Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

အီလက်ရှင်

$
0
0

အိုး…တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ အဲလေယောင် လို့ ရွေးကောက်ပွဲကြီး နီးလာ ပြီ။ ဗြန်းဗြန်း ကွဲအောင် ရွေးကြ ကောက်ကြ တော့မည်။ အားတွေ ပြိုင်ကြပြီ၊ အမဲတွေ ဖမ်းကြ ပြီ။ (မှားလို့…မဲတွေဆွယ်ကြပြီ) ပွဲစားကိုယ်စီ ၏ လော်ဘီပွဲတွေ ခြိမ့်ခြိမ့် သဲနေပြီ။ ပြည်သူကို အဖေအမေ ထက် ပိုချစ်ချိန်ရောက်ပြီ။ ပြည်သူ သာအမိ ပြည်သူ သာအဖ တွင်တွင်အော်ကြပြီ။ (အချိန်တန်တော့ တကယ်အဖိခံရတာပဲ မဟုတ်လား) ဒီတစ်ပွဲမှ မနွှဲချင်လျှင် အရွဲနင့်ပြင် ရှိသေးလိမ့်လားဆိုတာမျိုး အများကြီး အားကြီး ပြောကြပြီ။

အီလက်ရှင် ခေါ် ရွေးကောက်ပွဲ ဆိုသဟာ က ဒီမိုကရေစီခေါ် နိုင်ငံတော်ကြီး များမှာ မရှိ မဖြစ် အရေးကြီးလှသည် မဟုတ်လော။ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသည့် တစ်ဦး တည်း ထင်သလို မသေမချင်း ဗိုလ်လုပ်အုပ်ချုပ် နေသည့်နိုင်ငံ များမှာပင် ကျွန်ုပ်မိမိနှင့် ကျနိမုတ် မုတ် ဘယ်သူ့ကို ကြိုက်သလဲ ငါ့ရှင်တို့ သဘောရှိ ကလောဟိ ရွေးချယ်တော်မူကြပါဟူသည့် ဟန်ပြ အီလက်ရှင်မျိုး လုပ်တတ်ကြသေးသည် ကိုး။ ပြည်သူ့ဆန္ဒ အဓိကဆိုသမို့လားလေ။

သဟာကြောင့် အီလက်ရှင် ဆိုသည်မှာ အရေးကြီး၏။ အသည်းကြားက မဲတစ်ပြားကို ပေးကိုပေးရမည်။ ငါ့အတွက်၊ နင့်အတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက်၊ နံပြား အတွက်၊ အီကြာကွေး အတွက်၊ ပေါက်စီ အတွက်၊ ရှမ်းခေါက်ဆွဲ အတွက်၊ စီးပွားရေး အတွက်၊ သမီးသားအရေး အတွက်၊ ဤဖေကိုတို့ မဲကို ပေး ရတော့ မည်။ ပေးကြတော့မည်။ အိုး… နောက်ကနေ ယောက်ဖရေခေါ်ချေပြီ။

 ပေးတာက ဟုတ်ပါပြီ။ ဘယ်သူ့ပေးရ မတုံး။ အို… အပြောင်းအလဲတွေ ဖြစ်စေဖို့ ဦးဗလောင်းဗလဲ ကို ပေးကြစို့။ ရေနံချောင်းကို ရောက်စေဖို့ ဖေကံကောင်း ကိုမဲပေးစို့။ သို့ကလို ကာရန် ညီစွာ မဲဆွယ်နေသည်မဟုတ်လား။ ပေး ပေါ့။ မပေးချင်ဘူးလား၊ ကာရန်နဘေ ဆိုတာ ကလီရှေးမို့ ဝေါင်ဝေါင်ရှေး ချင်တာလား။ ဒါဖြင့် ဟေ့ ပြည်သူတွေ နင်တို့ ငါ့ကိုမဲပေး၊ မပေးလို့ ကတော့ အဝီစိရောက်ပြီ မှတ်ဟု လက်ညှိုးငေါက် ငေါက်ထိုးပြီး အကြမ်းပတမ်း မပေးပေး ပေးပေး ပေးပေး ငါ့ရွှေခွက်ပေး မဲဆွယ် သူတွေ ကို ပေးချင် တာလား။ သို့တည်းမဟုတ် ဘုန်းဘုရားတို့စကား နာကြားရင်း ဘာသာသာသနာထွန်းကားစေချင် သလား၊ ခေါင်းမပြူရ၊ လက်မထုတ်ရ၊ ဆေးလိပ် မသောက် ရ၊ မောင်းသူမောင်အေး ရောင်းသူ မောင်ခွေး ဥပဒေဥပဒက်တွေ ထုတ်ပေးကာ သာသနာပြုတော်မူကြမည့် သူတော်ကောင်းသူ မြတ်လောင်းကြီးများကို ပုံကာ ယုံလိုက် ရမည် လား။ ကျွေးမွေးသုတ်သင် သက်ဆုံးပင် ချစ်ခင် ရှာပေတို့မေမေ၊ ဘာပဲဖြစ်ဖြစ် တို့မေမေပေါ့ ဆိုတာကိုပဲ အောလိုက်ရမယ်လား။ အီလက် က မရှင်ခင်မှာကို တွေးရ ကြံဆရသည်က မော မောလှသည်။

ဒါမျိုးခုမှ ကြုံဖူးသည်။ တစ်သက်မှာ တစ်ခါ ကြုံတွေ့ရမည့် ကြုံဖူးပေါင် ဂုဏ်ထူးဆောင် မဲပေးပွဲကြီး ဟုတော့ မထင်လေနှင့်။ ခုချိန်မှ ပြန်ရေတွက်လျှင် ငွေရတုပွဲ ဆင်ယင် ကျင်းပနိုင် မည့် အတိတ်ကာလ တစ်ချိန်တုန်းကလည်း ထိုသို့သော လွတ်လပ်၍ တရားမျှတလှသည် ဆိုသည့် အီလက်ရှင်ကြီးကို သောင်းသောင်းဖျဖျ မဲပေးခဲ့ဖူးလှပြီ။ အုန်းမှုတ်ခွက် တလုံးနှင့် ငွေ အစိတ်ရှိလျှင် ပါတီထောင်၍ ရသည် ထင်မှတ် ကြပြီး ထောင်လိုက်သည့် ပါတီပေါင်းက နှစ်ရာ ကျော်၊ ဂင်းနစ် စံချိန်ပင် တင်လောက်သည်။ တီဗီမှ မဲဆွယ်၍ရပြီ ဆိုပြန်တော့လည်း ယောက်ျားကြီး တန်မဲ့ မိတ်ကပ်တွေ လိမ်းရင်း ဇာတ်ခေါင်းကွဲ၍ ရေမျော ကမ်းတင်နေသည့် ဇာတ်ဆရာ လေသံ မျိုးဖြင့် ထင် ရာပြော ရင်း မဲတွေဆွယ်၊ နှစ်ယောက်ရှိ သုံးပါတီကွဲ၊ တောင်ပြို ကမ်းပြိုနိုင်သူတွေက ပြုံးပန်းတွေ တဝေဝေ၊ မှန်းချက်နှင့်နှမ်းထွက် မကိုက်သူ တွေက မဲ့တဲ့တဲ့။ အချိန် တန်တော့ နပိန်ကန်၊ နိုင်သူရော ရှုံးသူတွေပါ ပတ်တောပိတ် ပတ်စာ ခွာ ဖျာသိမ်းရင်း အီလက်ရှင် ဆိုသည်နှင့် ရှင်ခန်းပြတ် သွားသည်မှာ အနှစ်ကလေး နှစ်ဆယ်မျှသာ။

ဟော.. .နှစ်နှစ်ဆယ်ပြည့်တော့ ဒီမို ကရေစီ ရောင်နီ လာပြီ. စည်းကမ်းပြည့်ဝစေရ မည်။ ရွေးကောက်ပွဲကြီး ဝှဲချီးကျင်းပ ဦးတော့ မည်။ အကြောင်း ညီညွတ်၍ ဘောင်းဘီ ကျွတ် သွားသူတွေ ပါတီထောင်ကြပြီ။ ကျွန်ုပ်နှင့် မိမိ ပြိုင်ကြသည်။ သင်္ချိုင်းကုန်းက ထလာသူတွေ လည်း သဒ္ဓါတတ် အားနည်းများမဆို ဘဝခြား ပေမဲ့ အသည်းကြားက မဲတစ်ပြား ကိုပေးကြ သည်။ နိုင်ပြီ…နိုင်ပြီ… ရော့…အင့်… အာဏာလွှဲပြီ။ လက်တွဲညီညီရှေ့ သို့ ချီကြမည်။ မြန်မာ့နွေဦး ကမ္ဘာရူးစေရမည်။ လူကြံလျှင် ထရံပင် ချေးထုပ် ကဋောင်းဖြစ်သေး သည်ကိုး။

ကြည့်စမ်းပ… ဒီမိုကရေစီ ဆိုသည်နှင့်  အရှင်မွေးတော့ နေ့ချင်းကြီး လာလိုက်တာ ကမ္ဘာ့ အလယ်မှာ မျက်နှာပန်းတွေလှ၊ ဂုဏ်တွေ တင့်၊ ဟိုလူကပေးချင်၊ ဒီလူက ကမ်းချင်၊ လမ်း တိုင်းကို ရွှေခင်းရင်းကတ္တီပါ ဖိနပ်စီးရွှေထီး ဆောင်း၊ နှစ်နှစ်ကြာပြန်တော့ အမတ်နေရာလေး ၅ဝ မပြည့်တပြည့်အတွက် ကြားဖြတ်ရွေးကောက် ပွဲဆိုတာ ကြီး ခြိမ့်ခြိမ့်သဲကျင်းပ၊ လွတ်လပ် ချက်၊ တရားမျှတချက်များတော့ သူ့ထက်တရားမျှတ သူပင် သူ့လောက်တရားမမျှတ။ အားလုံး ပြုံးနေပျော်နေရင်း အချိန်တွေတရွေ့ရွေ့ကုန်။

ဒီလိုနဲ့ အရေးပေါ်ရွှေဆိုင်းချထားသည့် ဒီမိုကရေစီက ရွှေဆိုင်းတွေ ကွာကျလာတော့ အတွင်းက စစ်စေးမည်းမည်းတွေ အကွက်လိုက် ပေါ်၊ ပြုပြင်ပြောင်းလဲရေး ဆူနာမီ လှိုင်းတွေကြား မှာ ယိုင်နဲ့နဲ့ ယန္တရားက ကျွမ်းထိုးမှောက်ခုံ ပိုးလိုး ပက်လက်လန်၊ မြန်မာ့နွေဦးက လေရူးတွေ နော့တော့ မီးထတောက်၊ ပညာရေးတိုးတက်ဖို့ မီးကုန် ယမ်းကုန် ကြိုးစားရင်း ကျောင်းသားတွေ ထောင်ထဲရောက်၊ ကျန်းမာရေး မြှင့်တင်ဖို့ အစွမ်းကုန် ကတိပြုရင်း ဆရာဝန်တွေ ဆန္ဒပြ ဂျာအေးကို သူ့အမေရော သူ့ကြီးတော်ရော သူ့အမျိုးတွေ အကုန် ဝိုင်းရိုက်ရင်း ကာလယန္တရား တစ်ပတ် လည်ပြန်တော့ အီလက်ရှင်ဆိုတာနှင့် တိုးကြရပြန်တော့သည်။

ခုတစ်ကြိမ်၊ ဒီတကြိမ်ကမှ အဟုတ်တကယ် အမှန်၊ အိုးဖုတ် ချိုးရုပ်နှင့် အရိုးမထုပ်ချင်လျှင် ဒီတစ်ပွဲ အပီကြဲလို့ ပေးလိုက်ကြစမ်းဘာ ဤမဲဟု ဆိုကြ ၏။ ပေးမှာ ပါ၊ ပေးမှာပါ၊ ပေးချင်လွန်းလို့ မနက်ခြောက်နာရီတည်းက ထမင်းထုပ်နဲ့ စောင့်နေတာ ဆိုပြန်တော့ မဲစာရင်းကမပါ၊ ဆူသံပူသံပွက်ပွက်ညံလာတော့ မဲစာရင်းမှားတာ အဲဒါ ကွန်ပျူတာကြောင့်၊ ဆော့ဖ်ဝဲကြောင့်၊ မီဒီယာကြောင့်၊ အိမ်ကခွေးကြောင့်၊ ညောင်ပင် အောက် သေးပေါက်မိသောကြောင့် စသဖြင့် အကြောင်းပြချက်တွေ တန်းစီ ရွတ်ဆိုရင်း မြို့ မေတ္တာခံယူကာ သချိုင်းကုန်းက မဲထပေး၍ ရသည့်ခေတ်ကို လွမ်းသူကလွမ်း၊ ဆဲသူကဆဲ၊ ဖြဲသူကဖြဲရင်း အဝီစိပွက်သလိုဆူညံ။

ကျုပ်ကိုသာ ပေးအချိန်မရွေး မွဲလိမ့်မည် မှာအသေအချာ။ ဤဖေကိုယ်ကိုမဲပေးခြင်းဖြင့် နောင်တတွေ တစ်လှေကြီး ရယူလိုက်စမ်းပါ။ အဖေရယ် အမေရယ် အစ်ကိုရယ် အဘိုးနဲ့ အဘွား ရယ် သားသားလေးကို မဲပေးကြပါကွယ်။ ဘယ်သူသေသေငမဲ ပါလျှင်ပြီးရော သို့ကလို ပြောပြီး မဲဆွယ်သူကတော့ အတိတ်ကလည်းမရှိ။ ခုလည်း မရှိ၊ နောင်လည်းရှိမည် မဟုတ်ပါချေ။ ထိုသို့ ဆွယ်လျှင်လည်း နိုင်ငံရေးသမားဘဝက လေးမပွင့်မီက ကြွေနှင့်မည်ကိုး။

ဆိုတော့လည်း အစွမ်းကုန် ကြုံး၍ ဟုတ် ဟုတ်မဟုတ်ဟုတ် မဲပေးလျှင် အရိမေတ္တယျ ဘုရားပင့်ပေးမည်၊ ယေရှုသခင် ပြန်ကြွ လာ အောင် လုပ်ပေးမည်။ လမ်းတိုင်း ကို ရွှေမှုန်ကြဲ မည်။ စီးပွားရေး ငယ်ထိပ်မှ ဖောက်ထွက်စေရ မည်။ ဘာမည် ညာမည် ပြောရင်း အသည်းကြား က မဲတစ်ပြား ဆိုသည်ကို ဆွယ်ကြ ရပြန်သည် ပေါ့။ ဒါသည် ပင်လျှင် အီလက်ရှင်မဟုတ် လား။


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...