ဒါရိုက်တာ သန့်ဇင်အောင်၏ ‘နက်ဖြန်ခါ’
(၁)
မစန္ဒာ၏ ဝတ္ထုကို သမီးမြတ်ကျော် ဇာတ်ညွှန်း ရေးသားပြီး သန့်ဇင်အောင် ရိုက်ကူးသည့် ‘နက်ဖြန်ခါ’ သည် ပစ္စည်းမဲ့ လူတန်းစား မိန်းမပျိုများ အပေါ် အနိုင်ယူ ဖျက်ဆီး သည့် ဓနရှင်လူတန်းစား များကို လက်ညှိုး ထိုးပြထားသော ဗီဒီယို ဇာတ်ကား တစ်ကားဖြစ်သည်။ ခန့်စည်သူ၊ ခိုင်သင်းကြည်နှင့် နန်းမြတ်ဖြိုးသင်း တို့က ဦးဆောင် ပါဝင် သရုပ် ဆောင်ထားသည်။
မိဘမဲ့တစ်ကောင်ကြွက်၊ ကျပ်မပြည့်သူ လေရူး အဖြစ် ခန့်စည်သူက သရုပ်ဆောင်ပြီး အိမ်ကြီးရှင် ဒေါ်ခင်သန်းနွယ်၏ အိမ်တွင် အိမ်ဖော် အဖြစ် လုပ်ပြီး အိမ်ကြီးရှင် ၏သား ဝဏ္ဏ ၏ ခြေတော်တင် ခံရသူ၊ ကိုယ်ဝန်ရပြီး ရေတွင်းထဲ သို့ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်သွားသူ မိန်းမပျို အဖြစ် ခိုင်သင်းကြည်က သရုပ်ဆောင် သည်။ လေရူး၏ အိမ်နီးနားချင်း၊ လေရူးအပေါ် သံယောဇဉ် တွယ်ငြိနေသော အပျိုပေါက်မလေး၊ ကျောင်းသူလေး တစ်ဦးအဖြစ်ကိုမူ နန်းမြတ်ဖြိုးသင်းက သရုပ်ဆောင် သည်။
နန်းမြတ်ဖြိုးသင်း (မိငြိမ်းချမ်း) သည် မိခင် ဆုံးပြီး ဖခင် ဆရာဝန်ကြီးနှင့် နေသည်။ သူတို့ အိမ်အနီးတွင် လေရူးသည် တစ်ဦး တည်းနေသည်။ လေရူးက သူတို့ ရပ်ကွက် လမ်းကလေးကို ပြင်ရန် အုတ်ခဲထုသည်။ မိငြိမ်းချမ်းက သူ့ဆီလာပြီး ရင်ဖွင့်သည်။ လေရူးက နှစ်သိမ့်သည်မျိုး မဟုတ်။ မိငြိမ်းချမ်း ဒေါသထွက်လာသော အခါ အုတ်ခဲ ထုခိုင်းသလို သိပ်ခံစားနေ ရသောအခါ ‘ငိုဟာငို’ ဟု ပြောပြီး ငိုခိုင်းသည်။ ဖခင်ထံ လာသော တစ်ခု လပ်မိနီမကို ခဲနှင့်ထုရန် လာခေါ်သော အခါတွင်မူ လက်မခံ။ မလုပ်။ မိငြိမ်းချမ်း ကိုလည်း မလုပ်ရန် တားသည်။
ဆရာမ မစန္ဒာသည် လေရူးကို ကျပ်မပြည့်သူ အဖြစ် ဖန်ဆင်း ရေးသားခဲ့သော်လည်း လေရူး သည် ရမ်းကားမှု မရှိ။ လေရူးနှင့် မိငြိမ်းချမ်း တို့၏ ဆက်ဆံရေးကို သန့်ရှင်း ဖြူစင်မှုအပြည့်ဖြင့် ပြသည်။ ယခု ဇာတ်လမ်းတွင် မိငြိမ်းချမ်းသည် ပဓာန ဇာတ်ကောင်ဖြစ်သည်။
ဤနေရာတွင် အနည်းငယ် ပြောလိုပါသည်။ ကျွန်တော်တို့ နိုင်ငံ ရုပ်ရှင်လောကတွင် နာမည်ကြီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ရသော နေရာ၊ ဇာတ်ကောင် များ ကို အဓိကဇာတ်ကောင် (အမျိုးသား၊ အမျိုးသမီး ဇာတ်ဆောင်) ဟု သတ် မှတ်ကြသည်။ ဤဇာတ်ကားတွင် မိငြိမ်းချမ်းသည် အမျိုးသမီး ဇာတ်ဆောင် မဟုတ်။ ခိုင်သင်းကြည် ကို သာ သတ်မှတ်မည်။ ကျွန်တော် ကကော မိငြိမ်း ချမ်းသည် အဓိက သရုပ်ဆောင်ဖြစ်သဖြင့် အမျိုးသမီး ဇာတ်ဆောင် (ဇာတ်ပို့မဟုတ်) ဖြစ် သည်ဟု ယူဆသည်။
(၂)
ထားမြိုင်သည် ဖခင်ဆေးဖိုး လို၍ လူချမ်း သာအိမ်တွင် အိမ်ဖော် လုပ်နေရသူဖြစ်သည်။ ထိုအိမ်ရှိ ဝဏ္ဏသည် အိမ်ဖော်တိုင်းကို ဖျက်ဆီး၊ ကိုယ်ဝန် ရှိလာလျှင် မိခင် က တောပြန်ပို့၊ ပစ္စည်းမဲ့ လူတန်းစားများ အပေါ် အနိုင်ကျင့်နေကြသူ၊ ယုတ်မာနေ သူဖြစ်သည်။ ဒေါ်ခင်သန်းနွယ် (မေမေကြီး) အတွက် နှင်းဆီ၊ ခရေပန်းများ ရှာဖွေပေး ရသူမှာ ထားမြိုင်ဖြစ်သည်။
”ဘုရားပန်း ကပ်လှူတာ ကုသိုလ် ရတယ်လို့ ပြောတယ်။ ဒါဆိုရင် ဘုရားရှိခိုးတဲ့ ဟိုသူဌေး ကတော် ကုသိုလ်ရမယ်။ အရှင်ဘုရား။ သူဌေး ကတော်ချည်း ကုသိုလ် မပေး ပါနဲ့ဘုရား။ ထားမြိုင် ပန်းကောက်နေတဲ့ အချိန်မှာ အဲဒီ သူဌေးကတော် ကြီး အိပ်နေတာပါဘုရား”
လေရူး ဆုတောင်းခန်းက လူတန်းစားအမြင် ပါသည်။ ဇာတ်ကောင် စရိုက် ဝင်သည်။ ဤဇာတ်ကားတွင် dialogue တွေက အလွန်လှသည်။ ဆိုပါစို့။ မိန်းကလေး တစ်ဦး ၏ အလှအပနှင့် ပတ် သက်၍ ဆရာမ မစန္ဒာ ပြောပြထားသော စကား လုံးလေး များကို ရွေးထုတ် တင်ပြချင်ပါသည်။
”လှတယ် ဆိုတာ ကောင်းတယ်များ မှတ်နေ သလား ငြိမ်းချမ်းလေး။ အလှတရားက ချမ်းသာ တဲ့ လူတွေ အတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ မမ တို့လို ဆင်းရဲတဲ့ သူတွေ၊ သူများအိမ်မှာ မီခိုနေရသူတွေ အတွက်တော့ မကောင်းပါဘူး”
”ဘာဖြစ်လို့လဲ မမ”
”အန္တရာယ်ရှိလို့ပေါ့”
”ဘာလို့ အန္တရာယ်ရှိတာလဲ”
”လှလို့ပေါ့”
”လှတယ်ဆိုတာ မိန်းကလေးတွေ အတွက် တော့ ရတနာပေါ့။ ဒါပေမဲ့ အဲဒီ ရတနာကို မထိန်း သိမ်းနိုင်ခဲ့ ရင်တော့ ဓားပြတိုက်ခံ ရတတ်တယ်”
”ဘာလို့ မထိန်းသိမ်းနိုင်တာလဲ”
”လက်နက်မရှိလို့ပေါ့”
”အဲဒီလက်နက်ကို ရအောင်ယူပေါ့”
”လက်နက်ဆိုတာ ယူချင်တိုင်း ယူလို့ရတာမှ မဟုတ်တာ”
”တစ်နေ့နေ့တော့ ရလာနိုင်တာပေါ့”
ဒီနေ့ရဲ့ ‘နက်ဖြန်ခါ’ တော့ မဖြစ်နိုင်ဘူး။ ဒီကမ္ဘာကြီး မပျက်ခင် တစ်နေ့နေ့ရဲ့ မနက်ဖြန်ခါ ဖြစ်နိုင်တယ်။
‘နက်ဖြန်ခါ’ သည် လူတိုင်း အတွက် အမှန် တကယ်ရှိ၏။ သည်နေ့ပြီးလျှင် နက်ဖြန်ခါဖြစ် သည်။ သို့သော် ဘဝတွင် လမ်းပျောက်နေသော ထားမြိုင် အတွက်မူ နက်ဖြန်ခါ သည် သည်နေ့၏ နက်ဖြန်ခါ မဟုတ်ပါ။ ဒါကို ထားမြိုင်က မိငြိမ်းချမ်း ကို ပြောပြသည်။
လေရူးတွင်လည်း ‘နက်ဖြန်ခါ’ ရှိသည်။ ထားမြိုင်ထံမှ တောင်းယူ ထားသော နှင်းဆီအဖြူ ပွင့်လေး ပွင့်သောအခါ ထားမြိုင်ကို ပန်ဖို့ပေးသည်။ ထားမြိုင်က မပန် ။ နောက်တော့ ထားမြိုင် က လေရူး လုပ်နေသော ရပ်ကွက် လမ်းကလေး အုတ်ကျိုး ခင်းပြီးလျှင် ပန်မည်ဟု နှစ်သိမ့်သည်။ သို့သော် ထားမြိုင်၌ ရွာတွင် ချစ်သူ ရှိသည်။ ဖခင် ကို ဆေးကုရန် ဆေးဖိုးလိုနေ၍ ဤအိမ်ကြီးတွင် အိမ်ဖော် လာလုပ်နေရသည်။ ထားမြိုင်သည် သူ့အလှကို သူ မကာကွယ်နိုင်ခဲ့။ ဝဏ္ဏ၏ စော်ကားမှုကြောင့် ကိုယ်ဝန် ရှိလာသည်။ သို့သော် လေရူးကို သနားသည်။ သည်လိုနှင့်ပင် ပန်းကို ပန်မည်ဟု နှစ်သိမ့် စကားဆိုပေးခဲ့သည်။ ဝဏ္ဏတို့ စေ့စပ်ပွဲနေ့တွင် ထားမြိုင် ရေတွင်း ထဲ သို့ ခုန်ချပြီး သေသည်။
(၃)
ထားမြိုင်သေပြီ။ သို့သော် ထားမြိုင် ပေးထား သော ပန်းပွင့်မှ နှင်းဆီကိုင်း ကလေးကို လေရူး သည် ပန်းအိုးနှင့် ပြန်စိုက်သည်။ ပန်းပင်ပြန်ရှင် လာပြီး ပန်းပွင့် လာလျှင်….။ ဟူသည် လေရူး ၏ နက်ဖြန်ခါဖြစ်သည်။ ဇာတ်သိမ်းပိုင်း တွင် မိငြိမ်းချမ်းနှင့် လေရူး လမ်းခင်းကြသည်။ ထုစရာ တူကျန်ခဲ့၍ လေရူးက သွားယူနေစဉ် ဝဏ္ဏက သူ၏ စေ့စပ်ပွဲကို ဖျက်သည့် အတွက် ရန်ငြိုးထားပြီး မိငြိမ်းချမ်းကို လည်ပင်း ညှစ်သတ်နေရာ လေရူးက သူယူလာသော တူနှင့် ဝဏ္ဏခေါင်းကို ထုပြီး စိတ် ဖောက်ပြန် သွားသည်။ လေရူးကို ရဲများ ဖမ်းသွား စဉ် မိငြိမ်းချမ်းကငိုပြီး ”လေရူး ဘယ်တော့ ပြန်လာမလဲ၊ ဖေဖေ” ဟု မေးရာဇော်ဦးက
”နက်ဖြန်ခါ ထားမြိုင်ပြောသလို တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ” ဟု ဖြေသည်။
ကျွန်တော် အလွန် သဘောကျမိသည့် ပြကွက် လေးတစ်ကွက် ရှိသည်။ ထိုပြကွက်မှာ မိငြိမ်းချမ်း က ခရေပင်အောက် သို့လာပြီး ခရေပွင့်တွေ ကောက်သည်။ ပြီးမှ ခရေပွင့် များဖြင့် မြေကြီး တွင် ဝဏ္ဏ ဟုရေးပြီး ထိုဝဏ္ဏစာလုံးကို လေရူးနှင့် မိငြိမ်းချမ်းတို့ ဖနောင့်နှင့် ပေါက်ကြသည်။ သည် ပြကွက်သည် သာမန်ပြောပါလျှင် ဘာမှ မထူး ဆန်း။ သို့သော် လေရူးက ကျပ်မပြည့်သူ၊ မိငြိမ်းချမ်းက ကလေး။ သူတို့ မတတ်နိုင်သဖြင့် တတ်နိုင်သလို အနိုင်ယူကာ စိတ်ဖြေ လိုက်ကြသည်မို့ ထိုပြကွက်လေး ကို ကျွန်တော် ကြိုက်ခြင်းဖြစ် သည်။
သန့်ဇင်အောင်သည် ဝတ္ထုကို မီအောင် ကြိုးပမ်း ရိုက်ကူးပါ၏။ ရုပ်လုံးဖော် ပစ္စည်းများကို လည်း အတတ်နိုင်ဆုံး သုံးသည်။ သို့သော် လုပ် ခွင့်မရ၍ လားတော့ မသိ။ ‘နက်ဖြန်ခါ’ သည် ပြဇာတ် ဆန်နေသည်။ စကားပြော များဖြင့်သာ ပရိသတ်ကို အသိပေးနေသည်။ အရုပ်ဖြင့် အသိ မပေးနိုင်ခဲ့ပါ။
သရုပ်ဆောင် ကိစ္စကို ပြောချင်ပါသေးသည်။ ရွှေမှုန်ရတီ စရိုက်သော ကားတွင်ပင် အောင်မြင် သွားခဲ့ပါ၏။ ကျွန်တော်တို့က လက်ခုပ်တီးပြီး သတင်းဖြန့်ဝေ ပေး ကြ သည်။ ယခု ရွှေမှုန်ရတီ ကမူ ဇာတ်ကောင် စရိုက်မဝင်တော့ပါ။ ယခု ‘နန်းမြတ် ဖြိုးသင်း’ သည် ‘နက်ဖြန်ခါ’ တွင် ဇာတ်ကောင် စရိုက် ဝင်သည်။ သရုပ်ဆောင်ကောင်း သည်။ ဆိုရ သော် သရုပ်ဆောင် တစ်ဦးဖြစ်သွားပြီဟု ပြော၍ ရသည်။ သို့ရာတွင် ရွှေမှုန်ရတီ လို မဖြစ်ရန်တော့ ထိန်းထား၊ ကြိုးပမ်းထားရန် လိုသည်။ ခန့်စည်သူ ကမူ အထူး သရုပ်ဆောင်ပြထားသည်။ ခိုင်သင်း ကြည် အပါအဝင် သရုပ်ဆောင် များ ကောင်းကြပါ သည်။
နိဂုံးပြုဆိုရသော် ‘နက်ဖြန်ခါ’ သည် ယနေ့ ထွက်ရှိနေသော ဗီဒီယို ဇာတ်ကားများထဲတွင် ရှားရှားပါးပါး ဇာတ်ကားလေး တစ်ကား ဖြစ်ပါ သည်။
မောင်အိမ်စံ
ယခုလအညွှန်း
၁။ ပန်းရှိုက်သံ
၂။ သတိထားဖမ်းစားတတ်သည်
၃။ အခါးကြိုက်တဲ့ ပျား
၎။ ပဉ္စမံ