၂ဝ၁၂ ခုနှစ်က အာဖရိကတိုက် ယူဂန်ဒါ နိုင်ငံတွင် အီဘိုလာအမည်ရှိ ဗိုင်းရပ်ပိုးတစ်မျိုး ပေါက်ပွားကာ ယင်းဗိုင်းရပ် ကူးစက်ခံရသူတို့တွင် ပြင်းထန်စွာ ဖျားခြင်း၊ ကြွက် သားနာကျင်ခြင်း စသည့် ရောဂါများအပြင် သေဆုံးမှုများပင် ရှိခဲ့သည်။ ယင်းအချိန်က အီဘိုလာရောဂါသည် တစ်ဦးသည် ယူဂန်ဒါနိုင်ငံ ကာဂါဒီဆေးရုံတွင် တက်ရောက် ကုသနေစဉ် လက်ကိုင်ဖုန်းကို အိပ်ရာဘေးတွင် ချထားရာ ယင်းကို ဆေးရုံလာသူ တစ်ဦးကတွေ့၍ လူနာ၏အလစ်တွင် ခိုးယူသွား သည်။
ဖုန်းပိုင်ရှင်လူနာသည် သူ့ဖုန်းအခိုးခံရ ကြောင်း ရဲကို အကြောင်းကြားအမှုဖွင့်ပြီး မကြာမီ ပင် အီဘိုလာရောဂါဖြင့် သေဆုံးသွားသည်။ ရဲတို့သည် သူခိုးကို ဖမ်းဆီးရန် ဖုန်းနံ ပါတ်ဖြင့် ခြေရာခံမိအောင် ကြိုးစားသည်။ စီစဉ်ဆဲကာလ တွင်ပင် သူခိုးက ဆေးရုံသို့ရောက်လာသည်။ ဖုန်းကို ခိုးမိကြောင်း ဝန်ခံသည်။ လက်ကိုင်ဖုန်း မူလပိုင်ရှင်၏ အီ ဘိုလာဗိုင်းရပ်များ လက်ကိုင်ဖုန်း တွင်ကပ်နေရာမှ သူခိုးထံ ကူးစက်သွား၍ ဆေးရုံသို့ လူနာအဖြစ် ရောက်လာခြင်း ဖြစ်သည်။
မိုက်ကရိုလှိုင်းများကြောင့် လက်ကိုင်ဖုန်း သုံးသူများ၏ ဦးနှောက်ထိခိုက်ခြင်း ရှိမရှိကို ငြင်းခုံနေရဆဲဖြစ်သော်လည်း လက်ကိုင်ဖုန်းများ တွင် လူကိုအန္တရာယ်ပေးနိုင်သော ဗက်တီးရီးယား များ၊ ဗိုင်းရပ်များ ကပ်နေနိုင်ကြောင်း ယူဂန်ဒါ လက်ကိုင်ဖုန်းသူခိုး၏ ဖြစ်စဉ်က အထင်အရှား သက်သေပြလိုက်သည်။လက်ကိုင်ဖုန်းများတွင် ဘိုထိုင်အိမ် သာအိုး အဖုံးများထက် ဗက်တီးရီးယား ပိုမိုခိုအောင်း စွဲကပ်နေနိုင်သည်ဟု ပြောခြင်းမှာ လွန်သည်ဟု မဆိုနိုင်ချေ။ အိမ်သာအိုးအဖုံးများကို မသန့်သော နေ ရာ၊ ရောဂါပိုး ခိုကပ်နိုင်သည့် နေရာများဟု လူတို့က မှတ်ယူထားတတ်သဖြင့် မသုံးမီ သုတ် သင်တတ်ကြသော်လည်း လက်ကိုင်ဖုန်းများကို အချိန်မှန် သန့်ရှင်းရေးလုပ် သုတ်သင်ပေး သည့် အကျင့်မှာ အတော်များများတွင် မရှိသေးချေ။
လက်ကိုင်ဖုန်းများကို မိမိတစ်ဦးတည်းကသာ ကိုင်သုံးနေပါက ဗက်တီးရီးယား ကပ်ငြိနေသော် မှ အန္တရာယ်မရှိလှပေ။ အခြားသူတစ်ဦးဦးကို ပေးသုံးမိလျှင်တော့ သုံးစွဲ သူ ၏လက်မှ ပိုးများ အပြင် သူ၏ ထွက်လေတွင်ပါသည့် ရောဂါပိုးများ လည်း ဖုန်းတွင် ဝင်ရောက်ကပ်ခို၍ ပါလာနိုင် သည်ကို သတိပြုဖို့ လိုအပ်သည်။လက် ကိုင်ဖုန်းပြော သည့်အခါ ပါးစပ်နှင့် နားအနီးသို့ကပ်၍ ပြောရသဖြင့် လူမှ လက်ကိုင် ဖုန်း မျက်နှာပြင်သို့ရောက်လာသော အနွေးဓာတ် များသည် ဗက်တီးရီးယားတို့ ခိုအောင်းပွားများဖို့ အခြေအနေကောင်းများပင် ဖြစ်သည်။
လက်ကိုင်ဖုန်းသုံးသူများသည် အများသုံး အိမ်သာ၊ အားကစားခန်းမများ၊ ဈေးဆိုင်များ၏ လှေကားလက်ရမ်းများစသည်တို့ကို သုံးမိ ကိုင်မိ ရာမှ အခြား သူများ ၏ ရော ဂါပိုးများ ကပ်ငြိလာ ကာ လက်ကိုင်ဖုန်းမှ တစ်ဆင့် ထပ်မံရောဂါပိုးများ ပြန့်ပွားသွားတတ်သည်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ရုံးတစ်ရုံးရှိ ရုံးသူရုံးသားများ၏ လက်ကိုင်ဖုန်း အချို့ကို တောင်းယူ၍ လေ့လာသုတေသနပြုခဲ့ရာ သာမန် ထက် အဆမတန် များနေသော ကိုလီဖောင်း ဗက်တီးရီးယား အရေအတွက်ကို တွေ့ရှိခဲ့ရသည်။ ကိုလီဖောင်း ဆိုသည်မှာ လူ့ကျန်းမာရေးကို တိုက် ရိုက်အန္တရာယ်မပြုသော်လည်း လူ့မစင်တွင် အမြဲ တွေ့ရသော ဗက်တီးရီးယားဖြစ်၍ အရာဝတ္ထု တစ်ခုသည် လူ့မစင်နှင့် ထိတွေ့ခဲ့မှု ရှိမရှိစစ်ဆေး လျှင် ယင်းအရာတွင် ကိုလီဖောင်း ပါ မပါကို စစ်ရသည်။ လေ့လာသော လက်ကိုင်ဖုန်းများတွင် ကိုလီဖောင်းယူနစ် ၂၇ဝဝ မှ ၄၂ဝဝ အထိ တွေ့ခဲ့ရသည်။
အလားတူ ၂ဝ၁၁ ခုနှစ်က အမေရိကန် တက္ကသိုလ်ကျောင်းသားများကိုင်သော လက်ကိုင်ဖုန်း ၁ဝဝ ကို လေ့လာခဲ့ရာ ရောဂါပိုးပေါင်း များစွာ တွေ့ခဲ့ရသည်။၂ဝ၁ဝ ခုနှစ်က လည်း ရောဂါဗေဒပါရဂူ တစ်ဦးက အိုင်ဖုန်းနှင့် အိုင်ပက်အသုံးပြုမှုများကို သြစတေးလျနိုင်ငံတွင် သုတေသနလုပ်ခဲ့ရာ ထိတွေ့မျက်နှာပြင်များမှတစ်ဆင့် ရောဂါပိုး ကူး စက်နိုင်ခြေ အလွန်များသည်ဟု ကောက်ချက် ချခဲ့သည်။ အိုင်ပက်ရောင်းသော ဆိုင်များတွင် ဝယ်သူများက အိုင်ပက် အိုင်ဖုန်းတို့ကို စမ်းသုံးကြ သဖြင့် ထိတွေ့မျက်နှာပြင်များမှတစ်ဆင့် တစ်ဦး မှ တစ်ဦးသို့ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများသည်။
လက်ကိုင်ဖုန်းများ၊ အိုင်ပက်များ၊ တက် ဘလက်များသည် အီလက်ထရွန်းနစ်ကိရိယာ များ ဖြစ်ကြသည့်အတိုင်း ‘နုသည်’ ‘ရေထိလျှင် ပျက်တတ်သည်’ ဟု တွေးထင် တတ်ကြခြင်းကြောင့် ယင်းကိရိယာများကို သန့်ရှင်းရေးလုပ်ရန်လည်း ဝန်လေးတတ်ကြသည်။ ကိရိယာကို မထိခိုက်စေဘဲ လက်ကိုင်ဖုန်း၊ တက်ဘလက်စသည်တို့၏ မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ရန် မည်သည့်နည်းက အသင့် တော်ဆုံးဖြစ်သည်ဆိုသည်ကို သိရှိရန် ရေ၊ အရက်ပြန်၊ မှန်သန့်ဆေးစသည်တို့နှင့် အမျိုးမျိုး စမ်းသပ်ခဲ့ရာ အရက်ပြန်သည် အသင့်တော်ဆုံးဟု သိရသည်။ မိမိသုံးသောဖုန်းကို အရက်ပြန်ဆွတ် ထားသော နူးညံ့သည့်အဝတ်စဖြင့် တစ်နေ့ တစ်ကြိမ် ဆေးကြောသင့်သည်။ အခြား သူတစ်ဦး ကို ပေးသုံးပါက သုံးပြီးတိုင်းဆေးကြောနိုင်လျှင် ပို၍ ကောင်းသည်။
ကျော်ဦး