမေက လိုချင်တဲ့ ပိုက်ဆံမပေးဘဲ နေပါရိုးလား။ကိုထွန်းလည်း ခပ်ညံ့ညံ့ လူ တစ်ယောက်ပါ။ ငယ်ငယ်ကတည်း က လူ့သဘောနဲ့ လူ့အကဲ ကို မခတ် တတ်၊ အခြေအနေကို မကြည့်ဘဲ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့် စိတ်ထဲ ရှိတာတွေကို ဒလဟော ပြောချ တာမျိုး လုပ်တတ်လေ့ရှိပါတယ်။ အဲသမှာ အရိပ်အခြည်မကြည့်၊ စကားပြောဆိုမှု မကျွမ်းကျင် လို့ ခေါင်းဖုထွက်အောင် အမေ့လက်ရာ တွေနဲ့ ငိုချင်းချရပါလေရော။ အခုပဲ ကြည့်လေ။ နှစ်တစ်နှစ်ရဲ့ နောက် ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလကို နေရစ် ခဲ့တော့ ဒီဇင်ဘာတဲ့။ သည်လေသံ ထဲမှာ ဒီဇင်ဘာလကို မကြည်လင်တဲ့ အရိပ်အငွေ့တွေ ပါနေတယ်။ ရာသီ စက်ဝန်းကြီးဟာ ပုံမှန်ရွေ့လျား ရင်း ပြက္ခဒိန် စာရွက်တွေ တဖြုတ်ဖြုတ်ြေ<ွကကျသွားခဲ့ ပါတယ်။ ဒီဇင် ဘာလကတော့ ကိုထွန်းက မပြော လည်း နေရစ်ခဲ့မှာပါပဲ။ ဒါပေမဲ့ ကိုထွန်းကလည်း လူ့သဘာဝ အတိုင်း ကိုယ့်မကျေ နပ် ချက်တွေကို ရင်ဖွင့်ချင်တဲ့အခါ မဆီမဆိုင် ဒီဇင် ဘာလကို ‘မဲ’ရတော့တာ ကလား။ မတတ်နိုင်ဘူးလေ။ ကိုယ့်ရင်ထဲမှာ အောင်းနေ တဲ့ အထွေထွေမကျေနပ် ချက်တွေ ကို ဖြေရှင်းရမယ့် နည်း လမ်းရှာမတွေ့တော့ နှစ်တစ်နှစ်ကုန် ပြီး နှစ်သစ်ဆီကို ခြေလှမ်းဆက်တော့ မယ့်အချိန်၊ နောက် မှာ ကျန်ရစ်မယ့် ဒီဇင်ဘာလကို ထွက်ခတ် ခတ်ထားခဲ့ ရပါတော့တယ်။ ကဲ … ဒီတော့ ဒီဇင်ဘာလကို အပြစ်ရှာကြံပြောပါ တော့မယ်။

နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီကို ၄လစီ ပိုင်းခြားထားပါတယ်။ ဆောင်းရာသီ လေးလဆိုပေမဲ့ မန္တလေးဆောင်းရာသီက လွန်ရော ကျွံရော တစ်လခွဲ နှစ်လလောက် ပဲ အေး တာပါ။ ဆောင်းရာသီ ရောက် ရင် တစ်နှစ်လုံးနီးပါး သေတ္တာထဲမှာ ပရုတ်လုံးနဲ့ သိပ်ထားတဲ့ အနွေးထည် တွေနဲ့ စောင်တွေ ထုတ်ကြရပါတယ်။ ဇန်နဝါရီ လ ကုန်ပြီး ဖေဖော်ဝါရီလ ထဲ ရောက်ရင် ဒါတွေကို ပြန်သိမ်း ဆည်းပြီး သေတ္တာထဲပို့၊ ပရိုဂရမ်က အဲဒီအတိုင်းပါပဲ။ ဒါပေမဲ့ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူတော့ဘူးဗျ။ နိုဝင် ဘာ လကုန်ခါနီးမှာ သိသိသာသာ အေးလာတယ်။ ဒီဇင်ဘာထဲရောက် တော့ အအေးဓာတ်က တစ်ရက် ထက် တစ်ရက်ပိုပြီး ပြင်းထန်လာ ပါတယ်။ အဲသည်တော့ ကိုယ့် မိ သားစုအတွက် ရှိနေတဲ့စောင်နဲ့ အနွေးထည်တွေက မလုံလောက် တော့ပေသမို့ ချစ်ချစ်လည်း ဈေးကို ပြေးရပြီပေါ့လေ။ ဆောင်းဝတ် အနွေး ထည်တွေ၊ စောင်တွေေ ရာင်း တဲ့ဆိုင်တွေမှာလည်း ကိုယ့်လို လူ တွေနဲ့ ‘အုံး’ ထစည်ကားနေပါတယ်။ ရောင်းလို အားထက်ဝယ်လို အား ကောင်းတော့ ဈေးနှုန်း ကလည်း အရင်ပုံ မှန်ဈေး ထက် အော်တိုမစ် တစ်နှစ်ဆခုန်တက်သွားပါလေရော။ တကယ်တော့ ကျွန်တော်တို့က မန္တလေးရဲ့ ဆောင်းရာသီကို သိပ်ပြီး စိတ်အာရုံမထားခဲ့ကြဘူး။ နှစ် စဉ်နှစ် တိုင်းလိုလို တစ်လခွဲ လောက် ပဲ အေးတာမို့ ရှိတဲ့အနွေးထည်၊ စောင်တွေနဲ့ပဲ နှစ်ပါးသွားခဲ့ ကြတာ ပါ။ ပြီးတော့ ဒါတွေကို တစ်နှစ်၊ ရှစ်လ၊ ကိုးလလောက် သိမ်းဆည်း ထား ရ၊ မီးရေး ထင်းရေးဆိုရင် ဒီ အထုတ်ကြီးတွေ မသယ်နိုင်မို့ ငွေ ကုန်ကြေးကျလည်း မခံချင်တော့ တာနဲ့ အသစ်ထပ် မဝယ်တော့ဘဲ ရှိပြီးသားပစ္စည်းတွေနဲ့ပဲ ဆောင်း ရာသီ ကို နှစ်ပေါင်းများစွာ ဖြတ် သန်းခဲ့ကြပါတယ်။ အခုတော့ဖြင့် ဆောင်းရာသီရဲ့ ရိုက်ချက်ပြင်းပြင်း ကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ ကြရ ပါပြီ။ ချစ်ချစ် က နောက်၂ လ လောက်ကြာရင် ဆောင်းရာသီကုန် တော့မယ့် အရေးကို တွေးပြီး အနွေး ထည်တွေ၊ စောင်တွေ အပိုထပ် ဆောင်းပြီး မဝယ်ချင်၊ ခက်တာက တစ်ရက် ထက်တစ်ရက် အအေး ဒီဂရီမြင့်တက်လာလို့ ချမ်းလို့ခြုံမလုံ ကွေးမဖြစ်ရအောင် ဝယ်စေဖို့ အကြောင်းကံဖန်လာတဲ့အခါ ပိုက် ဆံမကုန်သင့်ဘဲ နှစ်ဆပိုကုန်သွား လို့ နောက်ဆုံးတော့ ဒီဇင်ဘာကို ဒေါဖောင်းသွားတော့တာပေါ့ နော။ အမှန်တော့ ပြောလို့သာ ပြော ရတာပါ။ ဒီဇင်ဘာလဟာ ပျော်ပွဲ ရွှင်ပွဲတွေပေါများပြီး ချစ်စရာ ကောင်းတဲ့ လ တစ်လဖြစ်ပါတယ်။ ဒီနှစ်တော့ ဆီးဂိမ်းကြီးနဲ့ ကြုံရတော့ ဒီဇင်ဘာလဟာ ပျော်ပွဲတွေနဲ့ ပိုပြီး မြိုင်ဆိုင်သွားခဲ့ပါတယ်။

ဆီးဂိမ်းဖွင့် ပွဲနဲ့ ပိတ်ပွဲကို တီဗီထဲက ရှုစားခဲ့ရပါ တယ်။ တယ်လည်း ကောင်းတာကိုး။ ဆီးဂိမ်းကြီးအတွက် ဒေါ်လာဘီလီ ယံ သန်း ၁၁ဝ အသုံးပြုတယ်ဆိုလား ကြားခဲ့ရ ပါတယ်။ ကျွန်တော်တော့ ဆီးဂိမ်းက မီးရှူး၊ မီးပျံ၊ မီးပွင့်တွေ လွှတ်တာကိုကြည့်ရင်း ရွာဘုန်းကြီး ပျံကို သတိရလိုက်မိပါတယ်။ ဒီလို ဆယ်မိနစ်စာပသာဒ အလှတွေနဲ့ တင်ဆက်ဖို့ ပိုက်ဆံတွေ ဘယ် လောက်ကုန်လိုက်လေမည်မသိ။ ချမ်းသာတဲ့နိုင်ငံတွေလုပ်တာ ဘာ အရေးလဲ။ သူတို့နဲ့ ယှဉ်နေစရာ အကြောင်းမရှိဘူး။ ကိုယ်က ဆင်းရဲ တဲ့နိုင်ငံ၊ သူ့အိုးနဲ့သူ့ဆန် တန်ရုံ လောက် လုပ်နိုင်ရင်တော်ပြီပေါ့။ ဝမရှိဘဲ ဝိလုပ်ခြင်းဟာ နစ်နာစေဖို့ ပဲ အကြောင်းဖန်လာနိုင်ပါတယ်။

ဆီးဂိမ်းဘောလုံး မြန်မာနဲ့ အင်ဒိုနီးရှားပွဲကို ကြည့်လိုက်ရပါ တယ်။ ကိုယ့်မြန်မာအသင်းနိုင်စေ ချင်လွန်းလို့ ဒီဇင်ဘာ အအေးဒဏ် ကို မမှုဘဲ အားပေးနေမိပါတယ်။ ဒါပေ မဲ့ရှုံးသွား တာမို့ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ သိကြတဲ့ အတိုင်း ဘောလုံးပွဲမှာ ခဲကျ၊ ဆူပူမှု တွေဖြစ်၊ နည်းပြ ဆရာကို အပြစ်ပုံ ချ၊ ကစားကြတဲ့ ဘော လုံး သ မား လေးတွေ ပယ်ပယ်နယ်နယ် အဆဲ ခံရ၊ ဘောလုံးပွဲ အပြီးမှာ စိတ်ပျက် စရာ သတင်းတွေ အဆက်မပြတ် ကြားခဲ့ရပါတယ်။ ဘယ်သူမဆို ယှဉ်ပြိုင်ရင် အနိုင် လို ချင်ကြစမြဲပါ။ ဒါပေမဲ့ နိုင်သင့် နိုင်ထိုက်တာတောင် မနိုင်တဲ့ ဘောလုံးကလပ်အသင်းတွေ ရှိခဲ့တော့ အခုကိုယ့်မြန်မာဘောလုံး အသင်းဘာကြောင့် ရှုံးရသလဲ ဆိုတာကို အကြောင်းအကျိုးဆက် စပ်ပြီး အဖြေရှာကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တော့ မြန်မာဘောလုံး သမားတွေကို မကြိုးစားလို့ဆိုပြီး အပြစ်တင်ကြ၊ ဆဲကြ ဆိုကြ တာတွေ တွေ့ရတော့ အလွန်စိတ်မကောင်း ဖြစ်သွားရပါတယ်။ အိမ်ရှင်နိုင်ငံ အဖြစ်ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲနဲ့ ကိုယ့်ပရိသတ်တွေရှေ့မှာ ဘယ်သူ က မနိုင်ချင်ဘဲ ရှိပါ့ မလဲ။ ဒါပေမဲ့ ကိုယ့်ဘက်ကို တစ်ဂိုးအသွင်းခံလိုက် ရတဲ့အခါ ဖိအားတွေ ဝင်သွားခဲ့ပါပြီ။ စိတ်လှုပ်ရှားကုန်ကြရင်း ဘောလုံး သမား(၁၁)ယောက်၊ စိတ်(၁၁)မျိုးနဲ့ က စားကြတော့ အပေးအယူအချိတ် အဆက်တွေလွဲပြီး ရှုံးသွားရတာ ဖြစ်ပါတယ်။အဲသမှာပွဲကြည့်ပရိသတ်တွေ ကဒေါပွကုန်ကြပါ တယ်။ပွဲကြည့်ပရိ သတ်(အားပေး သူလူငယ် တွေ) ဘာကြောင့်ပွက်လောရိုက်ရတာလဲဆိုရင် အကြောင်း ရင်းရှိနေပါတယ်။

နှစ်ကာလများများ အချိန်ယူ တည်ဆောက်ခဲ့တဲ့ ထိုင်းနိုင်ငံ ဘောလုံးအသင်းတောင် အရှေ့ တောင် အာရှအဆင့်မှာပဲ ရှိသေး တာကို မတွေးမိကြဘဲ လွန်ခဲ့တဲ့ သုံးေ လးနှစ်လောက်ကမှ စတင်အား ယူခဲ့တဲ့ ကိုယ့်မြန်မာအသင်းကို ချက်ချင်းလက်ငင်း ထိပ်တန်း ရောက်စေချင်တဲ့ မျှော်လင့်ချက်၊ နောက်တစ်ခုက မဖြစ်သင့်တဲ့ လက် မှတ်မှောင်ခိုကိစ္စ၊ မူလ သတ်မှတ် ဈေးထက် လေးငါးဆ မှောင် ခိုပေး ဝယ်ပြီး ကြည့်ရတော့ ရင်ထဲမှာ မီး တောက်ဖြစ်လာမယ့် မကျေမနပ် စိတ်၊ အဲဒါတွေထက် အဓိက အကျ ဆုံးက နှစ်အဆက်ဆက် ရင်ထဲမှာ ကိန်း အောင်းပြီး အစိုင်အခဲတစ်ခုလို ဖြစ်နေတဲ့ အထွေထွေမကျေနပ် စိတ်ပါ။ ဒါတွေကြောင့် လူငယ်တွေ ခမျာ ထစ်ခနဲ ဖြစ် လာရင် စိတ်မ ထိန်းနိုင်တော့ဘဲ ပေါက်ကွဲကုန်ကြ တော့ တာဖြစ်ပါတယ်။ ဘောလုံးပွဲ ရှုံးရခြင်းက လောင်စာဆီလိုဖြစ်သွား ပြီး ရင်ထဲက မကျေနပ် စိတ်တွေ ပေါက် ကွဲတဲ့ အခါ ထွက်ပေါက်အဖြစ် ဆူပူအုံကြွမှုတွေ ဖြစ်သွားခဲ့ရတာ ပါပဲ။ ဒီလိုနဲ့ ပရိသတ်ခမျာ မြန်မာ ဘောလုံးအသင်း(အမျိုးသား)ရှုံးသွားတော့ အမျိုးသမီးဘောလုံး အသင်း ကို မျှော်လင့်ချက်တွေ ထားခဲ့ကြပြန်ပါတယ်။

အာဆီယံ အမျိုးသမီးဘောလုံးပွဲက မန္တလေးမှာ ကျင်းပတာဖြစ်ပါတယ်။ ကိုထွန်းတို့ အိမ်က ကျင်းပနေတဲ့ မန္တလာသီရိ ဘောလုံးကွင်းနဲ့ဆိုရင် (မန္တလေး အခေါ်) လေး ငါးပြလောက်ပဲ ဝေးပါ တယ်။ ဘောလုံးကွင်းဆီက ပရိသတ် ရဲ့ အားပေးကြတဲ့အသံ တွေဟာ ကျွန်တော်တို့ရပ်ကွက်ဆီ အထိ ရိုက်ခတ်သွား ခဲ့ပါတယ်။ မြန်မာ အမျိုး သမီးနဲ့ ထိုင်းအမျိုးသမီး ဘောလုံးပြိုင်ပွဲကို တီဗီကြည့်ရင်း အားပေးနေပေမဲ့ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေက အတိုင်းသား ကြားနေရ လို့ ကိုယ် တိုင် ဘော လုံးကွင်းထဲ ရောက်နေရ သလို ဖြစ်နေပါတယ်။ ရသင့်တဲ့ဂိုး မရ၊ မပေးထိုက်တဲ့ ဂိုးပေးစေတဲ့ ဒိုင်ညစ်မှုကြောင့် နောက်ဆုံးပင် နယ်တီ အဆုံး အဖြတ် နဲ့ မြန် မာ ဘောလုံးအမျိုးသမီး ရှုံးသွားတာ ကိုကြည့်ရင်း စိတ်မကောင်းလိုက် တာ၊ ဘောလုံးကို စိတ်မဝင်စားတဲ့ ချစ်ချစ်လည်း တီဗီထဲက မြန်မာ အမျိုးသ မီးဘော လုံးသ မားတွေ ငို နေတာကို မြင်ရတော့ မျက်ရည် တွေ ဝဲနေရှာပါတယ်။ အားလုံးက ကလေးမလေးတွေအပေါ် ကရုဏာ သက်ပြီး စိတ်မကောင်းဖြစ်ကြရပါ တယ်။ မြန်မာ အမျိုး သမီးဘောလုံး အသင်းကြေးတံဆိပ်ဆွတ်ခူးပြီး နောက်တစ်နေ့ မန္တလေးမြို့ထဲကို လှည့်လည်အောင်ပွဲခံတော့ တစ် မြို့လုံး ကြိတ်ကြိတ်တိုးပြီး ကြိုဆို အားပေးတာ၊ ဆုတွေ ချီးမြှင့်တာ တွေကို တစ်ဆင့်စကား နား ထောင် ရင်း မုဒိတာပွားများ ကြည်နူးနေမိ ပါတယ်။ ဒီအဖြစ်အပျက်ကို သေချာ စဉ်းစားကြည့်ရင် ပရိသတ်ရဲ့ခံစားမှု တုံ့ပြန် ချက်(သို့မဟုတ်) ထွက်ပေါက်ဖြစ်ပါတယ်။

အမျိုးသား ဘောလုံးအသင်း ရှုံးတော့ ပရိသတ် က သူ့ခံစားမှုအတွက် ထွက်ပေါက်ကို ဆူပူမှုနဲ့ တုံ့ပြန်လိုက်ပါတယ်။ အမျိုးသမီးဘောလုံးအသင်း အတွက် ခံစားမှုကိုတော့ ထွက် ပေါက်ကို မေတ္တာနဲ့ တုံ့ပြန်လိုက် ခြင်း ဖြစ်ပါတယ်။ ကဲ… အကျဉ်း အကျပ်ထဲရှိကြတဲ့အခါ ထွက်ပေါက် ရှာကြစမြဲပါ။ ဒေါသစိတ်နဲ့ ရှာဖွေတဲ့ ထွက်ပေါက်ရဲ့ အကျိုးရ လဒ်ဟာ ကောင်းကျိုးထက် ဆိုးကျိုးကို များ စေမှာ ဖြစ်ပါတယ်။ မေတ္တာစိတ်နဲ့ ငြိမ်းချမ်းစေမယ့် ထွက်ပေါက်ကို ရှာဖွေနိုင်မှသာ ရှေ့ခရီးဟာ လှပ မှာဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် တို့လည်း နှစ်ဟောင်းကုန်လို့ နှစ် သစ်ဆီသို့ လျှောက်လှမ်း ကြရပြန် ပါပြီ။ ရှေ့ကို ဘယ်လို ချီတက်ကြ မလဲ။ ယူတတ်မယ်ဆိုရင် ကျွန်တော် တို့ ဖြတ် သန်းခဲ့တဲ့ နှစ်တွေဆီက အတွေ့အကြုံ သင်ခန်းစာတွေ ရှိနေ ပါတယ်။ ခက်တာက ကျွန်တော်တို့ ကလည်း အကြောင်းအကျိုး ဆက် စပ်မှု အားနည်းနေကြ တာကိုး။ ဒီ တော့ သင်ခန်းစာတွေ မယူနိုင်ကြ ဘဲ နားလည်ခွင့်လွှတ်မှုတွေ ကင်းဝေးသွားကြတော့တာကလား။

ယင်းသမို့ကြောင့် အတိုချုံး လိုက်ရပါက နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးခဲ့သော်လည်း ဒီဇင်ဘာ လ အအေးဒဏ်ကို လှိမ့်ခံရင်း ရှေ့ အနာဂတ် တစ်နှစ်တာခရီးကို မည်သို့မျှ လှမ်းမျှော်မကြည့်မိပါ ကြောင်း၊ စာရေးဆရာပီပီ မေတ္တာနှင့် ထွက်ပေါက်ကို ရှာကြဖို့ ပြောသော် ငြားလည်း မိမိကိုယ်တိုင်မှာတော့ အပြောနဲ့အညီ မလုပ်ဆော င်နိုင် သေးပါကြောင်း၊ ဆီးဂိမ်းမှာ မြန်မာ ဘောလုံး အမျိုးသား၊ အမျိုးသမီး ရှုံးရခြင်းကြောင့် စိတ်ထဲမှာ ကလိ ကလိဖြစ်ရသည်ကတစ်ကြောင်း အအေးပိုသည့် လ ဒီဇင်ဘာ ၏ စနက်ကြောင့် ပိုက်ဆံ အပိုကုန်သွား ၍ ဒေါဖောင်းသည်ကတစ်ဖုံ၊ သို့ ကလို ခံစားချက်တွေကြောင့် ကိုယ့် စိတ် ကိုယ်မနည်းချုပ် တည်းရင်း နေရစ်ခဲ့တော့ ဒီဇင်ဘာ ဟူ၍သာ လေသံပြင်းပြင်းနှင့် ပြောကြားမိ ပါသတတ်။

ကိုထွန်း (လမ်း-၈ဝ)

ဂျပန်ပြည်ကနေမျိုးနွယ်ဝင် ဘုရင်တို့ရဲ့တော်ဝင်နန်းဆက်ခံမှုအဖြာဖြာ

$
0
0

နေမျိုးနွယ်ဝင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ခေါ်ဝေါ်ကြတဲ့ ဂျပန်လူမျိုးတို့မှာ သက်တမ်းရှည် ဘုရင်စနစ်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်တို့လိုပဲ ဂျပန်မင်းဆက်က လည်း သူ့ဓလေ့၊ သူ့ထုံးတမ်းနဲ့ ယနေ့ထက်တိုင် အဓွန့်ရှည်ကာ တည်တံ့နေပါတယ်။ ဘုရင်စနစ် အုပ်စိုးတဲ့ နိုင်ငံများအနက် သက်တမ်းအရှည်ဆုံး ဘုရင်စနစ် အုပ်စိုးတဲ့ နိုင်ငံအဖြစ် ဂျပန်နိုင်ငံက မှတ်တမ်းဝင်ထားသလို ခရစ်မပေါ်မီ ဘီစီ ၆ ရာစု ကတည်းက Jimmu ဆိုတဲ့ ဘုရင်မင်းတရားက ပထမဆုံး မင်းဆက်အဖြစ် မှတ်တမ်းမှတ်ရာများ ရှိနေပါတယ်။ အခုချိန်မှာ ဂျပန်ပြည်ကို စိုးစံ နေတဲ့ မင်းကြီးကတော့ နာယူဟီတို (Crown Prince Nuruhito)ဖြစ်ပြီး သူဟာဘုရင်ကြီး အာကီဟီတိုနဲ့ သခင်မကြီး မီချီကို တို့ရဲ့ သားကြီး သြရသပဲ ဖြစ်ပါတယ်။ (၂၃.၂.၁၉၆ဝ) မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကြင်ရာတော် မင်းသမီး မာဆာကိုနဲ့ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ပြီး သမီးတော်လေး အိုက်ကို ရှိပါတယ်။ Oxyford  ရှိ Merton College မှာ ပညာသင်ကြားခဲ့သလို Gakushuin University မှ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

သမီးမိန်းကလေးတွေ ထီးနန်းဆက်ခံခွင့်မရှိတဲ့ ဂျပန်ဘုရင်စနစ်ကြောင့် လက်ရှိဘုရင်ရဲ့သမီးတော် အိုက်ကိုဟာ တော်ဝင်မင်းသမီး (Princess Toshi)  အဖြစ်ပဲ ဆက် ခံခွင့်ရှိကာ ညီတော်မင်းသား အာကီရှီနိုက ဒုတိယမင်းဆက် အဖြစ် ဆက်ခံမှာဖြစ်ပါတယ်။ တတိယနန်းလျာ ကတော့ မင်းသား အာကီရှီနိုရဲ့ သားတော် ဟီဆာဟီတို (Hisahito) ဖြစ်ပြီး သူဟာ နန်းဆက်ပြတ်လုနီးပါးဖြစ်နေတဲ့ ဂျပန်မင်းဆက်ရဲ့ အလင်းရောင်ဖြစ်ပါတယ်။ သူ့ကို (၆.၉.၂ဝဝ၆) မှာ မွေးဖွားခဲ့ပြီး သူ့အပေါ်မှာ အစ် မတော်နှ စ်ဦး ရှိပါတယ်။ သူဟာ သားယောက်ျားလေး ပျောက် ဆုံးနေတဲ့ ဂျပန်နန်းဆက်မှာ ၄၁ နှစ်ကြာမှ ပေါ်လာတဲ့ ပထမဆုံး သားယောက်ျားလေးပဲ ဖြစ်ပါတယ်။

တော်ဝင်ဘုရင်တစ်ဦးရဲ့ တာဝန်

ပထမဆုံးမင်းဆက် Jimmu ဟာ ဘီစီ ၆ ရာစုမှာ ပေါ်ထွန်းခဲ့တာလို့ဆိုတာကြောင့် ဂျပန်မင်းဆက်ဟာ နှစ်ပေါင်း ၂၆ဝဝ နီးပါးရှိပြီလို့ ပြောလို့ရပါတယ်။ သူဟာ ဂျပန်ပြည်ကို ဖန်ဆင်းတဲ့ နေနတ်သား Amaterasu ဆီမှ ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ဝက်၊ လူသားတစ်ပိုင်း အဖြစ် ဂျပန်လူမျိုးတွေက ထင်မှတ်ထားကြ ပါတယ်။ ရာဇဝင်အရမဟုတ်ဘဲ ပထဝီအနေအထား အရ ပြောပြရရင်လည်း ဂျပန်ကို ‘Land of the rising sun ‘ လို့ ပြောကြပါတယ်။ ဂျပန်ပြည်ဟာ ဥရောပ ဘက်ကကြည့်ရင် အရှေ့ဘက်စွန်းကျပြီး ပစိဖိတ်သမုဒ္ဒရာဟာ သူတို့နိုင်ငံအနောက်မှာ ရှိတဲ့အခါ အရှေ့ဘက်ကို ကြည့်လိုက်တိုင်း နေရောင်တိုက်ရိုက်ကျတဲ့ နိုင်ငံအဖြစ်တွေ့ရတဲ့ အ တွက်ကြောင့် နေမင်းထွက်ရာမြို့ ‘source of the sun’လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ ဂျပန် လူမျိုးတွေကတော့ သူတို့နိုင်ငံကို နိပွန်နိုင်ငံတော် လို့ခေါ်ပြီး စာပေစ ကားနဲ့ ပြန်ဆိုရရင် ‘နေမင်း ထွက်ရာနိုင်ငံတော်’ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်ဘုရင်မင်းဆက်ကို နတ်ဘုရားကဲ့သို့ ရိုသေလေးစားလာကြတာ ပထမကမ္ဘာစစ်မတိုင်ခင်အထိပါပဲ။ နှစ်ပေါင်းထောင်နဲ့ ချီကာ ဂျပန်ပြည်မှာ ဘုရင်ကို အသက်နဲ့လဲကာ ကာကွယ်စောင့်ရှောက်ဖို့ လူငယ်တွေဟာ အသက် ပြည့်တာနဲ့ ကိုယ်ခံပညာနဲ့ အခြားတတ်အပ်တဲ့ ပညာတွေကို သင်ယူကြရပါတယ်။ ဒီလိုနဲ့ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလထဲမှာ စစ်ရှုံးတဲ့အတွက် ဂျပန်ဘုရင်ဟာ နိုင်ငံတကာကို ဝန်ချတောင်းပန် မှုပြုတဲ့အခါမှ သူကိုယ်တိုင်နှုတ်မှ ‘ကျွန်ုပ်ဟာ သင်တို့ လူသားတွေနဲ့ ဘဝတူပါ၊ နတ်ဘုရား မဟုတ်ပါဘူး’ လို့ ဖွင့်ဟဝန်ခံပြောဆိုတဲ့ အသံနဲ့ ရုပ်ရည်ကို မြင်ရတဲ့အခါမှ သူတို့ ဂျပန်ပြည်မှာ သာမက တစ်ကမ္ဘာလုံးကပါ နတ်ဘုရားဆိုတဲ့ အမြင် ကို ခွာချနိုင်ခဲ့ပြီး နှစ်ထောင်နဲ့ချီကာ အရိုး စွဲခဲ့တဲ့ ရိုးရာအရ ယုံကြည်မှုပျက်သုဉ်းသွားခဲ့ပါ တယ်။ ဒီဘုရင်ရဲ့ နာမည်က ဟီရိုဟီတို (Hirohito) ဖြစ်ကာ သူဟာ နတ် ဘဝကနေ လူ့ ဘဝကို ဆင်းခဲ့တဲ့ ဘုရင်အဖြစ် စာရင်းဝင်ခဲ့ပါ တယ်။ သူ့လက်ထက်မှစပြီး ဂျပန်ပြည်မှာ လူသား ဖြစ်တဲ့ ဘုရင်ဖြစ်သွားခဲ့ပြီး အခုထိတိုင် အုပ်စိုး နေ တာဟာ သူ့အဆက်အနွယ်တွေပဲ ဖြစ်ပါ တယ်။

လူသားဖြစ်သွားမှန်းသိတဲ့အခါ ဘုရင်တွေ က လူသားတာဝန်တွေ ထမ်းဆောင်လာရပါ တယ်။ ဘုရင်ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ ပုံရိပ်ဖြစ်ပြီး ဘုရင် ဟာ နိုင်ငံ ရပ်ခြား က ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရခြင်း၊ ထမင်းအတူ လက်ဆုံစားရခြင်း၊ ဂျပန်ပြည်သူများထဲမှ ထူးချွန် သူများကို ဆုတံဆိပ် အပ်နှင်းပေး အပ်ခြင်း၊ အခါ အားလျော်စွာ နိုင်ငံရပ်ခြားနဲ့တကွ တိုင်းပြည် အတွင်း ခရီးလှည့်လည်သွားလာခြင်းတွေ ပြုလုပ် ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အသစ် ပြောင်း လဲခန့်အပ်တဲ့ အခမ်း အနားကို တက်ရောက်ရ သလို ရှင်တိုဗုဒ္ဓဘာသာရဲ့ အကြီးအမှူးတာဝန် ယူထားရတာကြောင့် ဘာသာရေးနဲ့ ပတ်သက် တဲ့ တာဝန်တွေ ထမ်းဆောင်ရပါ တယ်။  တော် ဝင်တစ်မိသားစုလုံးဟာ Imperial Palace ထဲမှာ တစ်စည်းတစ်လုံးတည်း နေထိုင်ကြပြီး သူတို့မှာကိုယ်ပိုင်ဝင်ငွေမရှိဘဲ အရာအားလုံးကို တိုင်းပြည် က ပြည်သူများရဲ့ အခွန် ဘဏ္ဍာငွေများနဲ့ စီစဉ်ပေးထားတာဖြစ်ပါတယ်။

လက်ရှိဘုရင် မိသားစု

လက်ရှိစိုးစံနေတဲ့ ဘုရင်ကတော့ နာယူဟီတို ဖြစ်ပြီးသူ့ရဲ့ ကြင်ရာတော်ကတော့ မင်းသမီးမာဆာကို ပဲဖြစ်ပါတယ်။ မင်းသမီး မာဆာကိုဟာ အရပ်သူတစ်ဦးဖြစ်ပြီး ဘုရင်နဲ့ လက်ထပ်ခဲ့တဲ့ အတွက် မင်းသမီးဖြစ်လာသူပါ။အရပ်သူဘဝကတော့ မာဆာကိုဟာ ဂျပန် နိုင်ငံ၊ တိုကျိုမြို့မှာ မွေးဖွားခဲ့ပေမယ့် နှစ်နှစ် သမီး အရွယ်မှာ မော်စကိုမြို့ကို မိဘတွေရဲ့ အလုပ် တာဝန်ကြောင့်ရောက်ရှိခဲ့ပါတယ်။ ငါးနှစ်သမီး အရွယ်မှာ နယူးယောက်ကို ရောက်ရှိခဲ့ပြီး ရှစ် နှစ်သမီးအရွယ်မှာတော့ တိုကျိုနိုင်ငံခြားရေးဝန် ကြီးဌာနမှာ တာဝန်ထမ်းဆောင်ရတဲ့ အဘိုးဖြစ် သူနဲ့အတူ ဂျပန်ပြည်ကို ပြန်လာခဲ့ပါတယ်။ Denenchofu  အရပ်မှာရှိတဲ့ ကက်သိုလစ် အမျိုးသမီးကျောင်းမှာ ပညာ သင်ကြားခဲ့ပြီး သူ့ အမေနဲ့ သူ့အဘွားနှစ်ဦးစလုံးစဟာ ဒီကျောင်း ထွက်တွေပဲ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်ရောက်တဲ့အခါ မာဆာကိုရဲ့ ဖခင်ဟာ နိုင်ငံတကာဥပဒေပညာရပ်အတွက် ပါမောက္ခရာထူးကို ဟားဗတ်တက္ကသိုလ်မှာ ထမ်းဆောင်ရတဲ့အခါ မာဆာကိုဟာ အမေရိ ကန်ပြည်ထောင်စုကို ရောက်ရှိပြန်ပါတယ်။ ဒါကြောင့် သူမဟာ  Belmont High School  မှာပညာသင်ကြားခဲ့ပါတယ်။ မာဆာကိုဟာ ရုပ်ရည်ချောမောပြီး အားကစားမှာလည်း ထူးချွန် တဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပညာရေးမှာလည်း ဟားဗတ်ကောလိပ်ကနေ စီးပွားရေးဌာနဝင်ခွင့် ပညာရည်ထူး ချွန်ဆုရခဲ့ပါသေးတယ်။

စီးပွားရေးဘွဲ့ရရှိပြီးတဲ့နောက်မှာတော့ မာဆာကိုဟာ ဂျပန်ကိုပြန်လာပြီး တိုကျို တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို သင်ယူခဲ့ပြီး  နိုင်ငံခြားဝန်ကြီးဌာန ဝင်ခွင့် စာမေးပွဲ ကို ပြင်ဆင် ခဲ့ပါတယ်။ ဖြေဆိုသူအယောက် ၈ဝဝ မှာ ၂၈ ဦးရွေးပြီး အမျိုးသမီးအနေနဲ့ မာဆာကိုနဲ့ တကွ နှစ်ဦးပဲ ပါရှိပါတယ်။မာဆာကိုဟာ ဂျပန်ရေးရာ ဆက်ဆံရေး အ တွက် နိုင်ငံတကာ အေဂျင်စီများအဖွဲ့ (OECD) မှာ စတင်အလုပ်လုပ်ခဲ့ရပါတယ်။ ကိစ္စမြားမြောင်လှတဲ့ ဒီအဖွဲ့အစည်းမှာ ဂျပန်၊ အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ်နဲ့ ဂျပန်လို တတ် တဲ့ ဂျပန်အမျိုးသမီးဟာ မာဆာကိုတစ်ဦးပဲရှိခဲ့တာ မို့ လုပ်ဖော်ကိုယ်ဖက်များ အကြားမှာ အင်မတန် ကျော်ကြားခဲ့ပါတယ်။ နှစ်နှစ်ကြာပြီး နောက်မှာ တော့ မာဆာကိုဟာ ဝန်ကြီးဌာနမှ လစာပြည့် ခံစားခွင့်နဲ့အတူ နှစ်နှစ်တိတိ နိုင်ငံခြားပညာသင် ဆုရွေးချယ်ခံခဲ့ရပါတယ်။

ဒီလိုပညာတော်တဲ့ အမျိုးသမီးဟာ တိုကျို တက္ကသိုလ်မှာ ပညာသင်ကြားစဉ်ကတည်းက မင်းသားနာယူဟီတိုနဲ့ ကြုံဖူးပါတယ်။ စတွေ့တွေ့ ချင်းမှာပဲ မင်းသားဟာ မာဆာ ကိုကို စိတ်ဝင်စား ခဲ့ပြီး သူမနဲ့တွေ့ဆုံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါ တယ်။ မာဆာကိုဟာ သူမရဲ့ အလုပ်နဲ့အတူ သူမ ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာ စိုးရိမ်တဲ့ အတွက် မင်းသားရဲ့ လက်ထပ်ခွင့်ကို ငြင်းပယ်ခဲ့ပြီး ၃ ကြိမ်မြောက်မှာတော့ လက်ခံခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နေ့မှာ သူတို့ရဲ့ စေ့ စပ်သတင်းကို တရားဝင်အနေနဲ့ Imperial House hold Council  က ထုတ်ပြန် ပေးခဲ့ပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ တရားဝင်စေ့စပ် ခဲ့ပြီး ဇွန်လ ၉ ရက်နေ့ မှာတော့ လက်ထပ် ခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပထမအကြိမ်ကိုယ်ဝန်ဆောင် ခဲ့ရပြီး ဒီကိုယ်ဝန်ဟာအဖတ်မတင်ခဲ့ပဲ ၂ဝဝ၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ သမီးတော် အိုက် ကိုကို မွေးဖွားခဲ့ပါတယ်။

ဒီနောက်ပိုင်း ၂ဝဝ၂ ခုနှစ်မှစကာ မာဆာ ကိုဟာ ပရိသတ်နဲ့ ပြည်သူများရှေ့က ပျောက်ကွယ်နေခဲ့ပြီး နိုင်ငံတကာပွဲတွေကိုလည်း ဘုရင် တစ်ပါးတည်း တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ နန်း တော်မှ ‘မင်းသမီးနေမကောင်းသောကြောင့် ဆေးကုသမှုခံယူနေရခြင်း’လို့ သတင်းထုတ်ပြန် ပေးခဲ့ရတဲ့အထိ ဘုရင့်မိဖုရား တစ်နည်းကြင် ရာ တော် တစ်ဦးရဲ့တာဝန် ပျက်ကွက်ခဲ့ရပါတယ်။

ဒီလောက်အထိ ဖြစ်သွားရတာက မင်းသမီး ဟာ သမီးတော်ပဲမွေးခဲ့တဲ့အတွက်၁၈၈၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့မင်ဂျီဥပဒေအရ သားယောက်ျားလေး သာနန်းဆက် ခံရမယ် ဆို တဲ့ ဥပဒေကြောင့် သားယောက်ျားလေးမွေးဖွားဖို့အတွက် နန်း တော် ရဲ့ ဖိအားတွေ အပေးခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။ သမီးတော်မွေးဖွားခဲ့ချိန်မှာ သက်တော် ၃၈ နှစ် အရွယ်ဖြစ်နေပြီး အသက် ၄ဝ နီးပါးမှာ အနာဂတ်ဘုရင်မွေးဖွားပေးဖို့ ဖိအားပေးခြင်းခံခဲ့ရ ရာမှာ စိတ်ဖိစီးမှုတွေဖြစ်ခဲ့ရပါတယ်။ ဒီကနေတစ် ဆင့် ပတ်ဝန်းကျင်နဲ့တကွ အရာအားလုံးကို အစီအစဉ်မကျတော့သော စိတ်ရောဂါကို ခံစား ခဲ့ရပါတယ်။ ဒီလိုကိစ္စဟာ မာဆာကို တစ်ဦးတည်း ကြုံတွေ့ရတဲ့ကိစ္စမဟုတ်ဘဲ ဘုရင့်မယ်တော်ကြီး မီချီကိုလည်း နန်းစံဘုရင်ကို မမွေးဖွားမီ ပထမ အကြိမ်ကိုယ်ဝန်ပျက်ကျခဲ့ရတုန်းကလည်း သုံးလ ကြာသည်အထိ အိပ်ရာထဲလဲခဲ့ပါတယ်။

အရပ်သူဘဝမှာ သိပ်ကို ထူးချွန်ထက်မြက် တဲ့ မာဆာကို တစ်ယောက်လည်း တော်ဝင် အမျိုး သမီးတို့ကြုံရတဲ့ ဒီကိစ္စကြီးမှာတော့ သူမ အရည် အချင်းအား လုံးပျောက် ဆုံးကျရှုံးခဲ့ရရှာပါ တယ်။ ဒီလိုနဲ့ ၂ဝဝ၆ ခုနှစ်မှာ ဘုရင့်ညီတော် အာကီရှီနိုက တတိယမြောက်နန်းလျာ ယောက်ျားလေး မွေးဖွား ပေးနိုင်တဲ့အတွက် သားသမီးမွေး ဖွားဖို့ ဖိအား မင်းသမီးဆီမှာမရှိတော့ပေမယ့် သမီးတော် ဘုရင်မမဖြစ်တော့ခြင်းနဲ့အတူ အတန်းကျောင်း မှာ သူမကို နိုင်စားတဲ့ သူများပေါများတဲ့ အတွက် မိခင်ကြီးမာဆာကို တစ်ယောက် ဝမ်းအနည်းကြီး နည်းခဲ့ရပြီး စိတ်နှလုံးချုံးချုံးကျနေတဲ့ သူမ အသွင်ကို ၂ဝ၁ဝ ပြည့် နှစ်အထိ တွေ့မြင်ခဲ့ရပါ တယ်။

၂ဝ၁၂ ခုနှစ်၊ သူမရဲ့ ၄၉ နှစ်မြောက်မွေးနေ့ မှာ ဂျပန်ပြည်သူလူထုရှေ့ကို ထွက်လာပြီး သူမ ကို နားလည်မှုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ခင်ပွန်းသည်နဲ့အတူ နယ်သာလန်နိုင်ငံရဲ့ မင်းကြီးအသစ် ဝီလျံအလက်စ်ဇန်းနားရဲ့ နန်း ဆက်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် ရဲ့ ဇွန်လ ထဲမှာ သူတို့အိမ်ထောင်သက်နှစ် ၂ဝ ပြည့်အထိမ်းအမှတ်ပွဲကို ပြုလုပ်ခဲ့သလို အခြား သော တော်ဝင်ကိစ္စတွေမှာလည်း တွေ့မြင်စပြု လာရပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်  သူမသက်တော် ၅ဝ ပြည့်ချိန်မှာတော့ သူမရဲ့ ကျန်းမာရေးနဲ့အတူ မိမိကိုယ်ကို ယုံကြည်မှုပါ ပြန်ရနေကြောင်း ရေးသားဖော်ပြလာခဲ့ပါတယ်။

တော်ဝင်မင်းသမီးတို့ရဲ့ ဒုက္ခ

ဒါဟာ အခြားဘုရင်အုပ်ချုပ်တဲ့နိုင်ငံများနဲ့ မတူကွဲပြားတဲ့ အချက်ဖြစ်ကြောင်း ပထမဦးဆုံး သိစေအပ်ပါတယ်။အင်္ဂလန်နိုင်ငံဆိုရင်လည်း မင်းဆက်မပြတ် တာတောင် ၂ဝ၁၃ ခုနှစ်မှာ တော်ဝင်ဥပဒေသစ် ပြင်ဆင်ထုတ်ပြန်ပြီး ဝီလျံမင်းသားရဲ့ ကြင်ရာ တော် ကက်သရင်းမစ်ဒယ်လ်တန်မွေးဖွားမယ့်ရင်သွေးဟာ မိန်းကလေးဖြစ်ခဲ့ရင်တောင် နန်းဆက်ခံခွင့်ရှိရမယ်ဆိုပြီး ဥပဒေကို ပြင်ဆင်ခဲ့ပါ တယ်။ ဂျပန်မှာတော့ ၄၁ နှစ်ကြာ မင်းဆက်ပြတ် နေတာ တောင် မင်းသမီးအိုက်ကီကို နန်းမပေးဘဲ ဘုရင့်ကြင် ရာတော်ကိုပဲ နောက်ထပ် ရင်သွေး မွေးခိုင်းပြီး တော်ဝင်ဥပဒေကို တင်းနေအောင်ထား ပါတယ်။ ကံကောင်းထောက်မစွာပဲ တတိယ နန်းလျာမင်း သားလေး မွေး ဖွားခဲ့ တာကြောင့် နေမျိုးနွယ်တွေ အသက်ဆက်လို့ရသွားတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ခက်ခဲနေတာက မင်းသမီးများရဲ့ လက်ထပ်မင်္ဂလာပွဲတွေပဲ ဖြစ်ပါတယ်။ ဒါဟာ အခုချိန်မှာ တရားဝင်စဉ်းစားပြီး လုပ်ရမယ့် အပိုင်းဖြစ်နေပါတယ်။ အခုလက်ရှိဂျပန် မင်းဆက် မှာ မျိုးဆက် ၄ ဆက်ရှိနေပြီး အသက်အကြီးဆုံးက တော့ မင်းသားမီကာဆာဖြစ်ပြီး နန်းစွန့်ဘုရင် ကြီး ဟီရိုဟီတိုရဲ့ ညီအငယ်ဆုံးဖြစ်ပြီး ၁၉၁၅ ခုနှစ်မှာ မွေး ဖွားခဲ့သူပဲ ဖြစ်ပါတယ်။ အသက်အငယ်ဆုံးကတော့ မင်းသား လေး ဟီဆာဟီတို ဖြစ်ပြီး ၇ နှစ်အရွယ်ပဲရှိပါသေး တယ်။ ကျန်တဲ့သူ တွေကတော့ မင်းကြီးအာကီဟီ တို၊ လက်ရှိ ဘုရင်မကြီး နာယူဟီတို၊ အိမ်ရှေ့စံ အာကီရှီနိုတို့ ပဲဖြစ်ပြီး ကျန်တော်ဝင်များကတော့ မင်းသမီးတွေပဲ ဖြစ်ပါတယ်။ အားလုံးပေါင်း တော်ဝင် ၂၃ ဦးရှိနေကာ ကျန်တော်ဝင်များ ကတော့ မင်းသမီး တွေပဲဖြစ်ပါတယ်။အားလုံးဟာ အသက် ၁၆ နှစ်ကနေ နှစ်ဆယ်ကျော်အထိ ရှိကြပြီး အိမ် ထောင်ပြုရမယ့် အရွယ်တွေရော က်နေ ပါပြီ။ တစ်ဦးဆိုရင် အသက် ၃ဝ အရွယ်တောင်ရောက် နေပါပြီ။ လက်ရှိဘုရင်ရဲ့ ကြင်ရာတော်နဲ့ အိမ်ရှေ့ စံနဲ့ ကြင်ရာတော်တွေဟာ အသက် ၄ဝ ကျော် ကာ ၅ဝ ထဲ ကို ဝင်စပြု နေပါပြီ။

လက်ရှိဂျပန်တော်ဝင်တို့ ကျင့်သုံးတဲ့ ဥပဒေအရ ဂျပန်တော်ဝင်အမျိုးသမီးတွေဟာ မင်းမျိုးမင်းနွယ်မဟုတ်ဘဲ သာမန်အရပ်သားနဲ့ ယူပါက မင်းသမီးဘဝကို စွန့်လွှတ်ကာ သာမန် အရပ်သူဘဝကို ခံယူရမှာဖြစ်ပါတယ်။ ဘဝတူ မင်းမျိုးမင်းနွယ်တွေနဲ့ လက်ဆက်ဖို့ရာကလည်း ဂျပန်မင်းဆက် ၄ ဆက်မှာ အမျိုးသားက အရှေ့ မှာ ဖော်ပြခဲ့တဲ့ သူတွေကလွဲရင် မရှိတော့ပါဘူး။ ဒါကြောင့်မင်းသမီးတွေဟာ အခုထိ အိမ်ထောင် မပြုကြသေးပါဘူး။

ဒါ့အပြင် ဂျပန်နန်းဆက်မှာ သား၊သမီး မွေးဖွားခြင်းကလွဲရင် ကလေးမွေးစားတာကို ဥပဒေအရ တားမြစ်ထားပါသေးတယ်။ ဒါကြောင့် မင်းသမီးတွေ အိမ်ထောင် မပြု ဘဲနေခြင်းဖြင့် နောင် တတိယမင်းဆက် မင်းသားဟီဆာဟီတို လက်ထက်ရောက်ရင် အိမ်ထောင်ဦးစီး တာဝန် အနေနဲ့ လက်ရှိမင်းနှစ်ဆက်ထက် ပိုမိုတာဝန်ယူ ရဖို့ရှိနေ သလို နောင်မင်းဆက်မှာ ဆက်ခံသူ အမျိုးသားပါဝင်နိုင်ဖို့ရာ လက်ရှိမင်းကြီးရဲ့ ကြင် ရာတော်မာဆာကိုအပေါ် ဖိအားသက်ရောက် သလို သက်ရောက်တော့ မှာပဲ ဖြစ်ပါ တယ်။ (အရပ်စကားနဲ့ ပြောရရင် မာဆာကိုဟာ သား မမွေးနိုင်တဲ့အတွက် အပျော့စားစိတ် ရောဂါသည် ဘဝရောက်သွားတာကိုကြည့်ခြင်းဖြင့် ဂျပန်နိုင်ငံရဲ့ မိဖုရား ဘဝဟာ ရင်မောဖွယ်အထိ ပါ။)

မင်းသမီးတွေဟာ မညီမျှတဲ့ ခံစားခွင့်နဲ့ သူတို့ဘဝကို မင်းသမီးဘွဲ့နဲ့ ကျေနပ်နေရပြီး အိမ်ထောင်ပြုဖို့ စိတ်မကူးကြပါဘူး။ သူတို့တွေထဲ မှာ အသက်အကြီး ဆုံးမင်း သမီးဖြစ်သလို တော်ဝင်မင်းသမီးတို့အနက် ပထမဆုံး Ph. D  ဒေါက်တာဘွဲ့)ရမင်းသမီးအာကီကိုရဲ့ မကြာသေး မီက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာက ‘ငယ်စဉ် ကလေးဘဝကတည်းက အရပ်သားနဲ့ လက်ထပ်ရင် အရပ်သူဘဝခံယူ ရမယ်ဆိုတာကို သင်ကြားခဲ့သလို သိနားလည် ခဲ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေမပြင်သရွေ့ အိမ်ေ ထာင်ပြုဖို့ စိတ်ကူးမရှိပါဘူး။ ကျွန်မအနေနဲ့ တော်ဝင်တစ်ဦး တစ်ယောက်ရဲ့ တာဝန်တွေကို အိမ်ထောင်ပြုပြီးရင် လည်း ထမ်းဆောင်ချင်ပါ သေးတယ်။ ဒါကြောင့် ဒီအ တိုင်းပဲ ဘဝကို ရှေ့ဆက်သွားမယ်”လို့ ဖြေကြားထားပါတယ်။

ဒါပေမဲ့လည်း အစိုးရနဲ့ မသက်ဆိုင်ဘဲ ကိုယ်ပိုင်စည်းမျဉ်းနဲ့ အုပ်ချုပ်တဲ့ တော်ဝင်မိသားစု မှာ ဒီကိစ္စဟာ အလွယ်တကူဖြေရှင်း လို့မရတဲ့ ပြဿနာ တစ်ခုဖြစ်နေ ပါတယ်။ ဖြေရှင်းဖို့ဟာ လည်း စည်းမျဉ်းဖြေလျှော့မှ ရမှာဆိုတော့ ဒီလို မျိုးမလုပ်ချင်တဲ့ ဂျပန်တော်ဝင်တို့ရဲ့ ခေါင်းမာမှု ကြောင့်လည်း ကမ္ဘာမှာဘုရင်အုပ်စိုး တဲ့နိုင်ငံ များ အနက် ဂျပန်ဟာ သီးသန့်ဖြစ်နေတာပဲ ဖြစ်ပါ တယ်။

ဘုရင့်သွေး …သို့သော် တော်ဝင်မင်းသမီးဘဝ နဲ့ ကျေနပ်ခဲ့ရတဲ့ အိုက်ကီ

တော်ဝင်သွေးအစစ်ဖြစ်သလို ဘုရင်နဲ့ တစ်ဦးတည်းသော သွေးသားမင်းသမီးအိုက်ကီ ကို သွေးအေးပြီး အရယ်၊ အပြုံးမရှိတဲ့မင်းသမီး လို့ မီဒီယာတွေက သရုပ်ဖော်ကြ ပါတယ်။ အင်္ဂလန်မင်းမျိုးဝင်ဆာတွေနဲ့ခြားနားကာ မီဒီယာမီးမောင်းအောက်မှ ဖယ်ခွာပြီး မင်းနေ ပြည်တော်  Imperial Palace ထဲမှာပဲ ကလေးငယ်တွေကို ထားလေ့ရှိ တာကြောင့် အိုက်ကီရဲ့ လှုပ်ရှားမှုနဲ့ နေထိုင်မှုဘဝကို မြင်ရလေ့မရှိပါ ဘူး။

အိုက်ကီကို မိဘနှစ်ပါးနဲ့တွဲပြီး ဂျပန်လူထု ရှေ့ထွက်တဲ့အခါ မျိုးမှာပဲ မိခင်ရဲ့ အကြံပေးချက် အရ ပြုံးပြတာမျိုးပဲ အိုက်ကီက လုပ်ပြတတ်ပါ တယ်။ မွေးကတည်းက ‘သူမရဲ့ အဆင့်ကဘာလဲ’ဆိုတာသိတဲ့ အိုက်ကီဟာ မီဒီယာတွေကို တော့ ဘယ်တော့မှ မပြုံးပြသူပဲ ဖြစ်ပါတယ်။ (အင်္ဂလန်အိမ်ရှေ့စံချားလ်မင်းသားငယ်စဉ်ကနဲ့ အိုင်ကီဟာ သွား တူနေပါတယ်။ ဂျပန်မင်းဆက် ဥပဒေ ၁၉၄၇ ဟာ သူ့ကြောင့် ပြင်ရတော့မလို ဖြစ်ခဲ့ပေမယ့် အိမ်ရှေ့စံဖြစ်တဲ့သူမဦးလေးရဲ့ တတိယရင်သွေးဟာ သားတော်ဖြစ်ခဲ့တဲ့ အ တွက် ဘုရင်မမဟုတ်တဲ့ ဧကရီ (Empress Aiko) ဘဝနဲ့ ကျေနပ်လိုက်ရရှာပါတယ်။

တတိယမြောက်မင်းလျာ ဟီဆာဟီတို

မင်းသားဟီဆာဟီတိုဟာ အနာဂတ်ဂျပန် ဘုရင်စနစ်ကို ပုံဖော်ရမယ့်သူပဲ ဖြစ်ပါတယ်။ ဂျပန်စနစ်ဟာ ဘုရင်အနေနဲ့ သေဆုံးမှသာ၊ ဒါမှမဟုတ် နာမကျန်းဖြစ်မှသာ နန်းစွန့်ခွင့်ရတာမို့ ပင်ပန်းခက်ခဲတဲ့အပြင် ဟီဆာဟီတိုဟာ ဂျပန် မင်းဆက်အဓွန့်ရှည်ဖို့ တာဝန်အများဆုံးရှိနေတဲ့ သူလည်း ဖြစ်ပါတယ်။အင်္ဂလန်မင်းသားငယ်ဂျော့ရှ်နဲ့ အကြောင်း စာစောင်တိုင်းပါနေပေမယ့် ဂျပန်မင်းလောင်းကို တော့ အခမ်းအနားတွေမှာ မိဘနဲ့ အတူတွဲပြီး မြင်ရတာကလွဲရင် မြင်ရလေ့မရှိပါဘူး။ စာစောင် တွေ ရဲ့ မေးမြန်းချက်ကို နန်းတော်ရဲ့ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်များကပဲ ဖြေကြားပေးလေ့ရှိပါ တယ်။ မင်းသားငယ်ကို သူ့မွေးနေ့တွေမှာ အများ ပြည်သူကြည့်ဖို့ ဓာတ်ပုံ ထုတ်ပြန်ပေး တာကလွဲရင် ကင်မရာနဲ့ ဝေးရာမှာပဲ ထားကြပါတယ်။

သော်တာလ

ဝေဖန်ရေးသည် အကောင်းဆုံး ဝန်ဆောင်မှု ဖြစ်သည်။

$
0
0

ဒါရိုက်တာ သန့်ဇင်အောင်၏ ‘နက်ဖြန်ခါ’

(၁)
မစန္ဒာ၏ ဝတ္ထုကို သမီးမြတ်ကျော် ဇာတ်ညွှန်း ရေးသားပြီး သန့်ဇင်အောင် ရိုက်ကူးသည့် ‘နက်ဖြန်ခါ’ သည် ပစ္စည်းမဲ့ လူတန်းစား မိန်းမပျိုများ အပေါ် အနိုင်ယူ ဖျက်ဆီး သည့် ဓနရှင်လူတန်းစား များကို လက်ညှိုး ထိုးပြထားသော ဗီဒီယို ဇာတ်ကား တစ်ကားဖြစ်သည်။ ခန့်စည်သူ၊ ခိုင်သင်းကြည်နှင့် နန်းမြတ်ဖြိုးသင်း တို့က ဦးဆောင် ပါဝင် သရုပ် ဆောင်ထားသည်။

မိဘမဲ့တစ်ကောင်ကြွက်၊ ကျပ်မပြည့်သူ လေရူး အဖြစ် ခန့်စည်သူက သရုပ်ဆောင်ပြီး အိမ်ကြီးရှင် ဒေါ်ခင်သန်းနွယ်၏ အိမ်တွင် အိမ်ဖော် အဖြစ် လုပ်ပြီး အိမ်ကြီးရှင် ၏သား ဝဏ္ဏ ၏ ခြေတော်တင် ခံရသူ၊ ကိုယ်ဝန်ရပြီး ရေတွင်းထဲ သို့ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်သွားသူ မိန်းမပျို အဖြစ် ခိုင်သင်းကြည်က သရုပ်ဆောင် သည်။ လေရူး၏ အိမ်နီးနားချင်း၊ လေရူးအပေါ် သံယောဇဉ် တွယ်ငြိနေသော အပျိုပေါက်မလေး၊ ကျောင်းသူလေး တစ်ဦးအဖြစ်ကိုမူ နန်းမြတ်ဖြိုးသင်းက သရုပ်ဆောင် သည်။

နန်းမြတ်ဖြိုးသင်း (မိငြိမ်းချမ်း) သည် မိခင် ဆုံးပြီး ဖခင် ဆရာဝန်ကြီးနှင့် နေသည်။ သူတို့ အိမ်အနီးတွင် လေရူးသည် တစ်ဦး တည်းနေသည်။ လေရူးက သူတို့ ရပ်ကွက် လမ်းကလေးကို ပြင်ရန် အုတ်ခဲထုသည်။ မိငြိမ်းချမ်းက သူ့ဆီလာပြီး ရင်ဖွင့်သည်။ လေရူးက နှစ်သိမ့်သည်မျိုး မဟုတ်။ မိငြိမ်းချမ်း ဒေါသထွက်လာသော အခါ အုတ်ခဲ ထုခိုင်းသလို သိပ်ခံစားနေ ရသောအခါ ‘ငိုဟာငို’ ဟု ပြောပြီး ငိုခိုင်းသည်။ ဖခင်ထံ လာသော တစ်ခု လပ်မိနီမကို ခဲနှင့်ထုရန် လာခေါ်သော အခါတွင်မူ လက်မခံ။ မလုပ်။ မိငြိမ်းချမ်း ကိုလည်း မလုပ်ရန် တားသည်။

ဆရာမ မစန္ဒာသည် လေရူးကို ကျပ်မပြည့်သူ အဖြစ် ဖန်ဆင်း ရေးသားခဲ့သော်လည်း လေရူး သည် ရမ်းကားမှု မရှိ။ လေရူးနှင့် မိငြိမ်းချမ်း တို့၏ ဆက်ဆံရေးကို သန့်ရှင်း ဖြူစင်မှုအပြည့်ဖြင့် ပြသည်။ ယခု ဇာတ်လမ်းတွင် မိငြိမ်းချမ်းသည် ပဓာန ဇာတ်ကောင်ဖြစ်သည်။

ဤနေရာတွင် အနည်းငယ် ပြောလိုပါသည်။ ကျွန်တော်တို့ နိုင်ငံ ရုပ်ရှင်လောကတွင် နာမည်ကြီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ရသော နေရာ၊ ဇာတ်ကောင် များ ကို အဓိကဇာတ်ကောင် (အမျိုးသား၊ အမျိုးသမီး ဇာတ်ဆောင်) ဟု သတ် မှတ်ကြသည်။ ဤဇာတ်ကားတွင် မိငြိမ်းချမ်းသည် အမျိုးသမီး ဇာတ်ဆောင် မဟုတ်။ ခိုင်သင်းကြည် ကို သာ သတ်မှတ်မည်။ ကျွန်တော် ကကော မိငြိမ်း ချမ်းသည် အဓိက သရုပ်ဆောင်ဖြစ်သဖြင့် အမျိုးသမီး ဇာတ်ဆောင် (ဇာတ်ပို့မဟုတ်) ဖြစ် သည်ဟု ယူဆသည်။

(၂)
ထားမြိုင်သည် ဖခင်ဆေးဖိုး လို၍ လူချမ်း သာအိမ်တွင် အိမ်ဖော် လုပ်နေရသူဖြစ်သည်။ ထိုအိမ်ရှိ ဝဏ္ဏသည် အိမ်ဖော်တိုင်းကို ဖျက်ဆီး၊ ကိုယ်ဝန် ရှိလာလျှင် မိခင် က တောပြန်ပို့၊ ပစ္စည်းမဲ့  လူတန်းစားများ အပေါ် အနိုင်ကျင့်နေကြသူ၊ ယုတ်မာနေ သူဖြစ်သည်။ ဒေါ်ခင်သန်းနွယ် (မေမေကြီး) အတွက် နှင်းဆီ၊ ခရေပန်းများ ရှာဖွေပေး ရသူမှာ ထားမြိုင်ဖြစ်သည်။

”ဘုရားပန်း ကပ်လှူတာ ကုသိုလ် ရတယ်လို့ ပြောတယ်။ ဒါဆိုရင် ဘုရားရှိခိုးတဲ့ ဟိုသူဌေး ကတော် ကုသိုလ်ရမယ်။ အရှင်ဘုရား။ သူဌေး ကတော်ချည်း ကုသိုလ် မပေး ပါနဲ့ဘုရား။ ထားမြိုင် ပန်းကောက်နေတဲ့ အချိန်မှာ အဲဒီ သူဌေးကတော် ကြီး အိပ်နေတာပါဘုရား”

လေရူး ဆုတောင်းခန်းက လူတန်းစားအမြင် ပါသည်။ ဇာတ်ကောင် စရိုက် ဝင်သည်။ ဤဇာတ်ကားတွင် dialogue တွေက အလွန်လှသည်။ ဆိုပါစို့။ မိန်းကလေး တစ်ဦး ၏ အလှအပနှင့် ပတ် သက်၍ ဆရာမ မစန္ဒာ ပြောပြထားသော စကား လုံးလေး များကို ရွေးထုတ် တင်ပြချင်ပါသည်။

”လှတယ် ဆိုတာ ကောင်းတယ်များ မှတ်နေ သလား ငြိမ်းချမ်းလေး။ အလှတရားက ချမ်းသာ တဲ့ လူတွေ အတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ မမ တို့လို ဆင်းရဲတဲ့ သူတွေ၊ သူများအိမ်မှာ မီခိုနေရသူတွေ အတွက်တော့ မကောင်းပါဘူး”

”ဘာဖြစ်လို့လဲ မမ”

”အန္တရာယ်ရှိလို့ပေါ့”

”ဘာလို့ အန္တရာယ်ရှိတာလဲ”

”လှလို့ပေါ့”

”လှတယ်ဆိုတာ မိန်းကလေးတွေ အတွက် တော့ ရတနာပေါ့။ ဒါပေမဲ့ အဲဒီ ရတနာကို မထိန်း သိမ်းနိုင်ခဲ့ ရင်တော့ ဓားပြတိုက်ခံ ရတတ်တယ်”

”ဘာလို့ မထိန်းသိမ်းနိုင်တာလဲ”

”လက်နက်မရှိလို့ပေါ့”

”အဲဒီလက်နက်ကို ရအောင်ယူပေါ့”

”လက်နက်ဆိုတာ ယူချင်တိုင်း ယူလို့ရတာမှ မဟုတ်တာ”

”တစ်နေ့နေ့တော့ ရလာနိုင်တာပေါ့”

ဒီနေ့ရဲ့ ‘နက်ဖြန်ခါ’ တော့ မဖြစ်နိုင်ဘူး။ ဒီကမ္ဘာကြီး မပျက်ခင် တစ်နေ့နေ့ရဲ့ မနက်ဖြန်ခါ ဖြစ်နိုင်တယ်။

‘နက်ဖြန်ခါ’ သည် လူတိုင်း အတွက် အမှန် တကယ်ရှိ၏။ သည်နေ့ပြီးလျှင် နက်ဖြန်ခါဖြစ် သည်။ သို့သော် ဘဝတွင် လမ်းပျောက်နေသော ထားမြိုင် အတွက်မူ နက်ဖြန်ခါ သည် သည်နေ့၏ နက်ဖြန်ခါ မဟုတ်ပါ။ ဒါကို ထားမြိုင်က မိငြိမ်းချမ်း ကို ပြောပြသည်။

လေရူးတွင်လည်း ‘နက်ဖြန်ခါ’ ရှိသည်။ ထားမြိုင်ထံမှ တောင်းယူ ထားသော နှင်းဆီအဖြူ ပွင့်လေး ပွင့်သောအခါ ထားမြိုင်ကို ပန်ဖို့ပေးသည်။ ထားမြိုင်က မပန် ။ နောက်တော့ ထားမြိုင် က လေရူး လုပ်နေသော ရပ်ကွက် လမ်းကလေး အုတ်ကျိုး ခင်းပြီးလျှင် ပန်မည်ဟု နှစ်သိမ့်သည်။ သို့သော် ထားမြိုင်၌ ရွာတွင် ချစ်သူ ရှိသည်။ ဖခင် ကို ဆေးကုရန် ဆေးဖိုးလိုနေ၍ ဤအိမ်ကြီးတွင် အိမ်ဖော် လာလုပ်နေရသည်။ ထားမြိုင်သည် သူ့အလှကို သူ မကာကွယ်နိုင်ခဲ့။ ဝဏ္ဏ၏ စော်ကားမှုကြောင့် ကိုယ်ဝန် ရှိလာသည်။ သို့သော် လေရူးကို သနားသည်။ သည်လိုနှင့်ပင် ပန်းကို ပန်မည်ဟု နှစ်သိမ့် စကားဆိုပေးခဲ့သည်။ ဝဏ္ဏတို့ စေ့စပ်ပွဲနေ့တွင် ထားမြိုင် ရေတွင်း ထဲ သို့ ခုန်ချပြီး သေသည်။

(၃)

ထားမြိုင်သေပြီ။ သို့သော် ထားမြိုင် ပေးထား သော ပန်းပွင့်မှ နှင်းဆီကိုင်း ကလေးကို လေရူး သည် ပန်းအိုးနှင့် ပြန်စိုက်သည်။ ပန်းပင်ပြန်ရှင် လာပြီး ပန်းပွင့် လာလျှင်….။ ဟူသည် လေရူး ၏ နက်ဖြန်ခါဖြစ်သည်။ ဇာတ်သိမ်းပိုင်း တွင် မိငြိမ်းချမ်းနှင့် လေရူး လမ်းခင်းကြသည်။ ထုစရာ  တူကျန်ခဲ့၍ လေရူးက သွားယူနေစဉ် ဝဏ္ဏက သူ၏ စေ့စပ်ပွဲကို ဖျက်သည့် အတွက် ရန်ငြိုးထားပြီး မိငြိမ်းချမ်းကို လည်ပင်း ညှစ်သတ်နေရာ လေရူးက သူယူလာသော တူနှင့် ဝဏ္ဏခေါင်းကို ထုပြီး စိတ် ဖောက်ပြန် သွားသည်။ လေရူးကို ရဲများ ဖမ်းသွား စဉ် မိငြိမ်းချမ်းကငိုပြီး ”လေရူး ဘယ်တော့ ပြန်လာမလဲ၊ ဖေဖေ” ဟု မေးရာဇော်ဦးက

”နက်ဖြန်ခါ ထားမြိုင်ပြောသလို တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ” ဟု ဖြေသည်။

ကျွန်တော် အလွန် သဘောကျမိသည့် ပြကွက် လေးတစ်ကွက် ရှိသည်။ ထိုပြကွက်မှာ မိငြိမ်းချမ်း က ခရေပင်အောက် သို့လာပြီး ခရေပွင့်တွေ ကောက်သည်။ ပြီးမှ ခရေပွင့် များဖြင့် မြေကြီး တွင် ဝဏ္ဏ ဟုရေးပြီး ထိုဝဏ္ဏစာလုံးကို လေရူးနှင့် မိငြိမ်းချမ်းတို့ ဖနောင့်နှင့် ပေါက်ကြသည်။ သည် ပြကွက်သည် သာမန်ပြောပါလျှင် ဘာမှ မထူး ဆန်း။ သို့သော် လေရူးက ကျပ်မပြည့်သူ၊ မိငြိမ်းချမ်းက ကလေး။ သူတို့ မတတ်နိုင်သဖြင့် တတ်နိုင်သလို အနိုင်ယူကာ စိတ်ဖြေ လိုက်ကြသည်မို့ ထိုပြကွက်လေး ကို ကျွန်တော် ကြိုက်ခြင်းဖြစ် သည်။

သန့်ဇင်အောင်သည် ဝတ္ထုကို မီအောင် ကြိုးပမ်း ရိုက်ကူးပါ၏။ ရုပ်လုံးဖော် ပစ္စည်းများကို လည်း အတတ်နိုင်ဆုံး သုံးသည်။ သို့သော် လုပ် ခွင့်မရ၍ လားတော့ မသိ။ ‘နက်ဖြန်ခါ’ သည် ပြဇာတ် ဆန်နေသည်။ စကားပြော များဖြင့်သာ ပရိသတ်ကို အသိပေးနေသည်။ အရုပ်ဖြင့် အသိ မပေးနိုင်ခဲ့ပါ။

သရုပ်ဆောင် ကိစ္စကို ပြောချင်ပါသေးသည်။ ရွှေမှုန်ရတီ စရိုက်သော ကားတွင်ပင် အောင်မြင် သွားခဲ့ပါ၏။ ကျွန်တော်တို့က လက်ခုပ်တီးပြီး သတင်းဖြန့်ဝေ ပေး ကြ သည်။ ယခု ရွှေမှုန်ရတီ ကမူ ဇာတ်ကောင် စရိုက်မဝင်တော့ပါ။ ယခု ‘နန်းမြတ် ဖြိုးသင်း’ သည် ‘နက်ဖြန်ခါ’ တွင် ဇာတ်ကောင် စရိုက် ဝင်သည်။ သရုပ်ဆောင်ကောင်း သည်။ ဆိုရ သော် သရုပ်ဆောင် တစ်ဦးဖြစ်သွားပြီဟု ပြော၍ ရသည်။ သို့ရာတွင် ရွှေမှုန်ရတီ လို မဖြစ်ရန်တော့ ထိန်းထား၊ ကြိုးပမ်းထားရန် လိုသည်။ ခန့်စည်သူ ကမူ အထူး သရုပ်ဆောင်ပြထားသည်။ ခိုင်သင်း ကြည် အပါအဝင် သရုပ်ဆောင် များ ကောင်းကြပါ သည်။

နိဂုံးပြုဆိုရသော် ‘နက်ဖြန်ခါ’ သည် ယနေ့ ထွက်ရှိနေသော ဗီဒီယို ဇာတ်ကားများထဲတွင် ရှားရှားပါးပါး ဇာတ်ကားလေး တစ်ကား ဖြစ်ပါ သည်။

မောင်အိမ်စံ

ယခုလအညွှန်း

၁။ ပန်းရှိုက်သံ
၂။ သတိထားဖမ်းစားတတ်သည်
၃။ အခါးကြိုက်တဲ့ ပျား
၎။ ပဉ္စမံ

ကတ်သီး ကတ်သတ် ပြောတဲ့ တောက်တီး တောက်တဲ့

$
0
0
“တို့လည်းလျှောက်မယ် ချန်မထားနဲ့ “

တစ်နေ့ သ၌ ပေါ့လေ…။ မောင်တောက် တီးတစ်ယောက် ဘီယာဆိုင် တစ်ဆိုင်မှာ ချိန်းထား တဲ့ သူငယ်ချင်းတွေကို ထိုင်စောင့်နေရင်း သူတို့ မလာနိုင်သေးတာ နဲ့ ဘီယာ တစ်ခွက် အရင်မှာပြီး သောက်မိ သပေါ့။ စောင့် လည်းစောင့်၊ သောက် လည်း သောက်ရင်း ဟိုဟို သည်သည် စဉ်းစား ရင်းက ဘေးနားက ဝိုင်းက ပြောနေကြတဲ့ စကားသံ တချို့ကို ကြားမိတာကြောင့် နားစွင့်မိ လိုက်တယ်။ သူတို့ပြောနေကြတာက ဒီလို ဒီလို။

”အေးကွ ငါတို့လည်းအရေးဆိုသင့်တယ်”

”လုပ်သင့်တာပေါ့ကွာ။ နောက်တောင်ကျနေပြီ ထင်တယ်”

”ဟုတ်တယ်လေကွာ ခိုးဆိုးလုယက် ဆိုတာ ဘယ်သူကမှ ပျော်လို့ လုပ်နေကြတာ မဟုတ်ဘူးဆိုတာ မင်းလည်း သိသား ပဲ။ စားဝတ် နေရေး မပြေလည်တာ အပါအဝင် အကြောင်း ကြောင်းတွေကြောင့် မလုပ်ချင် ပဲလုပ်နေကြရတာ။ ဘယ်သူ က ထောင်နှုတ်ခမ်း လမ်းလျှောက်ချင်ပါ့ မလဲကွာ”

”အဲဒါ ပြောတာပေါ့။ တခြားသူတွေဆို ထောင်ထဲ ဝင်သွားလိုက်၊ အပြင်က လူတွေက ဆန္ဒတွေပြလိုက်၊ ပြီးရင်ပြန် ထွက်လာလိုက်နဲ့ ဟုတ်နေသဟေ့။ ငတို့ကျတော့ ဘယ်သူကမှ သနားရကောင်းမှန်းမသိကြဘူး”

”အေးလေကွာ။ ငါတို့မှာလည်း ပြောစရာတွေ သူတို့ လိုပဲရှိသပေါ့။ ငါဆို အမေက တော်တော်နေ မကောင်းဘူးကွ။ မိန်းမကလည်း တရှောင်ရှောင်နဲ့။ ဒီတော့ကာ မြန်မြန်နဲ့များများ ရဖို့အရေး နှိုက်ရင်နှိုက် မနှိုက် ရင်ခိုးရတော့တာပေါ့။ ဘယ်သူက ဒီလို လုပ်ချင်ပါ့မလဲ။ ဟိုကောင်ငတေ မိသွားလို့ ဝိုင်း အုပ်ကြ တာ ဆေးရုံတောင်အရင်ရောက်သွားသေး မဟုတ်လား”

”အေးလေကွာ” ငါတို့တစ်တွေလည်း သန်သန်မာမာကြီးတွေပါ။ နိုင်ငံတော် တည် ဆောက်ရေးမှာ ဝိုင်းလုပ်နိုင်တာပေါ့။ ငါဆို ဆန် တစ်အိတ် အသာလေး မနိုင်သဗျာ”

”ဒီတော့ ကာ ငတို့လည်းစုပြီး လမ်းလျှောက်ဆန္ဒပြကြမယ်လေ။ မနိပ်လား။ ရဲစခန်းမှာ ခွင့်ပြုချက်သွားတောင်း မယ်”
ဖြစ်ပါ့မလားကွ။ ခွင့်ပြုချက်သွားတောင်းမှ ကွိနေဦးမယ်ကိုယ့်လူ။ သေချာ စဉ်းစားဦး”

”အို ကွာ ကွိသွားတော့လည်း ပိုကောင်းသေးတာပေါ့။ ဆန္ဒဖော် ထုတ်ချင်လို့ ခွင့်ပြုချက်တောင်းတာ မပေးဘဲဖမ်း လိုက်ပါတယ်ဆိုရင် ပိုတောင် မကောင်း ဘူးလားကွာ”

”အေးလေ တချို့ဆိုရင် တရားရုံးက အမိန့်ချပြီးသား၊ ထောင်ချပြီး သားတွေ တောင် ပြန်လွတ်သေးတာပဲ”
”ဟဲ့ အဲဒါ နိုင်ငံ ရေးသမားတွေကွ”
”ဟာ…ဟို စာနယ်ဇင်း သမားတွေလည်း ဒီလိုပါပဲကွာ။ အရေးကြီးတာ လူညီညီ နဲ့ အသံကျယ်ကျယ် ဝိုင်းအော်ကြဖို့ပဲ။ ငါတို့ကလည်း အကြောင်းပြချက်တွေတော့ ခိုင် လုံရမှာပေါ့။ ဟို မုဒိမ်းကောင်တွေ၊ လူသတ် ကောင်တွေ၊ ဘိန်းသမားတွေ၊ ဆေးသမားတွေ ကိုတော့ တို့အုပ်စုထဲ ထည့်လို့ဘယ်ဖြစ်မလဲ”

”အေး ဟုတ်တယ်ကွ။ ငါတို့က လုပ်ချင်လို့ လုပ် နေကြရတာမဟုတ်ဘူး။ဟို ဆရာကြီးတွေ ခဏ ခဏပြောနေကြသလို ဆင်းရဲနွမ်းပါး တာတွေ လျော့ ကျပြီး၊ လူလူသူသူ တူတူတန်တန် အလုပ် ကလေးတစ်ခုလောက် ရ ရင် အေးအေး လူလူ နေချင်တဲ့ကောင်တွေ”

”အေးလေ..အဲလို ကောင်တွေချည်းပဲ စုလိုက်မယ်လေကွာ …မကောင်း ဘူးလား”

”အိုကေကွာ ကောင်းတယ်။ တစ်လက်စတည်း မဆိုးမမိုက် ချင်သော်လည်း ဆိုးမိုက်နေရသူများ သမဂ္ဂဆိုပြီး ဖွဲ့လိုက်ရင် ပိုကောင်းမလားဟေ့”

”အေး..မိုက်တယ်ဟ။ မင်းအကြံမဆိုးဘူး။ ဒါမှ ပိုစည်းလုံးပြီး လူညီမှာ။ နက်ဖြန်စကြမယ်ကွာ”

ထိုစဉ်မှာပဲ မောင်တောက် တီး သူငယ်ချင်းများရောက်လာကြတာကြောင့် ဆက်နားစွင့်လို့ မရတော့ပါခင်ဗျာ။ မိတ်ဆွေ တို့ရော ဘယ်လို သဘော ရကြပါသလဲ။ ကဲ..။ကဲ..။

“ပေါ်ပြူလာနဲ့ စံနမူနာ”

အကယ်ဒမီ ပွဲကြီး နီးလာပြီ ဆိုတုန်း ကလည်း အနုပညာ လောက သားတွေရော အနုပညာရှင် ချစ်တဲ့ ပရိသတ်တွေရော လှုပ်လှုပ် ရွရွ နဲ့ ရင်တွေ ခုန်ကြ၊ မျှော်ကြပေါ့။ (sea game ဖွင့်ပွဲ ကြီးလိုမျိုးပွဲကို ပျော်ရွှင်စွာ အားပေး ထားချိန်နဲ့ သိပ်မကွာချိန် မှာပဲ အကယ်ဒမီပွဲ ကိုတော့ ဘယ်လို ဆန်းသစ် မလဲပေါ့။ တကယ်တော့ ပွဲကြီးခြင်း သေးခြင်းတွေနဲ့ မဆိုင်ဘဲ ဖန်တီးမှု စိတ်ကူးအား တွေက အဓိကဖြစ်လို့ လာနေပါပြီ။) ပွဲနီးလာတာ နဲ့အမျှ လောက သားတို့ရဲ့ ဖိတ်စာကိစ္စ၊ ဆုရွေး ချယ် ရေး ကိစ္စ အသံတွေ လည်း ညံ့လို့ ရိုးရာမပျက် အသံထွက်ပေါ့။

အကယ်ဒမီ ကြီးပြီးပါပြီ ဆိုတော့ လည်း ပိုလို့တောင် မြိုင်လာသေး၊ မျှမျှတတ ဝေဖန်သူတွေ ရှိသလို၊ ငါသာ အမှန်ဆိုတဲ့ အတွေး များနဲ့ တစ်ဖက်သက် စကားလုံးတွေကို အပြန်အလှန် Status တင်နေကြ တာကြည့် ရင်း ပရိသတ်တောင် မျက်စိ လည် လာ တယ်။ သေးသေး တင်တောင် အတင်မခံချင်တဲ့ အနုပညာရှင်တွေ ဟာ လူတွေ ကြားမှာ ပေါ်ပြူ လာဖြစ်ပေ မယ့် ပရိသတ်ရဲ့ စံနမူ နာ ဖြစ်ဖို့ လမ်းမမြင်ပါဘူး။ အရင်တုန်း က အနု ပညာရှင်တွေရဲ့ အတွင်း စိတ်ကို သိဖို့မလွယ် ပေ မယ့် ခုတော့ ဖေ့ဘုတ် က ကျေးဇူးပြုလို့ အရှိ အတိုင်း နီးပါး သိခွင့် ရနေကြပြီ။ ပုထုဇဉ်တွေ ဖြစ် လို့ အမှားမကင်းတာကို လက်ခံ ပါတယ်။ ဒါပေမဲ့ အများ နဲ့ဆိုင်တဲ့ FB ကနေ ဆက် ဆံပြောဆိုတဲ့အခါ ရင့်ကျက်ပြတတ်ဖို့ ပရိသတ်ကမျှော်လင့်ပါ တယ်။

You Tube မှာ တင်ထားတဲ့ နှစ်အလိုက် အော်စကာ ဆုပေးပွဲတွေကိုလည်း ကြည့်ရင်းကိုယ့် အခြေအနေနဲ့ ဘယ်ဟာတွေက လိုက်ဖက်မလဲ ဆိုတာ လောကသား အားလုံး က ဝိုင်းအကြံပြု၊ ဝိုင်းလုပ်ရင်း အချင်းချင်း ဆဲဆိုသံတွေပရိသတ် လည်း ကြားစရာမလိုတော့ဘူးပေါ့။

“ပရိုမိုးရှင်း”ရုပ်ရှင် တစ်ကား တင်ခါနီးရင် လူကြည့်များ အောင်၊ လူသိ များအောင် ဘယ်လို လုပ်ရမလဲဆို တာ စဉ်းစားတဲ့ အခါ ရှေးတုန်း ကလို ရိုးရိုးကြီး နည်း တွေ မသုံးတော့ဘဲ ဆန်းလာ သဗျ၊ လူမှု ကွန်ရက် ပေါ် ကနေ ကြော်ငြာ မှန်းမ သိသာတဲ့ ထွင်လုံးတွေနဲ့ ပစ်ကြတော့သကိုး။ ရုံတင်ခါနီး ဇာတ်ကားပါ သရုပ်ဆောင်တွေ ရန်ဖြစ်ပြရင် သတင်း သမားတွေ ကလည်း သတင်း လိုက် ရတာ အမော။ရုပ်ရှင်တင်လား ဆိုတော့ MTV စီးရီးတွေ ပါ ပါသေးပေါ့။ အဆိုတော်လေး တစ်ယောက် သူ့အခွေ ထွက်ခါနီးမှာ အခွေ ရဲ့MTV ထဲပါတဲ့ ပြကွက်ကို သူ့ သူငယ်ချင်း တစ်ယောက် က ကောလာ ဟလ ထုတ်ပါလေရောလား။ Night Club မှာ လူသတ်မိလို့ ရဲလာ ဖမ်းတဲ့ပုံရယ်၊ အသတ် ခံရတဲ့ ကောင်လေး တစ်ယောက် သွေးအိုင် ထဲ လဲနေ ပုံရယ်ကို အကွက် ကျကျ တင်လိုက်တာ ဘာပြော ကောင်းမလဲ သတင်းထောက်တွေ လည်း အလုပ်ရ ပြီး ရဲစခန်း လိုက်တဲ့သူနဲ့ ကာယ ကံရှင်ဆီ လိုက်တဲ့ သူနဲ့ ပရိုမိုးရှင်း ကိုဖြစ်လို့ ဟန်ပါ့…

တောက်တီး တို့လည်း နာမည်က ကြီးပဲ မကြီး နိုင်လွန်းလို့ အဲသလို နည်းတွေ သုံးပြီး ကိုယ့်ကိုယ် ကိုယ် နာမည် မြှင့် တင်ရေးလေးတွေ လုပ်ဦး မလို့။ အကြံစည် သစ်လေးတွေ မစကြပါဗျို့။

ဆဲကြမယ်ဟေ့ ကောင်းကောင်း
”တော်တော်ညံ့တဲ့ကောင်တွေပဲ…ဒါလေး တောင်နိုင်အောင်မကန်နိုင်ကြဘူး”
”!@$%”
“%&*”:#@”
“*&^%$#µ@@@@#$%…. µ@#&&^”
”တောက်… ခံပေါ့ကွာ…ခံပေါ့ကွာ။ နည်း တောင်နည်းသေးတယ်။ဆဲကွာ…”
”တောက် ..ငါတို့ ကွင်းထဲလာမကြည့်ဖြစ် တာ မင်းတို့ကံကောင်းသွားတယ်မှတ် !ဏ္ဍဋ$% ”
“µ@#$%”
“%&*”:#@”
“*&^%$#µ@@@@#$%…”
သို့နှင့်ပင် မောင်တောက်တီးတို့ သူငယ်ချင်း တစ်စု အဆဲပွဲကြီး ဝှဲချီး ကျင်းပကြလေ တော့ ၏။ ကိုယ်တိုင် ဝင်ကန်ရင် ဘောလုံးတောင်ခြေ နဲ့ထိမှာ မဟုတ်ပေမယ့် သူများ ကန်တာကို ဆဲရတာကတော့ အင်မတန် အရသာရှိလှ၏။ ယစ်ရွှေရည် ကလေးလဲ အတော်ထွေနေ ဆိုတော့ ဆဲလို့ကောင်း လိုက်တာ များ ပြောမယုံ ကြုံဖူးမှ ပင်သိပေ လိမ့်မည်။ သူငယ် ချင်းလေးယောက် ဆဲနည်းမျိုးစုံဖြင့် တစ်ယောက် တစ်လှည့် အော်ဆဲနေကြတာ ဘယ်လောက် တောင် ကြာသွားလဲမသိ။ ဝရံတာ မှ ပြန့်လွင့် ဝင် လာသော အသံအချို့ကြားမှပင် ဆဲနေတာ ခဏရပ်ပြီး ထွက်ကြည့်မိတော့သည်။ အလိုလေး အောက်မှာ လူတွေမနည်းပါလား…။
”ဟေ့ကောင်တွေ ဒီမှာလဲ ရှုံးလို့ စိတ်တိုနေ တာ။ မင်းတို့က မကြားဝံ့ မနာသာတွေ အော်ဆဲ မနေကြနဲ့”ဟု တစ်ယောက်က အောက်မှလှမ်း အော်နေသည်။
”ဘေးအိမ်က နားမခံနိုင်တော့ဘူးရှင့်။ ဒီမှာ သမီးပျိုလေးတွေနဲ့။ ကယ်ကြပါဦး အရပ်ကတို့ ရေ”ဟု အောက်ထပ် အခန်းမှ မိန်းမကြီးတစ် ယောက်က လမ်းပေါ်မှ လူတွေကို အော်ပြောနေ သည်။
လမ်းပေါ်ဝယ် ရုတ်စု ရုတ်စုဖြစ်နေသော လူ အုပ်ထဲမှ လူငယ်တစ်ယောက်က ခဲတစ်လုံး ကောက်ပြီး မောင်တောက်တီး တို့ကို လှမ်းပစ် သည်။ တော်ပါသေးရဲ့ အထပ် က ခြောက်လွှာ ဆိုတော့ ခဲကအပေါ်သို့မရောက်လာ။ မောင် တောက်တီးတို့ကလည်း ဘယ်ငြိမ်ခံနေပါ့မလဲ။
”ဟေ့.. ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ် တာ မဟုတ်ဘူးကွ။ ကိုယ့်အိမ်ထဲမှာ ကိုယ်ဆဲတာ ဆဲမှာပဲ။ အလကား ဆဲနေတာ မဟုတ်ဘူး။ ဒီကောင်တွေ ညံ့လွန်းလို့ ဆဲနေတာကွ”ဟု မောင် တောက်တီး သူငယ်ချင်း တစ်ယောက်က ပြန်ပြော သည်။
”ဟေ့ကောင်တွေ သတ္တိရှိရင် အောက်ဆင်း လာခဲ့ကွ။ အောက်မှာလာဆဲ..လာ”။ အပေါ် ကနေ ဆဲမနေနဲ့”
”တစ်ကယ်မိုက်တယ် ဆိုရင် အခန်းသော့ချ ပေးလိုက်လေ။ လုပ်စမ်းပါ” အစရှိသဖြင့် အောက်က လူတွေကလည်းပြန်အော်နေကြ၏။
အော်သူ ဟစ်သူ နံဘေးမှ ရပ်ကြည့်နေသူ။ ဘာကြောင့် လူတွေစုနေကြတာလဲဟု ထပ်မံစပ်စု သူတို့ တစ်ဖြည်းဖြည်း များလာလေသော် လမ်းထဲတွင် လူအုပ် ကြီးပြည့်လုခမန်းဖြစ်လာသည်။
မောင်တောက်တီး တို့ကလည်း ဝရန်တာ မှာပင်ရပ်ရင်း ဆက်ဆဲနေကြပြန်၏။ တီဗီကို လှမ်းကြည့်ရင်း ဆဲလိုက်၊ အောက်က အော်သမျှကို ပြန်ပြောလိုက်၊ အရက် ကလေး မော့လိုက်နှင့် အတော် ဟုတ်နေကြပါသည်။ ဟုတ် သည်လေ။ ကိုယ့် အိမ်ထဲမှာ ကိုယ့်ဘာသာ ကိုယ် ဆဲနေတာပဲ။ သူတို့ကို ဆဲတာ မှမဟုတ်တာ။ ဆက် ဆဲ ကွာ…ဟု တစ်ယောက်ကမြှောက်ပေးပြန်၏။
ဆဲရှိန်မြင့် လာသည်နှင့် အမျှ အောက်လူအုပ် ထဲတွင် ရဲတစ်ယောက်စ နှစ်ယောက်စ ကိုပါတွေ့ လာရ၏။ သူတို့ကို လူအချို့က မောင်တောက်တီး တို့ ကို လက်ညှိုးညွှ န်ညွှန်ပြရင်း တိုင်တန်းနေပုံရ၏။ သူတို့လဲ ဘာမှမတတ်နိုင်။ အောက်က လူအုပ်ကြီး ကိုသာ လူစုခွဲကြရန် တောင်းပန်နေကြပုံရ၏။
တစ်ဖြည်းဖြည်းနှင့် အောက်က လူစုလဲကွဲ သွားတော့သည်။ မောင်တောက်တီး တို့တတွေလဲ လည်ချောင်းတွေနာကာ မဆဲနိုင်ကြတော့။ မူးမူးမောမောနှင့်ခြေပစ် လက်ပစ် အိပ်ပျော်သွားကြသည်။
ဒါတောင် ညဖက် တစ်ရေးနိုးလို့ facebook ဝင်ကြည့်မိတော့ အသင်းနည်းပြက ဘောပွဲ စည်းမျဉ်းတွေကို သူမသိပါတဲ့ဗျား….။
”တောက်” တော်တော်သောက် သုံးမကျတဲ့ နည်းပြ…µ@#$%#@µ$% …… µ@#$%” သို့သော်မောင်တောက်တီး ပါးစပ်မှ ဘာသံမှ ထွက်မလာပါ။ ညနေက မီးကုန် ယမ်းကုန်ဆဲထား သဖြင့် အသံဝင်နေပြီတည်း။
(ဆီးဂိမ်းကာလ အတော အတွင်းက ရန်ကုန် မြို့တစ်နေရာတွင် တစ်ကယ်ဖြစ်ပွား ခဲ့သော အဖြစ်ကလေးတစ်ခုပါ)


ဘဝက ရုပ်မြင်သံကြားကြော်ငြာတစ်ခု မဟုတ်ဘူး

$
0
0

”ဘဝဆိုတာ ရုပ်မြင်သံကြားကြော်ငြာမဟုတ်ဘူးတဲ့” အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေတဲ့ခန်းမတစ်ခုထဲလွင့်ပျံ့ကျလာတဲ့အသံတစ်ခု …။ အားလုံးပဲ စီးမျော သွားကြ သည်။ အသံရဲ့နောက်မှာတော့ အတွေး…။ဒီဇင်ဘာ ၁၆ ရက် တနင်္လာနေ့က ဖြစ်သည်။ ထရိတ်ဒါးဟိုတယ်ခန်းမတစ်ခုထဲမှာ ဖြစ်သည်။ ပင်လယ် ထုတ် လုပ်ရေး က အနုပညာ အစီအစဉ် များစွာ သတင်းမီဒီယာများနှင့် မိတ်ဆက်ပွဲအခမ်းအနားမှာ ဖြစ်သည်။

ပင်လယ်ထုတ်လုပ်ရေးက ၂ဝ၁ဝ မေလမှာ စတင်ပြီး ဖွဲ့စည်းခဲ့သည်။ ပထမဆုံးလှုပ်ရှားမှုက Walk of Fame  (အောင်မြင်မှုလမ်းမများ) ဆိုတဲ့ Music Program  ကို စီစဉ် ထုတ်လုပ်ခဲ့သည့် ဒါရိုက်တာ ရဲမြင့်သူ၊ Chief Executive Producer ကိုဇာနည်လွင်၊ Executive Producer Director  ဏကြီး၊ Music Producer  မိုနိုလေး၊ Sound Engineer နေဝင်းထွန်း၊ Production Manager မေစန္ဒီတင်ဦး၊ Editor  နိုင်ဦးတို့နှင့် ဖွဲ့စည်းထားကြတာ ဖြစ်သည်။

၂ဝ၁ဝ မတ်လမှာ Wanted Band နဲ့ စာချုပ်ချုပ်ပြီး ‘ငါ့ဂီတ၊ ငါ့ဗီဇ’ အယ်လ်ဘမ်ကို စီစဉ်ထုတ်လုပ်သည်။ ၂ဝ၁၂ မှာ Song Chat  (သီချင်းဝိုင်း) ဆိုတဲ့ Music Program ကို ပြောင်းလဲထုတ်လုပ်ခဲ့သည်။ ဒါရိုက်တာက ဏကြီး ဖြစ်သည်။ ၂ဝ၁၃ ဖေဖော်ဝါရီလမှာ Stupid Cupid Album ကို Audio နှင့် MTV Package ပုံစံနဲ့ ထုတ်လုပ်ခဲ့ သည်။ အဲဒီနေ့က ကျွန်မတို့ မြည်းစမ်းကြည့်ခွင့်ရခဲ့တာက ရဲတိုက်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားသုံးကားဖြစ်သည်။

”ဘယ်ကလာလဲ၊ဘာလုပ်နေလဲ၊ ဘယ်လို သွားမှာလဲ” ရဲတိုက်၊ ဂျေမီ၊ ဖွေးဖွေး၊ မေသန်းနု ဒါရိုက်တာ ဏကြီး၊ ဇာတ်လမ်း ဇာတ်ညွှန်းအောင်ပြည့်စုံ၊ ဏကြီး ၂ဝ ရက် ဒီဇင်ဘာမှာ စတင်ပြသခဲ့။’သနပ်ခါး’ ရဲတိုက်၊ နေအောင်၊ ဝတ်မှုန်ရွှေရည်၊ မေကဗျာ၊ ဇာတ်လမ်း အောင်လင်း၊ ဇာတ်ညွှန်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၂ဝ၁၄ ဇန်နဝါရီ မှာ ပြသမည်။ ‘ဘိုမ’ ရဲတိုက်၊ ဖွေးဖွေး၊ အေးမြဖြူ၊ ဇာတ်လမ်း ဇာတ်ညွှန်းဒါရိုက်တာ ဏကြီး ၂ဝ၁၄ မတ်လခန့်တွင် ထွက်ရှိမည်။

ထူးခြားတဲ့ ရိုက်ချက်၊ သရုပ်ဆောင်မှုနဲ့ အသံစနစ်တွေထဲ ကျွန်မတို့ ခံစားမျောပါခဲ့ကြသည်။ ပင်လယ်ထုတ်လုပ်ရေးက တစ်နှစ်ကို ရုပ်ရှင်တစ်ကားသာ ရိုက်ကူးထုတ်လုပ် မည်ဟု ဆိုသည်။ ခေါင်းညိတ်ရမိသည်။ မြန်မာရုပ်ရှင် ဇာတ်ကားများကို ကျွန်မတို့ ပြည်သူတွေ စိတ်ပျက်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ မြန်မာရုပ်ရှင်ဗီဒီယို အစားထိုး ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ၏ လွှမ်းမိုးဆွဲဆောင်ခြင်းကို ခံနေကြရသည်မှာ ကြာပြီဖြစ်သည်။ ယဉ်ကျေးမှုကူးခပ်လွှမ်းမိုးခြင်းခံနေခဲ့ရတာ ကြာပြီဖြစ်သည်။

မြန်မာလူငယ်များအကြား ကိုရီးယား ယဉ်ကျေးမှုက ခေတ်စားနေတာ ကြာပြီဖြစ်သည်။ ဒီထက်ဆက်ကြာလျှင် မြန်မာ့ယဉ်ကျေးမှု၊ နေထိုင်မှုဓလေ့စရိုက်များ လူငယ်တွေ  သိနိုင်မည် ပင်မထင်။ အစားအသောက်၊ ဖက်ရှင်၊ ဓလေ့ စရိုက်အရာအားလုံး ကိုရီးယားယဉ်ကျေးမှုသာ လွှမ်းမိုးလို့နေသည်။ ဒါတွေအားလုံးက ရုပ်ရှင်ကလာ သည်။ မြန် မာ့ရုပ်ရှင်ကို မြန်မာတွေ မကြည့်တော့ခြင်းက လာသည်။ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေကို လူငယ်တွေ မကြည့်တော့ခြင်းက လာသည်။ အဲဒီအတွက် ပင်လယ်ကို ကျွန်မတို့ ကြိုဆို ရပါမည်။ မြန်မာရုပ်ရှင်ကို မြန်မာလူငယ် တွေ ကြည့်ချင်အောင် ဆွဲဆောင်ထားသောကြောင့် ဖြစ်သည်။ ပင်လယ်ကဲ့သို့ ထုတ်လုပ်ရေးများ ကျွန်မတို့ တိုင်းပြည်တွင် များများလိုအပ်လျက် ရှိပါသည်။

ပင်လယ်က Target  အနေဖြင့် Pin Lel ရုပ်သံ studio တစ်ခုဖွင့်ဖို့ရှိသည်ဟု ဆိုပါသည်။ Pin Lel Production ရဲ့ ရုပ်ရှင်ကားအသစ်တွေ ရိုက်ဖို့ရှိသည်ဟု ဆိုပါသည်။ အခြားထုတ်လုပ်ရေးများနှင့် ပူးပေါင်းပြီး ရုပ်ရှင် ၄ ကား ထုတ်လုပ်သွားမည်ဟု ဆိုသည်။ ရဲတိုက်က သူ့ဇာတ်ဝင်ခန်းမှာ ဘဝဆိုတာ ရုပ်မြင်သံကြား ကြော်ငြာတစ်ခု မ ဟုတ်ဘူးဟု ဆိုခဲ့သည်။ အဲဒီဇာတ်ဝင်စကားက ကျွန်မတို့ ရင်ကို ထိစေခဲ့၊ ငြိစေခဲ့သည်။ ဘဝသည် ဘဝသာ ဖြစ်သည်။ ဘဝကို ကျွန်မတို့ ဘယ်လိုဖြတ်သန်းမလဲဆိုတာ ‘ဘယ်ကလာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကိုသွားမလဲ’ ဆိုသည့် ရုပ်ရှင်ဇာတ်ကားရဲ့ အမည်နာမက ရည်ညွှန်းပြီး ဖြစ်သည်။

ရဲတိုက်၏ ပုံရိပ်များကို အဲဒီနေ့က ကျွန်မတို့ လွမ်းဆွတ်စွာ တွေ့မြင်ရသည်။ ဘဝဟာ ရုပ်မြင်သံကြားကြော်ငြာတစ်ခုထက် ပိုမိုကြောင်း ရဲတိုက်က ကျွန်မတို့ကို အသိပေးခဲ့ သည်။ သတိပေးခဲ့သည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရဲတိုက်ကိုသတိရမိကြောင်း ကျေးဇူးစကားရဲ့အစမှာ အမှတ်တရ ပြောသည်။ သူ့အသံမှာ တစ်စုံတစ်ခု ထိ ခိုက်မှု ရှိနေသည်ဟု ကျွန်မတို့အားလုံး ခံစားခဲ့ကြရသည်။

ဆေးခြောက်တစ်ကျပ်သား အမှုကိစ္စဖြင့် ဟိုးအဝေးတစ်နေရာမှာ ဘာမှလုပ်လို့ မရသည့် အလုပ်တစ်နေရာတွင် သူရောက်ရှိနေခဲ့သည်ဟု မင်းထင်ကိုကိုကြီးက အမှတ် တရဆိုပါသည်။ ကျွန်မတို့အားလုံးပဲ ထိခိုက်ခံစားကြရပါသည်။ ရဲတိုက်က ပြည်သူကို အနုပညာဖြင့် အသေအချာ အကျိုးပြုခဲ့သော အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ သူ့ရဲ့ အနုပညာနှလုံးသားအတွက် ကျွန်မတို့ ဂုဏ်ပြုဦးညွတ်ရပါသည်။ ခေတ်၊ စနစ်နှင့်သူဖြတ်သန်းရသောလမ်းထဲ ရဲတိုက် ပြန်လည်လူးလွန့်နိုးကြားလာလိမ့်ဦးမည်ဟု ကျွန်မ တို့ ယုံကြည်မိရပါသည်။ ကျွန်မတို့ လူ့အဖွဲ့အစည်းက ရဲတိုက်၏ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ကြရပါသည်။ ရဲတိုက်က ရှိမနေပါ။ တစ်ချိန်တွင် သူ ပြန်လာ လိမ့်ဦး မည် ဖြစ်သည်။

ဘဝက ရုပ်မြင်သံကြားကြော်ငြာတစ်ခုမဟုတ်ခဲ့သလို ရုပ်ရှင်တစ်ကားထက် ပိုကြောင်း ဆရာသုခမိန်လှိုင်က ထိုနေ့က ပြောခဲ့သည်။ ဘဝက ရုပ်ရှင်တစ်ကားထက် ပိုပါ သည်။ ထို့ကြောင့် ကျွန်မတို့ ရုပ်ရှင်ကြည့်ကြရပါမည်။ ကောင်းမွန်သော အနုပညာဖြင့် ထုံမွမ်းသော ရုပ်ရှင်ဇာတ်ကားများက ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် ဘဝ လမ်းတွေအကြောင်း တစ်စုံတစ်ရာ ညွှန်ကြားပြသနိုင်မည်ဟု ယုံကြည်ရင်းပဲ ဖြစ်ပါ သည်။

အေးမွန်

သဘာဝဓာတ်ငွေ့

$
0
0

ကာဗွန်နှင့် ဟိုက်ဒရိုဂျင် တို့ဖြင့် ဖွဲ့စည်းထား သော သဘာဝ ဓာတ်ငွေ့သည် ကျောက်မီးသွေးနှင့် ရေနံ တို့ကဲ့သို့ ရုပ်ကြွင်းလောင်စာ တစ်မျိုး ဖြစ် သည်။

သဘာဝ ဓာတ်ငွေ့သည် မြေအောက်တွင် နည်းလမ်း နှစ်မျိုးဖြင့် ဖြစ်ပေါ် တည်ရှိသည်။ သစ်ဆွေးမြေ၊ ဖို့မြေ၊ အနည် စသည် တို့ကို မြေအောက်ရှိ မိုက်ခရုပ် ပိုးကောင် ငယ်များက ချေဖျက် ဓာတ်ပြုရာမှ ထွက်ပေါ်သော သဘာဝ ဓာတ်ငွေ့များသည် အပေါ်ယံမြေလွှာ များတွင် တည်ရှိသည်။ မြေအောက်ရှိ ပြင်းထန်သော ဖိအားနှင့် အပူ တို့ကြောင့် အပင်နှင့် သတ္တဝါတို့၏ ရုပ်ကြွင်းအော်ဂဲနစ် ဓာတ်ပေါင်း များမှ အသွင် ပြောင်းလာသော သဘာဝ ဓာတ်ငွေ့သိုက် များ ကို မြေအောက် အနက်ပိုင်း တွင် တွေ့နိုင် ကြသည်။ အပေါ်ယံမြေလွှာ သဘာဝ ဓာတ်ငွေ့များသည် အနက်ပိုင်းရှိ ဓာတ်ငွေ့ပမာဏလောက် မများ ပေ။

၂ဝ၁၁ ခုနှစ် အကုန် တွေ့ရှိချက်အရ ကမ္ဘာ တွင် ထုတ်ယူနိုင်သော သဘာဝ ဓာတ်ငွေ့ပမာဏ ၆၇ဝဝ ထရီလျံ ကုဗမီတာ ရှိသည်။ ဒေသ အလိုက် ဆိုလျှင် အရှေ့ အလယ်ပိုင်း တွင် အများဆုံးရှိပြီး ရုရှား၊ အမေရိကန် တို့တွင်လည်း အများအပြား တွေ့ရသည်။ သဘာဝ ဓာတ်ငွေ့ သုံးစွဲမှုတွင် အမေရိကန် အများဆုံး ဖြစ်သည်။

မြေလွှာ ထဲတွင် သဘာဝ ဓာတ်ငွေ့ ရှိ၊ မရှိကို မြေပေါ်မှ တုန်ခါမှု ဖန်တီးကာ အသံလှိုင်းများ ပို့လွှတ်၍ မြေပေါ် ပြန်တက်လာသော အသံလှိုင်း များကို လေ့လာခြင်းဖြင့် သိနိုင်သည်။ ရုပ်ကြွင်း များမှ ဖြစ်ပေါ် လာခြင်းတွင် သဘာဝဓာတ်ငွေ့ သည် ရေနံနှင့် တူသော် လည်း အပူချိန် မပြင်းလှ သည့် အပေါ်မြေလွှာ များတွင် ရေနံဖြစ်ပေါ်၍ ထို့ထက် ပိုနက်ကာ အပူချိန် ပိုပြင်းသည့် အောက် မြေလွှာများတွင် သဘာဝ ဓာတ်ငွေ့ဖြစ်ပေါ်သည်။ ထို့ကြောင့် သဘာဝ ဓာတ်ငွေ့တွင်း များသည် ရေနံတွင်း များထက် ပို နက်ကြသည်။

သမားရိုးကျ တူးဖော်နည်းများ အပြင် နောက်ဆုံးပေါ် ‘ဟိုက်ဒရောလစ် ခွဲချေနည်း’ ကြောင့် သဘာ ဝဓာတ်ငွေ့နှင့် ရေနံများ ရရှိမှု သည် သိသာစွာ တိုးတက်လျက် ရှိသည်။ သာမန် နည်းဖြင့် စီးပွားရေး တွက်ခြေကိုက်အောင် ထုတ်၍ မရသော သဘာဝဓာတ်ငွေ့ အများအပြား တည်ရှိသည့် နေရာများတွင် တွင်းကို ပုံမှန် အတိုင်း ဒေါင် လိုက်မတ်မတ် တူးချပြီးနောက် သဘာဝ ဓာတ်ငွေ့ တည်ရှိရာ ယှေလကျောက်လွှာ သို့ ရောက်လျှင် ရေပြင်ညီ အတိုင်း ဆက်တူးသည်။ ထို့နောက် ဓာတ်ငွေ့ ခိုအောင်း သည့် နေရာများ ကြားသို့ ရေ၊ သဲနှင့် ဓာတုဆေးရည် များကို အရှိန်ပြင်းပြင်း မှုတ်သွင်းကာ ကျောက်များကို ခွဲချေခြင်းဖြင့် သဘာဝ ဓာတ်ငွေ့နှင့် ရေနံများကို ထုတ်ယူခြင်း ကို ‘ဟိုက်ဒရောလစ် ခွဲချေနည်း’ ဟု ခေါ်သည်။ အမေရိကန်ရှိ သဘာဝ ဓာတ်ငွေ့တွင်း များ၏ ၉ဝ ရာခိုင်နှုန်း တွင် ယင်းနည်းပညာကို သုံးနေသည်။

တွင်းထဲမှ ထွက်လာသော သဘာဝ ဓာတ်ငွေ့ များတွင် ဟိုက်ဒရို ကာဗွန်အရည်များနှင့် အခြား ဓာတ်ငွေ့များ ပါနေသဖြင့် ယင်းကို သဘာဝ ဓာတ်ငွေ့အစိုဟု ခေါ်သည်။ ဓာတ်ငွေ့ အစိုထဲ တွင် မီသိန်းက အဓိက ပါဝင်ပြီး အီသိန်း၊ ပရိုပိန်း၊ ဘူတိန်းနှင့် ပင်တိန်း တို့အပြင် ရေနှင့် သဲလုံးများ လည်း ပါဝင်သည်။ ယင်း ဓာတ်ငွေ့ အရောရှိ ရေ၊ သဲနှင့်၊ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် စသည့် အခြား မလိုအပ်သော ဓာတ်များကို ဖယ်ရှားသော အခါ သဘာဝ ဓာတ်ငွေ့ အခြောက်ကို ရပြီး ဈေးကွက် သို့ တင်ပို့သည်။ သဘာဝ ဓာတ်ငွေ့အခြောက်တွင် မီသိန်း ရာခိုင်နှုန်းပြည့် နီးပါး ပါဝင်သည်။ ဖယ်ရှား လိုက်သော ပရိုပိန်း၊ ဘူတိန်း စသည်တို့ ကို သီးသန့် ဈေးကွက်တွင် ရောင်းချသည်။

သန့်စင်ပြီးသော သဘာဝ ဓာတ်ငွေ့ကို အသုံးလိုနေရာ များသို့ ပိုက်လိုင်းများဖြင့် ပို့ပေး သည်။ ဓာတ်ငွေ့ပိုက်လိုင်း မရှိသော နေရာများ သို့မူ ယင်းကို အနုတ် ၂၆ဝ ဒီဂရီဖာရင် ဟိုက် အထိ အအေးပေးပြီး သဘာဝ ဓာတ်ငွေ့အရည် အဖြစ် ပြောင်းကာ ဘူးများတွင် ထည့်၍ ပို့ဆောင် ကြသည်။ ဓာတ်ငွေ့ အရည်သည် မူလ ဓာတ်ငွေ့ ထက် ထုထည် အပုံ ၆ဝဝ ပုံလျှင် ၁ ပုံသာ ကျန်တော့ သဖြင့် သယ်ယူရာတွင် များစွာ အဆင် ပြေသည်။

ပကတိသန့်စင်သော အခြေအနေတွင် သဘာဝ ဓာတ်ငွေ့သည် အရောင်အဆင်း အနံ့ မရှိသော်လည်း ဓာတ်ငွေ့အိုး များမှ ထွက်လာ သော သဘာဝ ဓာတ်ငွေ့ သည် ကြက်ဥပုပ် အနံ့ ထွက်နေခြင်းမှာ ဓာတ်ငွေ့ ယိုစိမ့်လျှင် အလွယ် တကူသိနိုင်အောင် ထည့်ပေး လိုက်သော မာကက် (ပ)တန်ခေါ် ဓာတ်ငွေ့ကြောင့် ဖြစ် သည်။

တရုတ်တို့က သဘာဝ ဓာတ်ငွေ့ဖြင့် ရေကို အပူပေးရန် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ခန့် ကတည်းက စတင် အသုံးချခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ ခန့်က အနောက် တိုင်းနိုင်ငံ များ၌ လမ်းမီးတိုင်များ ထွန်းညှိရန် သုံးခဲ့သည်။ ယခုအခါ သဘာဝ ဓာတ်ငွေ့ကို အအေးပိုင်း အရပ် များ၌ အဆောက်အအုံ များကို အပူပေးရန်၊ ဟင်းချက်ရန်၊ လျှပ်စစ် ထုတ် တာဘိုင်များနှင့် ကား အပါအဝင် အခြား စက်ကိရိယာများကို လည်ပတ်စေရန် စသဖြင့် အမျိုးမျိုး အသုံးချနေ ကြသည်။

သဘာဝဓာတ်ငွေ့ကို လောင်မြိုက်လျှင် အောက်ဆီဂျင်နှင့် ပေါင်းပြီး ကာဗွန်ဒိုင်အောက် ဆိုက်၊ ရေနှင့် စွမ်းအင်များ ထွက်ပေါ်သည်။ အတိအကျ ဆိုရလျှင် သဘာဝ ဓာတ်ငွေ့ သို့မဟုတ် မီသိန်းမော်လီကျူး တစ်လုံးသည် အောက်ဆီဂျင် အတမ်နှစ်လုံးနှင့် ပေါင်းစပ် ဓာတ်ပြုသောအခါ ကာဗွန်ဒိုင်အောက်ဆိုက် မော်လီကျူး တစ်လုံး ၊ ရေမော်လီကျူး နှစ်လုံးနှင့် စွမ်းအင် ၈၉၁ ကီလိုဂျူးလ် ထွက်ပေါ်သည်။ မီသိန်းလောင်ကျွမ်း သောအခါ ကာဗွန်ဒိုင်အောက်ဆိုက် သာ ထွက်ပြီး အခြားရုပ် ကြွင်းလောင် စာများ ဖြစ်ကြသော ကာဗွန်ဒိုင်အောက်ဆိုက် အပြင် အခြား မလိုလား အပ်သော ဓာတ်များ ပါထွက်သည်။ သယ်ယူ ပို့ဆောင်ရေး ယာဉ် များတွင် သဘာဝ ဓာတ်ငွေ့ ကို သုံးလျှင် ဓာတ်ဆီ၊ ဒီဇယ်ဆီ တို့ကို သုံးသည်ထက် ကာဗွန်မိုနောက်ဆိုက် ၉ဝ ရာခိုင်နှုန်း၊ ကာဗွန် ဒိုင်အောက်ဆိုက် ၂၅ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် အောက်ဆိုက် ၃၅ ရာခိုင်နှုန်း လျော့နည်း၍ ထွက်ရှိသည်။ ထို့ကြောင့် သဘာဝ ဓာတ်ငွေ့သည် ရုပ်ကြွင်းလောင်စာ များထဲတွင် ‘အသန့်ရှင်းဆုံး’ ဖြစ်သည်။ သဘာဝ ဓာတ်ငွေ့ သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် များစွာ သင့်တော်သော လောင်စာ အဖြစ် ထင်ရှားခဲ့သည်။

သို့သော် နောက်ပိုင်း ခေတ်စားလာသော ဟိုက်ဒရောလစ် ခွဲချေနည်းဖြင့် ယှေလကျောက်မှ သဘာဝ ဓာတ်ငွေ့ ထုတ်ယူခြင်းသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အများ အပြားရှိသည်။ ယင်းနည်းပညာဖြင့် ဓာတ်ငွေ့ ထုတ်ယူလျှင် ရေ အမြောက်အမြား သုံးရသဖြင့် ရေသယံဇာတ နည်းပါးသော နေရာများတွင် သောက်သုံးရေ ရှားပါးမှု ကို ပိုမိုဆိုးရွားစေနိုင်သည်။ ကျောက်များ ကို ခွဲချေရာတွင် နည်းစနစ် မှားယွင်းပါက သုံးသော ဓာတုပစ္စည်း များသည် တွင်းထဲမှ ပြန်အံထွက် လာခြင်း၊ ပတ်ဝန်းကျင် မြေထုနှင့် ရေထုကို အဆိပ် သင့်စေနိုင်သည်။ တူးဖော်ပြီး တွင်းထဲမှ စွန့်ပစ်ရေများကို မြစ်ချောင်း များထဲ ပြန်မထည့်မီ သို့မဟုတ် အခြားနေရာ များ တွင် ပြန်မသုံးမီ သန့်စင်ရသည့် စရိတ်စက ကြီးမား ခြင်း၊ သန့်စင်ရ ခက်ခဲခြင်း စသည့် ပြဿနာများ လည်း ရှိသည်။ အချို့နေရာ များတွင် စွန့်ပစ်ရေ ကို တွင်းဟောင်း များထဲသို့ ပြန်မှုတ်သွင်းကြရာ မြေလွှာ မတည်ငြိမ်သော နေရာများ၌ ငလျင်ငယ် များ လှုပ်ခတ်နိုင်သည့် အန္တရာယ်ရှိသည်။

ကျော်ဦး

မန္တလေးအတွေး၊ မန္တလေးအရေး

$
0
0

အထူး မမေ့စရာ၊ တရုတ်ကျေးဇူး ပါ။

”အလို … ရွှေမျက်နှာ တော်ညိုပြီး ဘာတွေများ အလိုမကျ ဖြစ်နေရတာတုံး။ နန်းမတော်ကြီးရဲ့၊ မောင်တော် ဘုရားကို လျှောက်တင် စမ်းပါဦးဗျ”

တစ်နေ့သော ညနေခင်းပေါ့။ ကိုထွန်း တစ်ယောက် အပြင်ကနေ အိမ်သို့ပြန်ရောက်တော့ ဧည့်ခန်းထဲ မှာ မျက်မှောင် ကြုတ်ရင်း စဉ်းစား ခန်းဝင်နေတဲ့ ချစ်ချစ် ကို တွေ့လိုက် ရပေသမို့ အထက်ပါ အတိုင်း သူ့ကို လှမ်းစ လိုက်မိတာပေါ့နော။ သူ့မှာ ဘယ်လိုပြဿနာ ရှိမှန်း မသိပေမဲ့ ကျွန်တော်က ဘာသိ ဘာသာနေလို့ လည်း မဖြစ်၊ အဲသလိုသာ နေမိလိုက် ရင် သူ့ရဲ့ ပေါက်ကွဲမှုက ကိုယ့်ဆီကို ပုံကျ လာတော့မှာပါ။ ဒီတော့ ကိုယ့် စိတ်ဆန္ဒ ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ နားအေးပြီးရော ဆိုတဲ့ သဘော နဲ့ သူ့ရဲ့ ရင်ဖွင့် ခံစားချက် တွေကို နားထောင်ပေး ရပါတော့ တယ်။ ဒါပေမဲ့ ပြောလို့သာ ပြောရ တာပါ။ တချို့ကိစ္စတွေ ကျတော့ ကျွန်တော် ကိုယ်တိုင်က လိုလို ချင်ချင် နားထောင်ချင် စိတ် ရှိနေပါတယ်။ ကမ္ဘာကြီးဟာ နည်းပညာ၊ အတတ် ပညာတွေ ဖွံ့ဖြိုးလို့ များစွာပြောင်းလဲ သွားပါပြီ။ သတင်း ဆက်သွယ် ရေး နည်းပညာ တိုးတက် လာတာနဲ့ အညီ သတင်း သားကောင်ဖြစ်မှန်း မသိ ဖြစ်နေတဲ့ ကျွန်တော် တို့ကလည်း ၂၄ နာရီ အဆက် မပြတ် ဖြစ်ပေါ် နေတဲ့ သတင်းတွေကို စိတ်ဝင်စားကြ ရတော့တာ ကလား။ သတင်းဦး သတင်း ထူးတာများသိရရင် အင်တာ နက်က တစ်ဆင့် မိတ်ဆွေတွေ ဆီကို ရှယ်ပေးရတာပေါ့။ သူတို့ကလည်း ထူးတာလေးတွေ ရှိရင် ကျွန်တော့် ဆီကို ပြန်ပြီး ရှယ်ကြပေါ့။ အဲဒီတော့ အခုမှ အင်တာနက် ထဲ ဝင်ရောက်ပြီး သူ့ရဲ့ ကောင်းခြင်း အဖြာဖြာများ ကို သဘောကျနေတဲ့ ကိုထွန်း တစ်ယောက် ကိုယ့် ကိုယ်ကိုယ် ငါ တယ်ဟုတ်နေပါလား။ လူငယ်တွေ နဲ့ ရင်ပေါင်တန်းနိုင်ပြီလို့တွေးရင်း စိတ်ကြီးဝင်သွားမိပါရော။

ဒါပေမဲ့ ကျွန်တော် တို့ခမျာ ကမ္ဘာ့တောင် ဝင်ရိုးစွန်းနဲ့ မြောက် ဝင်ရိုးစွန်း အထိပါမကျန် ကမ္ဘာကြီး တစ်ခုလုံးရဲ့ နေ့စဉ် ဖြစ်ပျက်နေတာ တွေကို စိတ်ဝင်စားနေ ကြပေမဲ့ တစ်ခါ တလေ ဖြစ်ပေါ်တတ်တဲ့ ကိုယ့် ရပ်ကွက်နဲ့ ကိုယ့်အိမ်နီးနား ချင်းတွေရဲ့ ထူးခြားတဲ့ ကိစ္စတွေကို တော့ သတိ မပြုမိအောင် မေ့လျော့ နေမိကြပါတယ်။ မျက်လုံးနဲ့ မျက်တောင်လို နီးလွန်းတော့လည်း မမြင်ရတဲ့ သဘောပေါ့။ အဲသမှာ ကျွန်တော့် သူငယ်ချင်းက ကျွန်တော် တို့အဖြစ် ကလည်း လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်လောက် က မန္တလေး ဗဟို မီးသတ် လိုဖြစ်နေပြီ လို့ ပြောရင်း တဟားဟား ရယ်လိုက်ပါ လေရော။ ဟုတ်ပါတယ်၊ သူငယ်ချင်း ရည်ရွယ်ပြောတာကို ကျွန်တော် လည်း ပြန်ပြီး အမှတ်ရ သွားမိပါ တယ်။ မန္တလေးမြို့ လယ်က ဗဟို မီးသတ်မှာ အတော်မြင့်တဲ့ မီးသတ် မျှော်စင်ကြီး ရှိပါတယ်။ ဟိုတုန်းက တော့ မန္တလေးမှာ အခုလို ၁ဝထပ်၊ ၁၂ ထပ် စသဖြင့် အထပ်မြင့်တဲ့ အဆောက် အဦတွေ မရှိတော့ မီးသတ်မျှော်စင်ထိပ် ကနေ လှမ်း ကြည့်လိုက်ရင် မန္တလေးမြို့ရဲ့ အရှေ့ ပြင်၊ တောင်ပြင်၊ မြောက်ပြင်နဲ့ အနောက်ပြင်တွေ ကို အားလုံးမြင် ရပြီး မီးလောင် ရင်လည်း ဘယ်နေရာ မှာ လောင်တယ် ဆိုတာကို ချက်ချင်း တန်း သိလိုက်ပါတယ်။ မီးသတ် မျှော်စင်ထိပ် မှာလည်း မီးသတ် ရဲဘော်တွေက နာရီနဲ့ အလှည့်ကျ တာဝန် ထမ်းဆောင်နေကြပါတယ်။ အဲဒီ အချိန်တုန်းက တယ်လီဖုန်း အဆက်အသွယ် က မကောင်းသေး ပေမဲ့ မီးလောင်ရင် မီးသတ် ကားတွေ ဝေါခနဲ ရောက်လာစမြဲပါ။ ဒါပေမဲ့ နွေဦးကာလနေ့ တစ်နေ့မှာ ဗဟို မီးသတ် တည်ရှိတဲ့ ရပ်ကွက် အနား မှာ မီးလောင်လို့ တစ်ရပ်ကွက် လုံး ပွက်လော ရိုက်ကုန် ကြပါလေရော။ အိမ်ထဲက ပစ္စည်းတွေ အပြင်ထုတ် ကြ၊ ဟိုအိမ်၊ ဒီအိမ် သတိပေးကြ လုပ်နေပေမဲ့ မီးသတ် ဌာနကတော့ အေးဆေး၊ တချို့က ကျားထိုးနေကြ သ တဲ့။ ကိုယ့်အနားမှာ မီးလောင်နေ တာကို မသိကြဘူးလေ။ မကြာခင် မှာပဲ ရုတ်ရုတ်သဲသဲ ဆူညံသံတွေ နဲ့ အတူ မီးခိုးလုံးကြီး က မီးသတ်ဌာန ကို ရိုက်ခတ် လာတော့မှ အားလုံး မျက်လုံး မျက်ဆံတွေ ပြူးကျယ်ကုန် ပြီး မီးသတ်ကားတွေ မီးထဲပါမသွား အောင် အဆောက် အဦထဲက အပြင် ကို အမြန် တွန်းထုတ် ကြရပါတော့ တယ်။ အဲဒါကို မျှော်စင်ထိပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ မီးသတ် ရဲဘော်က မသိရှာဘူး။ နေရောင်ဝင်း ဝင်းအောက်က မန္တလေးမြို့ကြီးရဲ့ လေးပြင်လေးရပ် ကို ရှု စားနေတာကိုး နော။ အဲဒီနေ့က ရပ်ကွက်က ဝိုင်း ငြိမ်းပေးကြလို့ မီးလောင်တာ သိပ် မကြာဘဲ ပြီးဆုံး သွားပါတယ်။ မန္တလေးသားတွေ ရဲ့ ပါးစပ်ဖျားမှာ ရပ်ကွက်က ကယ်တင် လိုက်လို့ မီးသတ်ဌာန မီးမခတဲ့ သတင်းဟာ ချက်ချင်းဆိုသလို လေးပြင်လေးရပ် သို့ ပျံ့နှံ့သွားပြီး သတင်းကိုပြောတဲ့ သူရော၊ နားထောင်တဲ့သူရော ပြုံး ဖြဲဖြဲ ဖြစ်ကုန် ကြရတော့တာပါ။ အခုခေတ်မှာတော့ အဲသလိုမျိုး ရှိမယ် မထင်တော့ပါဘူး။ မီးသတ် မျှော်စင်ထက် ပိုမြင့်တဲ့ အဆောက် အဦကြီးတွေ က မန္တလေး တစ်မြို့ လုံး နေရာအနှံ့ ရှိနေကြပြီး မီးဘေး အန္တရာယ် ရှိလာရင်လည်း တယ်လီဖုန်း ဆက်သွယ်ရေးက ကောင်းတော့ မီးသတ်ကားတွေ လည်း မီးလောင်တဲ့ ဆီကို ချက်ချင်း ဆို သလို ရောက်သွားနိုင်ကြပါပြီ။

ပြောချင်တာက နီးလွန်းတော့ လည်း မမြင်ရတတ်တဲ့ သဘော သဘာဝပါ။ ဒါကို သတိပြုမိတဲ့ ကိုထွန်း တစ်ယောက် ကမ္ဘာကြီး အကြောင်းကို နေ့စဉ် နဲ့အမျှ မျက်စိ ဖွင့် နားစွင့်နေတဲ့ အချိန်မှာ ရပ်ကွက် တွင်းဖြစ်ပျက် သတင်း ကိစ္စကိုတော့ ချစ်ချစ်ကိုပဲ တာဝန်ပေးထားရပါ တယ်။ ချစ်ချစ် ကလည်း ဒီလိုကိစ္စ မှာတော့ တကယ့်ကို အိပ်(စ်) ပတ်၊ တစ်ခါတလေ ကိုယ့်အနား ရှိတဲ့ သတင်းတွေ အပြင် သူ့ညီမတစ်တွေ နေတဲ့ ရပ်ကွက်နဲ့ မိတ်ဆွေ အချို့ရဲ့ ရပ်ကွက်က သတင်းတွေရော အဆစ် သယ်ဆောင် လာပြီး ပြောပြ လို့ ကျွန်တော်လည်း  အီဆောင့်နေ အောင် နားဆင်လိုက် ရတဲ့နေ့မျိုး တွေလည်း ကြုံရရဲ့။ ဘယ်လို ပဲဖြစ်ဖြစ် ပေါ့လေ။ ချစ်ချစ်ကြောင့် ကျွန်တော် လည်း ရပ်ကွက် ဗဟုသုတတွေ တိုးပွား သွားရပါတယ်။

တစ်ရက်တော့ အလုပ် ကိစ္စပြီး လို့ အိမ်ကိုပြန်လာတော့ သူ့ကို မတွေ့ရဘူး။ ရပ်ကွက် လမ်းခင်းဖို့ ကိစ္စ အစည်းအဝေး လုပ်လို့ အဲဒီကို သွားနေတာတဲ့။ ဟုတ်သားပဲ၊ လမ်းခင်းဖို့ အတွက် အစည်းအဝေး ဖိတ်တာကို ကျွန်တော်မေ့နေတယ်။ ကျွန်တော်တို့ ရပ်ကွက်ရဲ့ အနီးအနား ဝန်းကျင်မှာ ရှိတဲ့ ရပ်ကွက်မှာ ကတ္တရာ လမ်းတွေ ခင်းပြီး ကုန်ကြပြီ။ လမ်းခင်းတယ် ဆိုတာ စည်ပင် သာယာက သုံးပုံ တစ်ပုံလောက်စိုက် ပြီး ကိုယ်ထူကိုယ်ထ လုပ်ကြရတာ ဖြစ်ပါတယ်။ လျှပ်စစ် မီးတိုင်လည်း ကိုယ်ထူ ကိုယ်ထ စိုက်ထူကြ၊ ရေမြောင်းလည်း ကိုယ်ထူကိုယ်ထ ဖောက်လုပ်ကြ။ လမ်းတွေလည်း ကိုယ်ထူကိုယ်ထ ခင်းကြ၊ ဘယ် လောက် အဆင်ပြေလဲ။ အဲဒီလို ကြုံရလည်း အစိုးရ ကို အပြစ်မတင် ဘူး၊ အားလည်း မကိုးကြဘူး။ ဖြတ် သန်းလာခဲ့တဲ့ ခေတ်တွေ က အတွေ့ အကြုံက များနေပြီကိုးနော။

လမ်းခင်းဖို့ အစည်းအဝေး က ပြန်လာတဲ့ ချစ်ချစ်က အိမ်ရောက် ရောက်ခြင်း ကျွန်တော့်ကို ပြောရဦး မယ် ဂလိုဘယ် ဆရာကြီးရေ့လို့ ခပ်ထေ့ထေ့ ဆိုလိုက်ပါတယ်။ စိတ် အချဉ်ပေါက် လို့ ဒီလိုလေသံထွက် လာမှန်း အတတ် သိလိုက်ပါပြီ။ ကတ္တရာ လမ်းခင်းဖို့ တတ်နိုင် သလောက် စေတနာ နဲ့ထည့်ဝင်ပေးဖို့ ဖြစ်ပေမဲ့ လမ်းကော်မတီ ဥက္ကဋ္ဌ က သိန်း ၂ဝ မတည်ပြီး ကျွန်တော်တို့ ကို ၅သိန်း ထည့်ဝင်ပေးဖို့ တောင်း တောင်းပန်ပန်ပြောတာ နဲ့ သဘော တူ ခေါင်းညိတ် ခဲ့သတဲ့။ ရပ်ကွက်ထဲ မှာ ရှိတဲ့ သူ တော်တော် များများလည်း အချိုးကျ အတိုင်း ထည့်ဝင်ပေးကြပါ တယ်။ ဒါပေမဲ့ ရပ်ကွက်ထဲ ကို ဘယ်က ပြောင်းရွှေ့လာမှန်း မသိ ရောက်လာတဲ့ တရုတ်အိမ် ၂ အိမ် က ကန့်လန့်တဲ့၊ ပိုက်ဆံ မတတ်နိုင်လို့ ၂ သိန်းပဲ  ထည့်နိုင်မတဲ့။

”တော် … စဉ်းစားကြည့်၊ သူတို့စီးတဲ့ မော်တော်ကားတွေက တစ်အိမ်က လင်ခရူဇာ၊ တစ်အိမ်က တော့ ပရာဒို၊ ဒါကို ကတ်တီး ကတ်ဖဲ့ လုပ်တာလေ၊ ကျွန်မလေ မတ် တတ် ထပြီး ပြောချင်လိုက်တာ ပါးစပ်ကို ယားနေတာပဲ” ချစ်ချစ်က ဟွတ်ခနဲ လည်ချောင်း ရှင်းလိုက်ရင်း ပြော လိုက်ပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါ တယ်။ ကျွန်တော်တို့ ရပ်ကွက်လမ်း ထဲမှာ နေ့တိုင်း သူ့တို့ မော်တော်ကား နှစ်စီးပဲ ဖုန်ထောင်းထောင်းထ အောင် အခါ ၂ဝလောက် ဖြတ် သန်း သွားနေကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက် ဆီက ရောက်လာတဲ့ တရုတ်ဆိုတာ သိတဲ့အတိုင်း သူတို့ အကျိုးစီးပွား ကိစ္စကိုပဲ အဓိက ထားပြီး ရပ်ရေး ရွာရေး ကိစ္စကို ခေါင်းထဲ ထည့်တွက် ကြတာ မဟုတ်ဘူး။ ဒီတော့ ကိုယ့် ရပ်ကွက် ထဲ ရောက်လာပြီး အညွန့် ခူးနေသလို ဖြစ်သွားပါတယ်။

”ကျွန်မတို့ လူမျိုးတွေကလည်း ကိုယ့်အချင်းချင်း ဆိုရင် အဟုတ် ထင်ကြတာ မှုတ်ဘူး။ တရုတ်ဆိုရင် တော့ ဟွန်း … ပြောလိုက်ရင် လည်း မကောင်းဖြစ်တော့မယ်”

ဟော …ချစ်ချစ်က နောက်ထပ် အကြောင်း အရာတစ်ခု တင်ဆက်ဖို့ အတွက် စကားစပျိုးလိုက် ပြန်ပါပြီ၊ ခဏနေရင် သူ့ရင်ထဲမှာ ခိုးလို့ခုလုဖြစ်နေတဲ့ ဓာတ်ပြား ဟောင်း ကို ပြန် ဖွင့်ပြတော့မှာ ဖြစ်ပါတယ်။ အဲဒါက အိမ်ဖော်မလေး ခင်ပု ကိစ္စဆိုတာ ကျွန်တော်သိပြီး သား။

ပြီးခဲ့တဲ့ လတုန်းက အိမ်မှာ ခေါ်ထားတဲ့ ခင်ပု နှစ်စေ့လို့ သူ့ရွာ ကို ပြန်သွားတယ်။ သူ့ကို တစ်လ သုံးသောင်းနဲ့ စားရိတ် ငြိမ်းခေါ်ပြီး သူ့ရဲ့လစာ တစ်နှစ်စာ ကိုလည်း သူ့အမေက တစ်ခါတည်း ယူသွား ပါတယ်။ ခင်ပု အသက်က ၁၇ နှစ်၊ ၁၈ နှစ်လောက် သာ ရှိပါမယ်။ အိမ် မှာ အလုပ် သိပ်များလှတာ မဟုတ်ဘဲ ချစ်ချစ် အတွက် ကူဖော်လောင် ဖက်ရအောင် ခေါ်ထားတာဖြစ်လို့ ခင်ပုလည်း ကျွန်တော် တို့အိမ်မှာ နေရတာ ပျော်ရှာပါတယ်။ နှစ်ကုန် လို့ ပြန်သွားပေမဲ့ သူ့အမေ ဆီမှာ ၁ဝ ရက်လောက်နေ ပြီး ပြန်လာမယ် လို့ ပြောပါတယ်။ ချစ်ချစ်က ခင်ပုရဲ့ စကား အဟုတ် ထင်မှတ်နေပေမဲ့ ကျွန်တော် ကတော့ သိပ်မယုံလှဘူး။ နောက် ၁ဝ ရက်လောက် ကြာတော့ ခင်ပု အစ်မက တယ်လီဖုန်း ဆက်ပါ တယ်။ ခင်ပုအတွက် လစာလေး သောင်းနဲ့ တစ်နှစ် စာပေးပါတဲ့။ အဲသမှာ ကျွန်တော့်လေဒီ ဒေါပွပါ လေရော။ ဒီက ခင်ပု ကို သံယောဇဉ် တွယ်ပြီး ခေါ်ချင်နေမှန်း သိလို့ သက်သက် အကျပ်ကိုင် လစာတိုး တောင်းတာ။ ခင်ပုလာတုန်းက အဝတ်နှစ်စုံ ပဲပါတယ်။ ပြန်သွား တော့ ဒီက ဝယ် ပေး လိုက်တဲ့ အင်္ကျီ တွေ၊ လုံချည်တွေ၊ အိတ် တစ်အိတ်စာ ရှိတယ်။ မုန့်ဖိုး သပ်သပ်ပေးတာ လေးသောင်းကျော် ရသွားတယ်။ ဒါကို ခင်ပုရဲ့ အစ်မက ကြိုးကိုင်ခြယ် လှယ်နေ တာဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။ တိုတိုနဲ့ လိုရင်းပဲ အကျဉ်းချုံး လိုက်ကြပါစို့။ အစ်မ မခေါ်ချင်လည်း ရပါတယ်။ တစ်ခါ ခေါ်ထားလို့ အစ်မကို ဦးစားပေးတာ။ ကျွန်မ ညီမကို တရုတ် အိမ်တွေက ခေါ်ချင်လွန်းလို့၊ အဲဒီကိုပဲ ပို့တော့ မယ်တဲ့။

ပြောပြီးသား အကြောင်းအရာ တွေကို တစ်ခါ ဇာတ်ကြောင်း ထပ်လှန်နေတဲ့ ချစ်ချစ် တစ်ယောက် ပြောရင်းနဲ့ ဒေါသတွေ တရှူးရှူး ထွက်နေပါတယ်။ ကြိုးကိုင်ခြယ် လှယ်နေတဲ့ ခင်ပုရဲ့ အမေကိုလား၊ တောင်းတဲ့ဈေးပေးသွား တဲ့ တရုတ် ကိုလား၊ ဒါမှမဟုတ် နှစ်ခု စလုံးပဲလား၊ သူ့ရဲ့ဒေါသဟာ ဘယ်သူ့ဆီကို အဓိက ဦးတည်နေ တာလဲ၊ ကျွန်တော် ခန့်မှန်းလို့ မရပါဘူး။ အဲဒီတော့ တရုတ်ကို စောစောက တည်းက အမြင် မကြည်လင်ရတဲ့ အထဲ အခု ရပ်ကွက်လမ်း ကိစ္စမှာ သဒ္ဓါတရား နည်းတဲ့ တရုတ်နှစ်အိမ်ကြောင့် သူ့ရင်ထဲမှာ မကြည် မလင်ဖြစ်သွား ခဲ့ရတာကိုးနော။

ကျွန်တော်တော့ ကြုံတွေ့ရတဲ့ ဒီဖြစ်ရပ်နှစ်ခုကို ကြည့်ရင်း ဧည့်သည်နဲ့ အိမ်ရှင်ရဲ့ အနေအထား ကို ပိုပြီး ရှင်းရှင်းလင်းလင်း သဘော ပေါက်လာ ခဲ့မိပါတယ်။ အိမ်ဖော် ခေါ် တဲ့ ကိစ္စကိုပဲကြည့်၊ သူ့အိမ်ရဲ့ အကျိုး စီးပွားနဲ့ တိုက်ရိုက်သက်ဆိုင် နေတော့ ပေါက်ဈေးထက် ပိုပေးဖို့ လည်း ဝန်မလေးပါဘူး။ ဒါပေမဲ့ ရပ်ကွက် လမ်းခင်း ဖို့ ကိစ္စကျတော့ ငွေကုန် မခံတော့ဘဲ နေပါတယ်။ ရပ်ကွက် လမ်းခင်းပြီးရင် တချို့ ရပ်ကွက်တွေမှာ မြို့ထဲ ခိုးကြောင် ခိုးဝှက် ဝင်လာတဲ့ ကုန်တင်မော်တော် ကားတွေ ထားတာ မျိုးလည်း ရှိပါ တယ်။ ရပ်ကွက်ခံ မြန်မာတွေက အမုန်း မခံချင်လို့ မပြောကြတော့ သူတို့အတွက် အဆင်ကိုပြေလို့၊ ကျွန်တော် တို့ကလည်း ကျွန်တော် တို့ပဲ။ လိုက်လျော လွန်းအားကြီးရင် ဘယ် အချိန်မှာ ကိုယ့်နဖူးပေါ် မစင် စွန့်မလဲ ဆိုတာကို မတွေးမိကြပါဘူး။ ဒီလိုဖြစ်လာစေတဲ့ အကြောင်းရင်းက ဘာလဲ၊ စဉ်းစားကြစေ ပါ တယ်။

တရုတ် ဆိုရင် မကြည်လင်ချင် တဲ့ ချစ်ချစ်တစ်ယောက် အခုလည်း မျက်မှောင် ကြုတ်နေပြန်ပါပြီ။ ရော် … ဘယ်လိုများ ဖြစ်နေရပြန် ပြီလဲ။ တွေးရင်း နဲ့ ချစ်ချစ် အနားကို ကပ်သွား မိပါတယ်။ ထုံးစံအတိုင်း ပေါ့။ သူကလည်း ပြောချင်ချင်မို့ ကျွန်တော့် ကွက်ရှင် ပြီးသွားတာနဲ့ တစ်ပြိုင်တည်း ဟောသလို တော်ရေ ဆိုပြီး တစ်ခန်းရပ် ဇာတ်ထုတ် ကို ခင်းပြပါတော့တယ်။

ချစ်ချစ်က မနက်တိုင်း နွားနို့ အစိတ်သား ဝယ်လာခဲ့တာ တစ်နှစ် ကျော်လာပါပြီ။ သမ္မတကြီးက နွားနို့သောက် ဖို့ မပြောခင်ကတည်း က နွားနို့ ဝယ်သောက်နေတာမို့ ချစ်ချစ် ဘယ်လောက် ဥာဏ်ပြေးလဲ၊ အာဂ ချစ်ချစ် ပါကလားလို့ ကိုယ့် ဇနီးကို ချီးကျူးချင် စိတ်တွေ တဖွား ဖွား ပေါ်လာရ ပါဘိတယ်။ တစ်နေ့ က ပုံမှန်လုပ်ရိုး လုပ်စဉ် အတိုင်း အိမ် တံခါးဖွင့်ပြီး နွားနို့ ထွက်ဝယ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ ကတော့ ထူးထူး ခြားခြား နွားနို့သည်က အစ်မရယ် ဒီနေ့ တစ်ရက်တည်း နောက်ထပ် အစိတ်သား ပိုဝယ်ပေး ပါဦးလို့ ပြော လိုက်တော့ အံ့သြသွားရတာပေါ့။

”ဒီနေ့က တရုတ်နှစ်သစ်ကူး နေ့ အစ်မရဲ့၊ ကျွန်မ ဖောက်သည်တွေ ထဲမှာ တရုတ်တွေ အများကြီး ရှိတယ်။ သူတို့က တို့နှစ်သစ်ကူး ဆိုတာ တစ်နှစ်မှာ တစ်ခါပဲ ကြုံရ တယ်၊ နင့်နွားနို့ နေ့တိုင်းသောက်နေတာ၊ ဒီနေ့ မယူတော့ဘူးတဲ့ အစ်မရယ်”

”နှစ်သစ်ကူးနေမို့ မယူတော့ ဘူးဆိုရင် စောစောကတည်းက ကြိုပြောပါလား”

”ဟုတ်တာပေါ့ အစ်မရယ်၊ အခုတော့ နွားနို့တွေ ဘယ်လိုလုပ်ရ မှန်း မသိတော့ဘူး”

နွားနို့သည် ဆီက အသံတွေကို နားထောင်ရင်း ချစ်ချစ်လည်း အမျိုး ဂုဏ်၊ ဇာတိဂုဏ်တွေ ပေါ်လာပြီး စိတ်ကလည်း လက် တစ်ဆစ်လောက် သာ ကျန်ပါတော့တယ်။ အဲဒီ အချိန် မှာ တောင်းစားနေတဲ့ မိန်းကလေး တစ်ယောက် သူတို့ အနားကို ရောက် လာပါတယ်။

ခြေလက်အင်္ဂါ အားလုံး အကုန် ကောင်း၊ ရုပ်ရည်ကလည်း သနား ကမားနဲ့၊ ဒါကို လာတောင်းနေတော့ သွားပါဦး လို့ပြောရင်း လက်ခါ ပြလိုက်တဲ့ အကြောင်း ပြော ပါတယ်။ တောင်းတဲ့သူ ကလည်း ချစ်ချစ်ဆီက မရတော့ နွားနို့သည် မိန်းမဆီကို လက်ဖြန့် တောင်းပြန်ပါရော။ နွားနို့ သည် ကလည်း သူ့နွားနို့ ကုန်ဖို့အရေး အတွက် ချစ်ချစ် ဆိုသော ကပ်စတန်မာကို ဝယ်ချင်အောင် ပြောဆိုနေတာမို့ မြန်မြန် သွားအောင် ငွေ ၁ဝဝ ထုတ်ပေးသတဲ့။ အမှန် တော့ တစ်ခန်းရပ် ဇာတ်ထုတ်က ဤမှာ ပင်ပြီးစီး ဖို့ပါပဲ။ ဒါပေမဲ့ ဇာတ်သိမ်း ခန်းလေးဖြစ်ဖို့ အကြောင်းဖန် လာပုံက ဒီလိုကိုး နော။

ငွေ ၁ဝဝ ရတော့ တောင်းတဲ့ မိန်းမက နွားနို့သည်ကို လက်ညှိုးထိုး ပြီး ငွေ ၁ဝဝ လှူဒါန်းတဲ့ ဟောဒီက အစ်မကြီး ကျန်းမာပါစေ၊ နွားနို့တွေ များများရောင်း ရပြီး ချမ်းသာစေ လို့ ဆုတွေပေးပါရောတဲ့။ ကဲ … ကြည့်စမ်း၊ ဒါက မလှူတန်း မိတာနဲ့ သက်သက်မဲ့ စော်ကားသွားတာ မဟုတ်လား။ ချစ်ချစ်တွေးရင်း နဲ့ ဒေါပွသွား ပါတယ်။ အနားမှာရှိတဲ့ နွားနို့သည် ခမျာလည်း နွားနို့ရောင်း မကောင်းရတဲ့ အထဲ ငွေ ၁ဝဝ ထည့် မိတဲ့ စေတနာ အတွက် ဆုတောင်း ပေးတာကို ကြည်နူး ရမှာလည်း အခက်၊ သူ့ကပ်စတန် မာ ချစ်ချစ် ရဲ့ မျက်နှာမှာ ဒေါသခိုးတွေ ဝေလာတာ မြင်လိုက်လို့ ဒီသူတောင်းစားမ ကြောင့် ကပ်စတန်မာက နွားနို့ အစိတ်သား ပိုမဝယ်မိမှာ ကိုလည်း စိုးရိမ် ရတာက တစ်မျိုးမို့ မအီမလည် ကြီး ဖြစ်နေရှာပါတယ်။ ပြီးတော့ ချစ်ချစ်ကို မျက်နှာလို မျက်နှာရ လုပ် ပြီး ကိုယ်စား အနေနဲ့ တောင်းစား တဲ့ မိန်းမကို ကဲ သွားစမ်း သွား စမ်း ဆိုပြီး မောင်းထုတ်ပေးဖို့ ကျတော့ လည်း စောစောက သူ့ကို ကောင်းချီး သြဘာ ပေးထားသမို့ အဲဒီလိုလည်း မလုပ်ချင်။ ချစ်ချစ် ကလည်း နွားနို့ သည်ကို သူ့ ကိုယ်စား အနေနဲ့ တောင်းစားတဲ့ မိန်းမကို နှင်ထုတ် ပေးစေချင်၊ တောင်းစားတဲ့ မိန်းမ ကလည်း ပိုက်ဆံ ရပေမဲ့ သူတို့အနား ကမပြန်ဘဲ ယောင်ပေပေ ရပ်နေ ဆို တော့ သူတို့ အဖြစ်က အတော် ခွကျ နေဟန်တူရဲ့။

ဒီတော့ ဘယ်လိုပြီးသွားကြလဲ ကွ ကျွန်တော်က စိတ်ဝင်တစားနဲ့ မေးလိုက်မိပါတယ်။

”ကျွန်မ ဘက်က ပါရတာပေါ့ ဆရာကြီးရဲ့၊ ကျွန်မက သူ့ဖောက် သည်လေ၊ တစ်နှစ်လုံးရှိတဲ့ ဖောက် သည်အပျက် ခံနိုင်ပါ့မလားရှင့်၊ ကဲပါ အေ …၊ ညည်း လည်း လိုချင် တာ ရပြီမို့ သွားပါတော့ လို့ နွားနို့သည်က ပြောလိုက်တော့မှ ဟိုဟာမလည်း ကော့တော့ ကော့တော့နဲ့ ထွက်သွား တယ်။ ကျွန်မလည်း စိတ်ချမ်းသာပြီး နောက်ထပ် တစ် ပိဿာ အပိုဝယ်ပေး ရတာပေါ့လေ”

သဘောကျ ကျေနပ်နေတဲ့ ချစ်ချစ်ကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိပါတယ်။ အဲဒီနေ့ကတော့ ကိုထွန်း တို့အိမ်မှာ နွားနို့တွေ အလျှံ ပယ်ပါပဲ။ နွားနို့သောက် ရတဲ့ အပြင် ချစ်ချစ် လက်ရာ နွားနို့ခဲချက်ကို လည်း ပွဲတော်တည် လိုက်ရပါသေး တယ်။ ချစ်ချစ်က တရုတ် ဆိုရင် မကြည်မလင် ဖြစ်ချင်နေပေမဲ့ သူတို့ နှစ်ကူးနေ့ က နွားနို့ ပိုသောက်လိုက် ရခြင်းဟာ သေချာ စဉ်းစားကြည့် လိုက်ရင် သူတို့ကြောင့် ပါကလားလို့ တွေးမိ လိုက်ပါတယ်။ နွားနို့တွေ လည်း သောက်ရ၊ သမ္မတကြီးရဲ့ စကားကို လည်း လိုက်နာ ရာ ရောက်၊ ကဲ … ဘယ်လောက် ဟန်ကျလဲ၊ သြော်… အထူးမမေ့စရာ တရုတ် ကျေးဇူးပါကလားကွယ်။

ကိုထွန်း-လမ်း(၈ဝ)

ဂျာမနီခရီးသွားနဲ့ မြန်မာပြည်မီးရထား

$
0
0

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြည်တော်ပြန်သွားသော ဂျာမနီသားလေး Malte Jehmlich တစ်ယောက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ လအရောက်မှာ ကျွန်ုပ် တို့၏ မြန်မာပြည်သို့ တစ်ခေါက်ထပ်မံရောက်ရှိလာခဲ့ပြီ ဖြစ်ပါလေ၏။ ‘Myanmar Meets Europe’  အမည်ရ ‘Music, video and cartoon’  ပွဲတော်အတွက် အကြိုေ လ့ကျင့် ရီဟာဇယ်လုပ်ရန် တွေ့ဆုံညှိနှိုင်း ဖလှယ်ရန် ဖြစ်ပါပေ၏။

ဤပွဲတော်ကြီးမှာ ရွှေမြန်မာဌာနေ၌ ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာတစ်ဝိုက်မှာ ကျင်းပမှာဖြစ်ပြီး ဥရောပမှ Jazz တေးဂီတဝိုင်းနှင့် မြန်မာပြည်မှ ‘ရွာစားဟိန်းတင့်’ ဦးစီးသည့် မြန်မာ ဆိုင်းဝိုင်းတို့ ပူးတွဲတီးခတ်ကာ Malte နှင့် ကျွန်ုပ် က ‘လက်တန်းအရုပ်များ’ ရေးရမှာဖြစ်ပြီး ငွေရောင်ပိတ်ကားပေါ်မှာ တစ်ချိန်တ ည်း ပြ သ ပေးနေ မှာ ဖြစ်ပါ၏။

ကျွန်ုပ်တို့၏ မြန်မာနိုင်ငံမှ ဂန္ထဝင်တီးလုံးများကို သူတို့ဥရောပမှ Jazz ဝိုင်းနှင့် ပူးတွဲတီးခတ်မည်ဖြစ်ပြီး သူတို့ဌာနေဥရောပမြေမှ အထင်ကရ တေးသားသံစဉ်များကိုလည်း ကျွန်ုပ်တို့ မြန်မာဆိုင်းဝိုင်းနှင့် ပေါင်းစပ်တီးခတ်ကြမည်ဖြစ်ရာ ကျွန်ုပ်တို့ဆီမှ ‘အောင်ပါစေ’ တို့၊ ‘မန်းတောင်ရိပ်ခို’ တို့၊ ‘ရွှေပြုံးငွေပြုံး’ တို့နှင့်တကွ ဗုဒ္ဓရှင်တော်မြတ် ဘုရား ကို အာရုံပြုကာ ‘ထူးမခြားနား’ သံစဉ် တေးသွားလည်း ပါဝင်တာတွေ့ရပါပေ၏။

အနှီ ‘ဥရောပ မြန်မာ’ ဂန္ထဝင်တေးသွားသံစဉ်များကို တစ်သားတည်း ပေါင်းစပ်တီးခတ်နေစဉ်မှာ ကျွန်ုပ်နှင့် Malte တို့က ဤသံစဉ်များ အဓိပ္ပာယ်များနှင့် အပ်စပ်လိုက် ဖက် ရာရာ သရုပ်ဖော်ပုံများကို တစ်ပေါင်းတည်း ကပ်ပူးစီးဝင်ရေး ဆွဲနေရမည်ဖြစ်ကာ ထိုရုပ်ပုံများမှာ ပရိုဂျက်တာမှတစ်ဆင့် အများလူထု ပရိသတ်ရှေ့မှောက် စက္ကန့်မလပ် ခံ စားနိုင်ဖို့ ရောက်ရှိနေမှာ ဖြစ်ပါလေ၏။

Jazz တေးဂီတဝိုင်းမှ ‘ဆိုက်ဆိုဖုန်း’ ဆရာကြီး Jan Klare တို့ဂစ်တာဆရာ Francesco  တို့၊ Tim  တို့ကား ရောက်မလာကြသေးပါ။ Malte တစ်ဦးတည်းသာ တစ် ပတ်ေ လာက် ကြိုတင်ရောက်လာပြီး ကျွန်ုပ်တို့နှစ်ဦး အတူတူပူးတွဲရေးဆွဲရမည့် စတီးစားပွဲပုံဆွဲခုံအတွက် ဒီဇိုင်းပုံကြမ်းကိုပြကာ စတီးဆရာများနှင့် အပ်ဖို့ရာ လိုက်လံ ညှိနှိုင်းကြ ရပါ၏။ သို့ပေသော်ငြားသွားရောက်အပ်နှံရာ စတီးဆရာများကား ကျွန်ုပ်တို့လိုချင်သည့် သီးသန့်စားပွဲခုံပုံစံကို အလုံးစုံနားလည်သဘော မပေါက်ကြလေ သည့် အတွ က် နောက်ဆုံးမှာ စက္ကန့်မလပ် အလုပ်များနေသည့် ကျွန်ုပ်တို့၏ နောင်တော် ဒေါက်တာခိုင်သန်းရှိရာ ၆ မိုင်ခွဲမှ သူ၏ Standard Houseဂေါက်ပစ္စည်း ဆိုင်သို့ ရောက် ရှိခဲ့ ပါပေတော့၏ ခင်ဗျာ။

ဆရာခိုင်’ကား စားပွဲခုံပုံကြမ်းကို စေ့စေ့ငင ကြည့်ရှုပြီးသည့်နောက် တောက်လျှောက်ဆိုသလို ‘ခလုတ်’ ထိုထိုကို နှိပ်လိုက်လေရာ စတီးဆရာ၊ လက်သမားဆရာတို့မှာ များမကြာမီရောက်ရှိလာပြီး အနှီ ‘ဝမ်းတေဘယ်’ ကိစ္စကြီးကား ပြီးပြတ်ပါလေတော့၏။ ၂ ရက်အတွင်း ချက်ချင်းဆိုသလို ရရှိကာလိုချင်သည့်ပုံစံနှင့် တစ်ထပ်တည်းသာ ရ ပါလေတော့၏။ စတီးလက်သမားဆရာများကား ပစ္စည်းဖိုးသာသာလောက်သာယူခဲ့ပြီး ‘လက်ခ’ မယူ မေတ္တာသက်သက်ဖြင့်သာ ကူညီခဲ့ပါပေ၏။ ဒေါက်တာခိုင် သန်း ကား ကျွန်ုပ်တို့ကို ဘီယာ ချောင်းစီးတောင်မှ တိုက်၍ လွှတ်လိုက်ပါပေ၏။

အနှီ စတီးစားပွဲကြီးကို တက္ကစီနှင့် သယ်ဆောင်ကာ ကျွန်ုပ်၏ စမ်းချောင်းအရပ် အိမ်ဂေဟာ ထိပ်ဆုံးထပ်ဆီသို့ နှစ်ဦးသား မကာ ပင့်ကာတင်ဆောင်လာခဲ့ပြီး အိမ်ဧည့်ခန်း အတွင်းမှာ နေရာချရပါလေ၏။ ပြီးသည်နှင့် Malte ဂျာမဏီမှ ပြုလုပ်ယူဆောင်ခဲ့ရာ ပုံဆွဲဘုတ်ပြား၊ ပရိုဂျက်တာနှင့် ကင်မရာငယ်တို့နှင့် တကွ Laptop နှင့် ချိတ်ဆက် စရာ အဖြာဖြာကိုလည်း တစ်ခါတည်းပင် ဆင်ယင်တပ်ဆင်ခဲ့ကြပါ ပေ၏။

Malte မှာ မနက်အိပ်ရာကထတာနှင့် သူတည်းခိုရာ ဗိုလ်မြတ်ထွန်းလမ်း ဟိုတယ်မှနေ၍ ဘတ်စ်ကားကို စီးလာကာ မြေနီကုန်းမှတ်တိုင်မှာဆင်းပြီးနောက် ကျွန်ုပ်တို့အိမ် သို့ နေ့စဉ် နေ့စဉ်ရောက်လာကာ ဆိုခဲ့ပါ ‘မြန်မာဥရောပ’ တေးသွားသံစဉ်နိမိတ်ပုံများနှင့် လိုက်ဖက်ရာရာ အပ်စပ်ရာရာ ရုပ်ပုံအဖြာဖြာကို အသေအချာညှိနှိုင်း တိုင်ပင်ခဲ့ကြ ပါပေ၏။ ဤတစ်နာရီစာ ကျင်းပမည့် ‘ကွန်းဆပ်’ ထဲမှာ နိုင်ငံတော်တို့၏ ကြီးမားသည့်အပြောင်းအလဲနှစ်ကြီးများလည်း တစ်ခန်းပါလေရာ ကျွန်ုပ်တို့အတွက် ‘၈၈’ ခုနှစ်ပါပြီး ဂျာမနီ အတွက်မူ ‘၈၉’ ခုနှစ်ပုံရိပ်များ ပါဝင်ပါလေ၏။

တီးဝိုင်းဆရာ Jazz မဟာ တို့ ရောက်ရှိလို့ မလာသေးသည့်ကာလအတွင်း Malte နှင့် ကျွန်ုပ်မှာ မနက်မိုးလင်းမှ ညမိုးချုပ်၍ သန်းခေါင်တိုင်အောင် ကျွန်ုပ်တို့အိမ်ဂေဟာမှာ အချိန်ပြည့် လေ့ကျင့်ကြရပါပေ၏။ ခဏတစ်ဖြုတ်နားကြသည့် အချိန်မှာ လက်ဖက်ရည်ဆိုင်သွား၊ အင်တာနက် ဆိုင်သွား တစ်ခါတစ်ခါ ဘီယာလေးတ စ်ခွက် နှစ် ခွက်လောက် သောက်ကာ အမောဖြေကြရ ပါပေ၏။

ဤသို့ဖြင့် တစ်ရက်မှာ Malte က ဒီကနေ့ နေ့တစ်ပိုင်းလောက် လေ့ကျင့်ပြီးလျှင် နားလိုက်ကြကာ ရန်ကုန်မြို့တစ်ပတ် မြို့ပတ်ရထား စီးချင်ကြောင်း တောင်းဆိုလာပေရာ ကျွန်ုပ်တို့ ဘူတာရုံသို့ ချီတက်လို့သာ လာခဲ့ရပါပေတော့၏။ ကျွန်ုပ်တို့နေအိမ်မှနေ၍ လမ်းလျှောက်လာခဲ့ကြရာ များမကြာမီအချိန်အတွင်း ‘ကြည့်မြင်တိုင်’ သမိုင်းဝင် ဘူတာရုံသို့ ရောက်ရှိလို့ လာခဲ့ပါတော့၏။ ကျွန်ုပ်ကား ‘ဘတ်စ်ကား’ နှင့်သာ နှစ်ပါးသွားနေခဲ့သည်မှာ ကာလရှည်ကြာပြီဖြစ်သည့်အတွက် အနှီဘူတာရုံများနှင့် ကင်း ကွာနေခဲ့ပေရာ ဘယ်နေရာမှာ ဘယ်လိုလက်မှတ် ဘာညာကိစ္စ အဖြာဖြာကို မမှတ်မိခဲ့ပါတော့ပေ။

ဘူတာရုံမှ လက်မှတ်ပေါက်မှာ စုံစမ်းသမှု ပြုလေရာ နောက်ထပ် ၁၅ မိနစ်အတွင်းမှာ ရန်ကုန်ဘူတာကြီးဘက်မှ ထွက်ခွာလာနေသည့် မြို့ပတ်ရထားကို ကျွန်ုပ်တို့ စီးရမှာ ဟု ဆိုပါလေ၏။ သို့ဖြင့် လက်မှတ်ဝယ်ဖို့ ကျွန်ုပ်လုပ်လေရာ ကျွန်ုပ်ဆာသော်ဒိုးအတွက် မြန်မာငွေကျပ် ၂ဝဝ တိတိဖြစ်ပြီး နိုင်ငံခြားသား Malte အတွက် ‘ဝမ်းဒေါ် လာ’ ဟု ဆိုပါလေ၏။

ဟုတ်ကဲ့ပါခင်ဗျာ. ..။ သည့်အတွက် ကျွန်ုပ်လည်း ကျွန်ုပ်၏အိပ်ကပ်ထဲမှာ ဒေါ်လာငွေများ ရှိလိုရှိငြား ရှာဖွေပါလေသော်လည်း တစ်ရွက်တစ်လေမှ ထွက်မလာလေရာ Malte ကိုမေးသော် သူ့ထံမှာလည်း မြန်မာပိုက်ဆံငါးဆယ်တန်မှအစ ငါးထောင်တန်များအထိ အပြည့်ရှိနေသော်ငြား ‘ရွှေမြန်မာဌာန’ တွေ သည်းခြေကြိုက် အနှီအ စိမ်းေ ခါ် ဒေါ်လာကား နတ္ထိပါပေ။

”ဆရာသမားရေ . . . ကျုပ်တို့ ဘူတာတွေမှာ နိုင်ငံခြားသားဧည့်သည်ဆိုရင် ဒေါ်လာနဲ့ပဲ ပေးဆောင်ရတယ်ခင်ဗျ”
”ကဲ ကဲ ဟုတ်ပါပြီ ဆရာသမားရယ် အခုကျွန်ုပ်တို့ဆီမှာ အဲဒီဒေါ်လာတစ်ပြားမှ ပါမလာတော့ အခု ဘယ်လိုလုပ်ရပါ့မလဲ”
”အဲ . .. ဒါဆိုလည်း ရပါတယ်ဆရာ။ ကိစ္စမရှိပါဘူး။ ဒီနေ့ပေါက်ဈေးနဲ့ တွက်ပြီး မြန်မာငွေပဲ လက်ခံရတော့မှာပေါ့ဗျာ”
”ကျေးဇူးပါဗျာ ကျေးဇူးပါဗျာ”

သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ပိုက်ဆံအိတ်ထဲ မှ ကျွန်ုပ်အတွက် ၂ဝဝ ကျပ်နှင့် Malte အတွက် ၁ဝဝဝ တန်တစ်ရွက်ကို တစ်ပေါင်းတည်းထုတ် ကာ အနှီဘူတာ လက် မှတ်ရောင်း ဆရာသမားအားပေးလိုက်ပါပေတော့၏။ ထိုအခါ ၎င်းလက်မှတ်ရောင်းအာစရိမှာ နောက်ထပ်စကားဆိုလာ ပြန်ပါလေတော့၏။
”၁၂ဝဝ ပဲ ရှိသေးတယ်ဆရာ ၂ဝဝ လိုသေးတယ်”
”ဘယ်လိုဘယ်လို အဲဒီမှာ ကျွန်ုပ်အတွက် ၂ဝဝ နဲ့ သူ့အတွက် ၁ဝဝဝ လေဗျာ။ ပြည့်နေသားပဲ ဥစ္စာ”
”လိုနေသေးတယ်ခင်ဗျ။ တစ်ဒေါ်လာကို ၁၂ဝဝ ကျပ်နဲ့ တွက်ပေးရမှာ”
”ဗျာ ဘယ်လို၊ ဒီကနေ့ ဒေါ်လောပေါက်ဈေး ဟာ ၉၈၈ ကျပ်ပဲရှိတဲ့ဥစ္စာ။ အခု တစ်ထောင်တောင် ပေးထားတဲ့ဟာကို”

ထိုအခါ အနှီဘူတာစာရေးများက မျက်လုံးများ မှေးစင်း၍ ပြုံးကာပြုံးကာဖြင့် ကျွန်ုပ်ကို ကြည့်ကာ သူတို့သူတို့ သူတို့၏ လုပ်ငန်းတာဝန်များနှင့်တကွ လုပ်ရကိုင်ရာ ကိစ္စအ ဝဝကို ရှင်းလင်းပြောဆို ဖွင့်ဟခဲ့ပါပေတော့၏လေ။

”ဆရာသမား ပြောသလို ဒေါ်လာ ဒီကနေ့ ပေါက်ဈေးဟာ ၉၈၈ ကျပ်ဆိုတာ မှန်ပါတယ်”
”ဒါဆိုရင် … ဘာဖြစ်လို့”
”ဟုတ်တယ် ဆရာသမား။ ကျုပ်တို့က အခြားနေရာကိုသွားပြီး အဲဒီဒေါ်လာ ပြန်ဝယ်ထည့်ရမှာ ၂ဝဝ ကျပ်ပိုယူတာ ခရီးစားရိတ်ဆိုပါတော့ဆရာရယ်”
”အင်း ဟုတ်ပါပြီ ဟုတ်ပါပြီ။ ရှင်းပါပြီ ရှင်းပါပြီ ကဲ ရော့ ရော့ နောက်ထပ် ၂ဝဝ”

ဤသို့အားဖြင့် မြန်မာဆာသော်ဒိုးမှာ

‘နှစ်ရာ’ နှင့် ကိစ္စပြီးလေပြီး ဂျာမနီ ‘မိုင်တန်’ မှာ ‘တစ်ထောင့်နှစ်ရာကျပ်’ နှင့် နိဂုံးချုပ်ကာ မြင်းသတ္တဝါတစ်ကောင် ဒုန်းဆိုင်းပြေးလွှားနေသည့်အလား ရန်ကုန်စပါယ်ရှယ် မြို့ ပတ်ရထားပေါ် မှာ ပျော်ပျော်ကြီး မောမော်ကြီး စီးနင်းလိုက်ပါခွင့် ရခဲ့ပါလေတော့၏။ ကျွန်ုပ်အတွက် လက်မှတ်ကလေးပေါ်မှာ သေသေချာချာ ရိုက်နှိပ်ထားသည်ကား ၂ဝဝ ကျပ် ဖြစ်ပါလေ၏။ြေူအန ၏ ရထားလက်မှတ် ဘောက်ချာဖြတ်ပိုင်းအား အမှတ်မထင်ယူကြည့်မိလေရာ ‘ကျသင့်ငွေ’ နေရာမှာ ‘၁ဝဝဝ’ ကျပ် တိတိဟု သာ တွေ့မြင် ခဲ့ရပါလေတော့၏ခင်ဗျာ။

ပြုံးရယ်နေသော Malte ထံမှ အမှတ်မထင် စကားလုံးအချို့ထွက်ကျလို့ လာလေရာ ကျွန်ုပ်မှာ သူ၏ ဗမာစကားအသုံးအနှုန်းကိုက်ညီမှု စွမ်းရည်ကို အံ့သြချီးကျူးဝမ်းမြောက် ဂုဏ်ယူခဲ့ရပါလေတော့၏။

”၂ဝဝ က လက်ဖက်ရည်ဖိုးပေါ့”

ဆာသော်ဒိုး

ဝေဖန်ရေးသည် အကောင်းဆုံး ဝန်ဆောင်မှု ဖြစ်သည်။

$
0
0

ဒါရိုက်တာ ဥက္ကာဗို ၏ ‘ကျွန်တော်တို့လည်း တာဝန်ရှိပါသည်’

(၁)
ကိုယ့်မှာ ရှိသည့် ပစ္စည်း သူတစ်ပါးကို ပေးသည့် လုပ်ငန်းကို လူတိုင်း မလုပ်ရဲကြ။ မိမိ၏ ဥစ္စာဓန၊ မိမိ၏ အချိန်၊ မိမိ အတပ်မက်ဆုံး အရာတို့ကို သူတစ်ပါး အ တွက် ပေးဆပ် ရဲသော စိတ်သည် သာမန် လူများတွင် မရှိကြပါ။ ထို့ထက်ပိုပြီး ခက်ခဲသည်က ဘဝ တစ်ခုလုံးကို ပေးဆပ်ပြီး သူတစ်ပါးကို ကူညီရိုင်း ပင်းခြင်း ပင်ဖြစ် သည်။

ဝတ္ထုဗျူး၊ ဇာတ်ညွှန်း ဗျူးနှင့် နတ်သမီး၊ ဒါရိုက်တာ ဥက္ကာဗို ရိုက် ကူးပြီး မင်းမော်ကွန်း၊ နေဒွေး၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ ဖိုးကျော်၊ နေအောင်၊ ဇော်ဦး တို့ သရုပ်ဆောင် ထားသော ‘ကျွန်တော် တို့လည်း တာဝန်ရှိပါသည်’ သူတကာ အတွက် (သူငယ်ချင်း အတွက်) ဘဝကို ပေးဆပ်သည့် ဝါဂွမ်းဖြူ (မိုးယုစံ) ၏ ဘဝဖြတ်သန်း မှု စာမျက်နှာများကို ပုံဖော် ရိုက်ကူးထားသော ဗီဒီယို ဇာတ်ကားတစ်ကား ဖြစ်သည်။

ဗျူးသည် ဇာတ်လမ်း အသား ပေးဝတ္ထုများကို ရေးသားနေသော စာရေးဆရာ တစ်ဦး ဖြစ်ပါသော် လည်း သူ့ဇာတ်လမ်း များသည် ဤ လူ့လောကထဲမှ လူတို့၏ ဇာတ် လမ်း များသာဖြစ်သည်။ တစ်ခါတစ်ခါတွင် မူ သဘာဝ ယုတ္တိခိုင်မာမှု များအား နည်းနေတတ်သည်။

ဤဇာတ်လမ်း၏ အစသည် ရေနံ့သာရွာ၏ တောင်ပိုင်း၊ မြောက် ပိုင်း ကွဲပြားမှုအပေါ် အခြေခံပြီး လူငယ်များ ရန်ဖြစ်ကြသည်။ ထိုရန်ပွဲ ကို ဖျန်ဖြေရန် လာသော ဆရာကြီး ဦးရွှေဝင်း (ဇော်ဦး)သည် တပည့်များ၏ မဆင်ခြင်၊ မထိန်း သိမ်းမှုဖြင့် ဒဏ်ရာ ရကာ ဆေးရုံ၌ ကွယ်လွန်သွားသည်။

ဆရာကြီးက သူ မကွယ်လွန်မီ ”တောင်၊ မြောက် စိတ်ဝမ်းမကွဲကြ ဘဲ စည်းလုံးညီညွတ်ကြပါ” ဟု မှာခဲ့ သဖြင့် လူငယ်များ စည်းလုံးကြ သည်။ ဆရာကြီး သည် ရွာတွင် တစ် နှစ် တစ်ခါက ပွဲလုပ်သည်။ ရွာ ကျောင်းအတွက် ကွန်ပျူတာ၊ တီဗီ၊ အောက်စက် တို့ကို အရစ်ကျပေး ဆပ်သော စနစ်ဖြင့် ဝယ်ပြီး၊ ကျောင်း မြေရှင် သီးနှံစိုက်ကာ အကြွေးဆပ် သည်။ ၁ဝ တန်းတွင် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်သော စိမ်းမြ (မိုးပြည့်ပြည့်မောင်) ကို အဆိုပါ စိုက်ခင်း မှရသော ငွေဖြင့် ဆရာဝန် ဖြစ်အောင် သင်ကြား မည်ဟု ဆရာကြီးက ဆိုသည်။ သန်းအောင် နှင့် ပန်းအိ လက်ထပ် လိုက်ခြင်းဖြင့် ဆရာကြီး မှာခဲ့သော တောင်၊မြောက် ကွဲပြားမှု ပြေလည်သွားကြသည်။

ဇာတ်ကို ပထမဦးဆုံး လှုပ် အောင်ပြုလုပ် လိုက်သော ဃသာ်ူငန ကမူ ဝါဂွမ်းဖြူ (မိုးယုစံ)၏ မိသားစု ပြဿနာ ပင်ဖြစ်သည်။ မိသားစု စီးပွားရေး ကျဆင်း၊ ဖခင်လေဖြတ်၊ အကျပ် အတည်းကို တင့်လွင်က ကူညီ၊ မြို့သို့ခေါ် ပြီးဆေးကု၊ ဆေးဖိုး လိုသဖြင့် တင့်လွင်က မိဝါကို သိန်းရွှေကြည် (နေအောင်) ဆီသို့ ခေါ်သွား၊ နေအောင်က မိဝါ ကို မော်ဒယ် ထိုင်ခိုင်းပြီး ပန်းချီဆွဲ၊ မိဝါ သိန်းရွှေကြည် ထံမှ ဖခင်အတွက် ငွေဆယ်သိန်း ယူလာသည့် အချိန်ထိ မိဝါသည် ရွာ၌ အတူနေခဲ့သော ”နေထက်ပူပြင်း” (ဖိုးကျော်) အပေါ် သံယောဇဉ် ရှိသေးသည်။ မိဝါဘဝ ကိုမတင် စတေးသည်မှာ စိမ်းမြ ဆေးကျောင်းတက်ရန် အတွက် ဖြစ်သည်။ မိဝါသည် တင့်လွင်လက်မှ ရုန်းထွက် ပြီး စိမ်းမြ (မိုးပြည့်ပြည့် မောင်) ပွကြီး (မင်းမော်ကွန်း)၊ မိုးလုံး (ညီထွဋ်ခေါင်) တို့နှင့် အတူ အိမ်ငှား နေကြသည်။ ပွကြီးနှင့် မိုးလုံး ဆောက်လုပ်ရေး ခွင်တွင် ရန်လိုဖြစ် ပြီး စူပါ ဗိုက်ဆာ ဒဏ်ရာ ရသည်။ လျော်ကြေးငွေ လေးသိန်း လိုလာ သဖြင့် မိဝါ သိန်းရွှေကြည် ဆီ သွား ရပြန်သည်။ သည်လိုနှင့်ပင် မိဝါ သည် စိမ်းမြနှင့် သူငယ်ချင်းတွေ အတွက် သူ့ဘဝကို စတေးနေရစဉ် ရွာမှ ‘ပူပြင်း’ လိုက်လာရာ မိဝါနှင့် သိန်းရွှေကြည် တို့အဖြစ် ကို မျက်မြင် တွေ့လိုက်ရပြီး စိတ် ထိခိုက်ကာ ထန်းရည် ချည်းသောက် သည်။ ထန်း တက်စဉ် ထန်းပင်ပေါ်က ပြုတ်ကျ၊ ဆေးရုံရောက်ပြီး သေသည်။ ပူပြင်း သေရခြင်း သည် သူ့ကြောင့်ဟု မိဝါက ယုံကြည် သွားသည်၊ ပွကြီး နှင့် စိမ်းမြ ချစ် သူတွေ ဖြစ်သွားကြ သည်။ မိဝါက တရားဓမ္မ တွင် မွေ့လျော်နေသည်။ သူငယ်ချင်းတွေ လာရောက် အားပေးကြသည်။
ဇာတ်လမ်းက ဤမျှသာ။

(၂)

ဗျူး၏ ဇာတ်လမ်းသည် ဖြစ် တည်ရာ အခြေတော့ နည်းသည်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်သော၊ လောကကို အလှဆင်သော၊ လူငယ် များတွင် ရှိသင့်သော စိတ်အရည် အချင်း ကို ဖော်ကျူးထားသော ဇာတ်လမ်း ဖြစ်၍ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပေါင်း လက္ခဏာ ဆောင်နေသည်။ မြန်မာ ဗီဒီယို ဇာတ်ကားများထဲ တွင် ဤသို့ ရည်ရွယ်ချက်ကောင်းသော ဇာတ် ကားများ အလွန်နည်းသည်။

အနုပညာ တစ်ခု တင်ဆက်ရာ တွင် ငွေကြေး ပါဝင်သော်လည်း ငွေရရင်ပြီးရော ဟူသော စိတ်မျိုးဖြင့် မဖန်တီးသင့်ပါ။ ထို့ထက် ဆိုးသည်က ‘စိတ်ညစ်ရင်၊ အ ရက်သောက်’ ပြကွက်များ၊ ဇာတ်ကားတိုင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ ဤဇာတ် ကားတွင် မိဝါ ကိစ္စကို မြင်တွေ့ ရသဖြင့် ရွာပြန် ထန်းရည်သောက်၊ အသောက် သမားဖြစ် သွားကာ ထန်းပင်ပေါ်မှ ပြုတ်ကျပြီး၊ ပူပြင်းကို သတ်ပစ် လိုက်ခြင်းသည် ‘ဗျူး’၏ ဖန်တီး ချက်ဖြစ်သည်။ မြန်မာ့ ရုပ်ရှင် ဇာတ်ကား များတွင် မလို တော့ သော ဇာတ်ကောင် (ဇာတ်ပို့) များကို ကားတိုက်သတ်၊ ရန်ဖြစ် ရာတွင် ဝင်ကယ်ပြီး ဓားထိုးခံရ၊ စသည်ဖြင့် အလွယ်တကူ သတ်ပစ် လိုက်သည်မျိုးကို မြိန်ရေယှက်ရေ ရိုက် ကူးပြ သနေကြသည်။ ဇာတ်ပို့ ဇာတ်ကောင် တစ်ကောင်၏ အဆုံး ကို မပြဘဲနှင့်လည်း ဇာတ်ကား ကို အဆုံးသတ်၍ ရပါ၏။

ဤဇာတ်ကားတွင် ကျွန်တော် သိပ်သဘော ကျသော အချက်မှာ မည်သူကမှ တာဝန် ပေးအပ်မထား သည့် လုပ်ငန်း များကို တာဝန်ယူကြ ခြင်းဖြစ်သည်။ ‘ကျွန်တော် တို့လည်း တာဝန် ရှိပါသည်’ဟု လူငယ် တို့၏ ရင်ထဲတွင် ယုံကြည် လက်ခံသွားခြင်း သည် ဤ ဇာတ်ကား၏ ‘အလှတရား’ ဖြစ်ပါသည်။

စိမ်းမြသည် ပညာရေးတွင် ထူးချွန်သည်။ ထို့ကြောင့် ဆေး ကျောင်းတက်ရန် ငွေလိုသည်။ ဒါကို လူငယ် အားလုံးက ညီညာဖျဖျ စိုက်ပျိုးပြီး ထောက်ပံ့သည်။ ပွကြီး နှင့် မိုးလုံး က သူ့တို့လုပ်အားဖြင့် ငွေရှာပြီးပေးသည်။ မိဝါက ခန္ဓာ ကိုယ် အပ်၊ ဘဝ အပျက်ခံပြီး စိမ်းမြ ဆရာဝန် ဖြစ်အောင် ကူညီသည်။

စဉ်းစားကြည့်ပါ။ အဆိုပါ စိတ်မျိုး၊ ဘယ်သူတွေ ထားနိုင်ပါ သနည်း။ မိဝါသည် သူ၏ ဆန္ဒအရ ခန္ဓာကိုယ် အပ်နှင်းရသည် မဟုတ်။ စီးပွားရေး စနစ်၊ အလုပ်အကိုင် အခွင့် အလမ်း နည်းပါးမှု သည်သာ မိဝါ ဤသို့ ဖြစ်ရခြင်း၏ တရားခံ အစစ် အမှန်ဖြစ်သည်။ ထို့ကြောင့် မိဝါသည် သန့်ရှင်းသူ၊ လေးစားရ လောက်သူ ဖြစ်သည်။

(၃)

ဇာတ်ကား တစ်ခုလုံး တွင် အရေးအပါဆုံး ဝါဂွမ်းဖြူ အဖြစ် သရုပ်ဆောင်ရသည့် မိုးယုစံသည် ကြော်ငြာတွင် အောင်မြင်သော် လည်း ရုပ်ရှင်၊ ဗီဒီယိုတွင် မအောင် မြင်သူ တစ်ဦးဖြစ် သည်။ ယခု ဤ ဇာတ်ကားတွင် မူ တချို့နေရာများ တွင် မိုးယုစံ ဖြစ်ဖြစ် သွားသည်မျိုး ရှိပါသော်လည်း မိဝါအဖြစ် သရုပ်ဆောင်နိုင်ခဲ့ ပါသည်။ ဗျူး၏ ဇာတ် ကောင် ပွကြီး အဖြစ် သရုပ်ဆောင် ရသော မင်းမော်ကွန်း မှာ ဤ ဇာတ်ကားတွင် ဘာမှ ထူးထူးခြားခြား မရှိပါ။ သူပါဝင်သည့် အခန်းများ နည်းသည်။ နေအောင် ကမူ ပန်းချီ ဆရာ သိန်းရွှေကြည် အဖြစ် သရုပ် ဆောင်ရာတွင် ပီပြင်ပါသည်။ ဦးဇော်ဦး၊ ဦးညီထွဋ်ခေါင်၊ နေဆန်း၊ ဖိုးကျော်တို့၏ သရုပ်ဆောင်မှု ကမူ အထူးပြောဖွယ် မရှိပါ။ Editing နှင့် Continicity တို့က မူသည် ထက်ပိုပြီးကောင်းသင့်ပါ၏။

ဥက္ကာဗို သည် ဤဇာတ်ကား တွင် ‘အပြော’ ထက် ‘အပြ’ကို ဦးစားပေး ရိုက်ကူးသည်။ ဇာတ် ကောင် အမူအရာကို ထိန်းကျောင်း နိုင်သည်။ စိမ်းမြ မီးဖိုချောင်တွင် ဟင်း ချက်နေစဉ် ပွကြီးဝင်လာပြီး၊ သူတို့နှစ်ဦး တွေ့ဆုံစကားပြောခန်း လေးက အလွန်လှသည်။ ဒါရိုက်တာ ကောင်းသလို၊ မိုးပြည့်ပြည့်မောင်နှင့် မင်းမော်ကွန်း တို့လည်း သရုပ် ဆောင် ကောင်းကြပါ၏။ ဆိုရသော် ဤဇာတ်ကားတွင် သရုပ်ဆောင် အကောင်းဆုံး မှာ စိမ်းမြ အဖြစ် သရုပ်ဆောင် ရသော မိုးပြည့်ပြည့် မောင် ဖြစ်သည်။

နိဂုံးချုပ် ဆိုရသော် နှစ်ပေါင်း ၅ဝ ကျော်၊ တာဝန် ရှိသူများက တာဝန် မသိခဲ့၍ ပျက်စီးယိုယွင်းနေ သော ကျွန်တော်တို့ လူ့အဖွဲ့အစည်း  အတွက် တာဝန် မရှိသော်လည်း တာဝန် သိလာသော လူငယ်များ၏ ‘စိတ်ရနံ့လေး’ များကို ကြည့်ရှုရသူ များထံသို့ ကူးစက် ပျံ့နှံ့ရောက်ရှိ သွားစေရန် ကြိုးပမ်း လိုက်သော ဗျူး နှင့် ဥက္ကာဗို တို့ကို ကျွန်တော် တို့ အားလုံး ဝိုင်းဝန်း လက်ခုပ်တီးပေး ကြရမည်ဖြစ်ပါသည်။

မောင်အိမ်စံ

ယခုလအညွှန်း

၁။ တိမ်တစ်စနှင့် နွယ်တစ်မျှင်
၂။ အချစ်ညွတ်ကွင်း
၃။ ဘဝကိုလောင်းကြေးထပ်သူများ
၎။ ကမ္ဘာတစ်ဆုံးပြဇာတ်
၅။ ကီပင်

Viewing all 194 articles
Browse latest View live