”ဘဝဆိုတာ ရုပ်မြင်သံကြားကြော်ငြာမဟုတ်ဘူးတဲ့” အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေတဲ့ခန်းမတစ်ခုထဲလွင့်ပျံ့ကျလာတဲ့အသံတစ်ခု …။ အားလုံးပဲ စီးမျော သွားကြ သည်။ အသံရဲ့နောက်မှာတော့ အတွေး…။ဒီဇင်ဘာ ၁၆ ရက် တနင်္လာနေ့က ဖြစ်သည်။ ထရိတ်ဒါးဟိုတယ်ခန်းမတစ်ခုထဲမှာ ဖြစ်သည်။ ပင်လယ် ထုတ် လုပ်ရေး က အနုပညာ အစီအစဉ် များစွာ သတင်းမီဒီယာများနှင့် မိတ်ဆက်ပွဲအခမ်းအနားမှာ ဖြစ်သည်။
ပင်လယ်ထုတ်လုပ်ရေးက ၂ဝ၁ဝ မေလမှာ စတင်ပြီး ဖွဲ့စည်းခဲ့သည်။ ပထမဆုံးလှုပ်ရှားမှုက Walk of Fame (အောင်မြင်မှုလမ်းမများ) ဆိုတဲ့ Music Program ကို စီစဉ် ထုတ်လုပ်ခဲ့သည့် ဒါရိုက်တာ ရဲမြင့်သူ၊ Chief Executive Producer ကိုဇာနည်လွင်၊ Executive Producer Director ဏကြီး၊ Music Producer မိုနိုလေး၊ Sound Engineer နေဝင်းထွန်း၊ Production Manager မေစန္ဒီတင်ဦး၊ Editor နိုင်ဦးတို့နှင့် ဖွဲ့စည်းထားကြတာ ဖြစ်သည်။
၂ဝ၁ဝ မတ်လမှာ Wanted Band နဲ့ စာချုပ်ချုပ်ပြီး ‘ငါ့ဂီတ၊ ငါ့ဗီဇ’ အယ်လ်ဘမ်ကို စီစဉ်ထုတ်လုပ်သည်။ ၂ဝ၁၂ မှာ Song Chat (သီချင်းဝိုင်း) ဆိုတဲ့ Music Program ကို ပြောင်းလဲထုတ်လုပ်ခဲ့သည်။ ဒါရိုက်တာက ဏကြီး ဖြစ်သည်။ ၂ဝ၁၃ ဖေဖော်ဝါရီလမှာ Stupid Cupid Album ကို Audio နှင့် MTV Package ပုံစံနဲ့ ထုတ်လုပ်ခဲ့ သည်။ အဲဒီနေ့က ကျွန်မတို့ မြည်းစမ်းကြည့်ခွင့်ရခဲ့တာက ရဲတိုက်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားသုံးကားဖြစ်သည်။
”ဘယ်ကလာလဲ၊ဘာလုပ်နေလဲ၊ ဘယ်လို သွားမှာလဲ” ရဲတိုက်၊ ဂျေမီ၊ ဖွေးဖွေး၊ မေသန်းနု ဒါရိုက်တာ ဏကြီး၊ ဇာတ်လမ်း ဇာတ်ညွှန်းအောင်ပြည့်စုံ၊ ဏကြီး ၂ဝ ရက် ဒီဇင်ဘာမှာ စတင်ပြသခဲ့။’သနပ်ခါး’ ရဲတိုက်၊ နေအောင်၊ ဝတ်မှုန်ရွှေရည်၊ မေကဗျာ၊ ဇာတ်လမ်း အောင်လင်း၊ ဇာတ်ညွှန်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၂ဝ၁၄ ဇန်နဝါရီ မှာ ပြသမည်။ ‘ဘိုမ’ ရဲတိုက်၊ ဖွေးဖွေး၊ အေးမြဖြူ၊ ဇာတ်လမ်း ဇာတ်ညွှန်းဒါရိုက်တာ ဏကြီး ၂ဝ၁၄ မတ်လခန့်တွင် ထွက်ရှိမည်။
ထူးခြားတဲ့ ရိုက်ချက်၊ သရုပ်ဆောင်မှုနဲ့ အသံစနစ်တွေထဲ ကျွန်မတို့ ခံစားမျောပါခဲ့ကြသည်။ ပင်လယ်ထုတ်လုပ်ရေးက တစ်နှစ်ကို ရုပ်ရှင်တစ်ကားသာ ရိုက်ကူးထုတ်လုပ် မည်ဟု ဆိုသည်။ ခေါင်းညိတ်ရမိသည်။ မြန်မာရုပ်ရှင် ဇာတ်ကားများကို ကျွန်မတို့ ပြည်သူတွေ စိတ်ပျက်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ မြန်မာရုပ်ရှင်ဗီဒီယို အစားထိုး ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ၏ လွှမ်းမိုးဆွဲဆောင်ခြင်းကို ခံနေကြရသည်မှာ ကြာပြီဖြစ်သည်။ ယဉ်ကျေးမှုကူးခပ်လွှမ်းမိုးခြင်းခံနေခဲ့ရတာ ကြာပြီဖြစ်သည်။
မြန်မာလူငယ်များအကြား ကိုရီးယား ယဉ်ကျေးမှုက ခေတ်စားနေတာ ကြာပြီဖြစ်သည်။ ဒီထက်ဆက်ကြာလျှင် မြန်မာ့ယဉ်ကျေးမှု၊ နေထိုင်မှုဓလေ့စရိုက်များ လူငယ်တွေ သိနိုင်မည် ပင်မထင်။ အစားအသောက်၊ ဖက်ရှင်၊ ဓလေ့ စရိုက်အရာအားလုံး ကိုရီးယားယဉ်ကျေးမှုသာ လွှမ်းမိုးလို့နေသည်။ ဒါတွေအားလုံးက ရုပ်ရှင်ကလာ သည်။ မြန် မာ့ရုပ်ရှင်ကို မြန်မာတွေ မကြည့်တော့ခြင်းက လာသည်။ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေကို လူငယ်တွေ မကြည့်တော့ခြင်းက လာသည်။ အဲဒီအတွက် ပင်လယ်ကို ကျွန်မတို့ ကြိုဆို ရပါမည်။ မြန်မာရုပ်ရှင်ကို မြန်မာလူငယ် တွေ ကြည့်ချင်အောင် ဆွဲဆောင်ထားသောကြောင့် ဖြစ်သည်။ ပင်လယ်ကဲ့သို့ ထုတ်လုပ်ရေးများ ကျွန်မတို့ တိုင်းပြည်တွင် များများလိုအပ်လျက် ရှိပါသည်။
ပင်လယ်က Target အနေဖြင့် Pin Lel ရုပ်သံ studio တစ်ခုဖွင့်ဖို့ရှိသည်ဟု ဆိုပါသည်။ Pin Lel Production ရဲ့ ရုပ်ရှင်ကားအသစ်တွေ ရိုက်ဖို့ရှိသည်ဟု ဆိုပါသည်။ အခြားထုတ်လုပ်ရေးများနှင့် ပူးပေါင်းပြီး ရုပ်ရှင် ၄ ကား ထုတ်လုပ်သွားမည်ဟု ဆိုသည်။ ရဲတိုက်က သူ့ဇာတ်ဝင်ခန်းမှာ ဘဝဆိုတာ ရုပ်မြင်သံကြား ကြော်ငြာတစ်ခု မ ဟုတ်ဘူးဟု ဆိုခဲ့သည်။ အဲဒီဇာတ်ဝင်စကားက ကျွန်မတို့ ရင်ကို ထိစေခဲ့၊ ငြိစေခဲ့သည်။ ဘဝသည် ဘဝသာ ဖြစ်သည်။ ဘဝကို ကျွန်မတို့ ဘယ်လိုဖြတ်သန်းမလဲဆိုတာ ‘ဘယ်ကလာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကိုသွားမလဲ’ ဆိုသည့် ရုပ်ရှင်ဇာတ်ကားရဲ့ အမည်နာမက ရည်ညွှန်းပြီး ဖြစ်သည်။
ရဲတိုက်၏ ပုံရိပ်များကို အဲဒီနေ့က ကျွန်မတို့ လွမ်းဆွတ်စွာ တွေ့မြင်ရသည်။ ဘဝဟာ ရုပ်မြင်သံကြားကြော်ငြာတစ်ခုထက် ပိုမိုကြောင်း ရဲတိုက်က ကျွန်မတို့ကို အသိပေးခဲ့ သည်။ သတိပေးခဲ့သည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရဲတိုက်ကိုသတိရမိကြောင်း ကျေးဇူးစကားရဲ့အစမှာ အမှတ်တရ ပြောသည်။ သူ့အသံမှာ တစ်စုံတစ်ခု ထိ ခိုက်မှု ရှိနေသည်ဟု ကျွန်မတို့အားလုံး ခံစားခဲ့ကြရသည်။
ဆေးခြောက်တစ်ကျပ်သား အမှုကိစ္စဖြင့် ဟိုးအဝေးတစ်နေရာမှာ ဘာမှလုပ်လို့ မရသည့် အလုပ်တစ်နေရာတွင် သူရောက်ရှိနေခဲ့သည်ဟု မင်းထင်ကိုကိုကြီးက အမှတ် တရဆိုပါသည်။ ကျွန်မတို့အားလုံးပဲ ထိခိုက်ခံစားကြရပါသည်။ ရဲတိုက်က ပြည်သူကို အနုပညာဖြင့် အသေအချာ အကျိုးပြုခဲ့သော အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ သူ့ရဲ့ အနုပညာနှလုံးသားအတွက် ကျွန်မတို့ ဂုဏ်ပြုဦးညွတ်ရပါသည်။ ခေတ်၊ စနစ်နှင့်သူဖြတ်သန်းရသောလမ်းထဲ ရဲတိုက် ပြန်လည်လူးလွန့်နိုးကြားလာလိမ့်ဦးမည်ဟု ကျွန်မ တို့ ယုံကြည်မိရပါသည်။ ကျွန်မတို့ လူ့အဖွဲ့အစည်းက ရဲတိုက်၏ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ကြရပါသည်။ ရဲတိုက်က ရှိမနေပါ။ တစ်ချိန်တွင် သူ ပြန်လာ လိမ့်ဦး မည် ဖြစ်သည်။
ဘဝက ရုပ်မြင်သံကြားကြော်ငြာတစ်ခုမဟုတ်ခဲ့သလို ရုပ်ရှင်တစ်ကားထက် ပိုကြောင်း ဆရာသုခမိန်လှိုင်က ထိုနေ့က ပြောခဲ့သည်။ ဘဝက ရုပ်ရှင်တစ်ကားထက် ပိုပါ သည်။ ထို့ကြောင့် ကျွန်မတို့ ရုပ်ရှင်ကြည့်ကြရပါမည်။ ကောင်းမွန်သော အနုပညာဖြင့် ထုံမွမ်းသော ရုပ်ရှင်ဇာတ်ကားများက ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် ဘဝ လမ်းတွေအကြောင်း တစ်စုံတစ်ရာ ညွှန်ကြားပြသနိုင်မည်ဟု ယုံကြည်ရင်းပဲ ဖြစ်ပါ သည်။
အေးမွန်