”လင်ယောက်ျား ကွယ်လွန် သွားလို့ မုဆိုးမ အဖြစ် ကျန်ရစ်ခဲ့ ကြတဲ့ အမျိုးသမီးတွေ လူ့အခွင့် အရေး မဆုံးရှုံး သင့်ပါဘူး” လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက ဆိုခဲ့သည်။
”လွန်ခဲ့တဲ့ သုံးရက်လောက် ကတည်းက ကျွန်မ တော်တော်လေး ဖျားနေလို့ ဒီကိုမလာနိုင် ခဲ့ဘူး။ အဲတော့ သုံးရက်လုံးလုံး စားစရာမရခဲ့ဘူး လေ”
ဘုရားကျောင်း အဝင်ဝမှာ ထိုင်ပြီး စားစရာ တောင်းခံနေတဲ့ အသက် ၈၅ နှစ်အရွယ် နီမာလာဒေဝီက အိန္ဒိယနိုင်ငံ Vrindavan မြို့လေးက မုဆိုးမတစ်ယောက်။
ဘုရားဖူးတွေ နဲ့ အမြဲလိုလို စည်ကားနေတတ် တဲ့ Vrindavan မြို့လေးက အိန္ဒိယနိုင်ငံ မှာရှိတဲ့ ထောင်ပေါင်း များစွာသော မုဆိုးမများ ခိုလှုံရာ မြို့လေး တစ် မြို့ဖြစ် သည်။ မြို့လေးထဲမှာ အသက် ငယ်ငယ် ကလေးသာသာ မုဆိုးမလေးတွေ ကနေ သက်ကြီး ရွယ်အို မုဆိုးမအထိ အရွယ် မျိုးစုံသော မိန်းမသား များကို တွေ့နိုင်သည်။
မန်ဒိုဆိုတဲ့ ကလေးမလေး ကတော့ ကလေး ဘဝမှာကတည်းက အိမ်ထောင်ကျ ခဲ့သည်။ မြီးကောင်ပေါက်ချိန် မှာ မုဆိုးမဖြစ်ခဲ့ ရပြီး သူ့ဘဝ ရဲ့ နောက်ဆုံးချိန် အထိ ဘုရားကျောင်းနဲ့ လူမှုဖူလုံရေး ကျောင်းက အထောက်အပံ့တွေ နဲ့ အသက်ရှင်ခဲ့ရသည်။
”ကျွန်မတို့ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဒီဘုရားကျောင်းကို လာပြီး လက်မှတ် ထိုးရပါတယ်။ အချိန်ပေးပြီး လူတန်းရှည်ကြီး ထဲမှာစောင့် လက်မှတ် ထိုးပြီးရင် ထမင်းရယ် ပဲဟင်း တစ်ဇွန်းစာလောက်ရယ် ရတယ်။ ပြီးတော့ တစ်နေ့ကို သုံးကြိမ် သတင်းပို့တဲ့ အတွက် ထောက်ပံ့ကြေး အနေနဲ့ တစ်လကို ဆယ်ဒေါ်လာ လောက်ရပါတယ်။ အဲဒီငွေ ကတော့ တစ်လစာ အိမ်ငှားခ နဲ့တင် ကုန်သွားတာပါပဲ”
”အိမ်ငှားနေတယ် ဆိုတာကလည်း အခန်း ကျဉ်းလေး တစ်ခန်းကို ဘဝတူ မုဆိုးမလေး ငါးယောက်လောက် စုပြီးနေ ရတာပါ။ နေထိုင် မကောင်းလို့ ဘုရားကျောင်းကို မလာနိုင်တဲ့ ရက် တွေမှာတော့ ကျွန်မတို့ ဘာမှမစားဘဲ နေရ တယ်”
ကမ္ဘာပေါ်ရှိ မုဆိုးမ အရေအတွက် က ၂၄၅ သန်းခန့် ဖြစ်ပြီး ၁၁၅ သန်းသော မုဆိုးမ များက ဘဝကို ဆင်းရဲ ပင်ပန်းစွာ ရုန်းကန်နေ ကြရသည်။ ၈၁ သန်းသော မုဆိုးမ များကတော့ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက် ညှဉ်းပန်းမှုတွေကို ခံစားနေကြရသည်။ အိန္ဒိယနိုင်ငံ တစ်နိုင်ငံ တည်းမှာပဲ မုဆိုးမဦးရေ သန်းလေးဆယ် ခန့် ရှိနေခဲ့သည်။
အိန္ဒိယနိုင်ငံ မှာတော့ ဟိန္ဒူဓလေ့ ရိုးရာအရ မုဆိုးမများနဲ့ တစ်ခုလပ် များသည် လူ့အသိုင်း အဝိုင်းပြင်ပမှ အစွန့်ပစ်ခံ လူတန်းစား တစ်ရပ် ဖြစ်နေခဲ့သည်။ အစဉ်အလာ ဓလေ့ ထုံးစံများအရ လင်ယောက်ျား ကွယ်လွန်ပြီး ကျန်ရစ်သူ မုဆိုးမ များအနေနဲ့ နောက်အိမ်ထောင်ပြု ခွင့်မရှိ။ အသက်အရွယ်ရှိ ပင်ရှိသော်ငြား မုဆိုးမဘဝနဲ့ မထင် မရှား အသက်ရှင်ကြရစမြဲ။ လူမှုဖူလုံရေး အထောက်အပံ့ မဆိုစလောက်နဲ့ မဝရေစာ အာဟာရ အတွက် ဘုရားကျောင်းတွေမှာ တစ်နေ့ သုံးကြိမ် လက်မှတ်ထိုးပြီး ဘဝ နေဝင်ချိန်ကို ဆင်းရဲစွာ စောင့်စားကြရစမြဲ။
လူတန်းစား ခွဲခြားမှုနဲ့ စွန့်ပစ်ခံ ဘဝတွေကို အိန္ဒိယနိုင်ငံရှိ မုဆိုးမ အသိုင်းအဝိုင်းမှာ သိသာစွာ တွေ့ရတတ်သည်။
”ကျွန်မတို့ ဆီမှာ မိန်းမ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို သူ့ဘေးက မားမား ရပ်တည်နေတဲ့ ယောက်ျား တစ်ယောက်နဲ့ တိုင်းတာပါတယ်။ သူမ ဘေးမှာ မားမား မတ်မတ် ရပ်တည်မယ့် ယောက်ျား တစ်ယောက် မရှိတော့ဘူး ဆိုရင်တော့ သူ့ကို လူ့အသိုင်းအဝိုင်း က လက်မခံကြတော့ ပါဘူး”
”မုဆိုးမဘဝကို သာမန် လူ့ဘဝဖြစ်စဉ်အဖြစ် လက်မခံကြပါဘူး။ လူတစ်ယောက် သေဆုံးခြင်းကို ကျွန်မတို့ ကောင်းကောင်း လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ မုဆိုးမတွေ ကိုတော့ ဘယ် အသိုင်းအဝိုင်း ကမှ လက်မခံနိုင်ကြပါဘူး”
အာရှသူတွေ ကြား အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုနေရာမှာ ထိပ်တန်းရောက်နေတဲ့ အိန္ဒိယ နိုင်ငံ တစ်နိုင်ငံတည်းက မိန်းမသား အခွင့်အရေး ဆုံးရှုံးမှုကို သက်သေ အထောက် အထားပေါင်း များစွာနဲ့ ပြသနေခဲ့သည်။
”ကျွန်တော့် အမေဟာ အသက် ၃၇ နှစ်မှာ ကလေး ခုနစ်ယောက်နဲ့ မုဆိုးမဖြစ်ခဲ့ပါတယ်။ ညဘက်တွေ ဆိုရင် အမေ ဝတ်ထားတဲ့ (အိမ်ထောင် သည်တွေ ဝတ်လေ့ရှိတဲ့ အနီရောင်) လက်ကောက် တွေကို သူတို့ အတင်း ဆွဲချွတ်ကြပါတယ်။ ပြီးတော့ အစဉ်လာ ဓလေ့ထုံးစံအရ အမေ့နှာသီး ဖျားမှာ ဝတ်ဆင်ထားတဲ့ နားကပ်လေး ကိုလည်း ဆွဲချွတ် ကြပါတယ်။ အမေဟာ မင်္ဂလာ မရှိတဲ့ မုဆိုးမ တစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်တော့် မင်္ဂလာပွဲ ကိုတောင် တက်ခွင့် မရခဲ့ရှာပါဘူး။ တချို့ တချို့နယ်တွေ မှာ ဆိုရင် လင်ယောက်ျား သေဆုံး သွားတဲ့ မုဆိုးမတွေကို ယောက္ခမဖြစ်သူ က ကွယ်လွန် သွားတဲ့ လင်ယောက်ျားရဲ့ညီနဲ့ အတင်း ယူခိုင်းတာမျိုး မိဘအိမ် ကို ပြန်ပို့တာမျိုး ရှိ သလို တစ်ခါတစ်ရံမှာ သတ်ပစ်တာမျိုးတွေ တောင် ရှိပါတယ်”
ဗြိတိန် အခြေစိုက် Loomba Trust ကို တည်ထောင်ခဲ့သူ ရာ့ဂ်ျလွန်ဘာက သူ့မိခင် မုဆိုးမရဲ့ အခက်အခဲတွေ ကို ပြောပြခဲ့သည်။ သူ့ဖခင် ကွယ်လွန်ချိန်မှာ ထားရစ်ခဲ့ တဲ့ ငွေကြေး စည်းစိမ်တွေကြောင့် သူတို့ မောင်နှမ ခုနစ် ယောက်လုံးကို မုဆိုးမ မိခင်က ပညာတတ်ဖြစ် အောင် ပျိုးထောင်ပေးနိုင် ခဲ့သည်။ မိသားစု တစ်စုလုံး လူ တန်းစေ့နေနိုင် ခဲ့ပေမဲ့ ကလေး ခုနစ်ယောက် အမေမုဆိုးမအဖြစ် ကျန်ရစ်သူ မိခင်ရဲ့ ဒုက္ခ အခက်အခဲတွေကို နားလည်ခဲ့ပြီး ရာ့ဂ်ျလွန်ဘာက Loomba Trust ကို တည်ထောင် ခဲ့သည်။ အိန္ဒိယနိုင်ငံ တွင်းရှိ မုဆိုးမများကို တတ်စွမ်း သရွေ့ထောက်ပံ့ ခဲ့သလို မုဆိုးမ များ၏ သားသမီး များ ကိုလည်း ပညာ ဆက်သင်နိုင်အောင် ရာ့ဂ်ျလွန် ဘာမှ ကူညီထောက်ပံ့ပေးလျက် ရှိသည်။
”ကျွန်တော့် အမေလိုပဲ လူ့အခွင့်အရေး ဆုံးရှုံး နေတဲ့ မုဆိုးမတွေ ရဲ့ဘဝကို သိမြင်ပြီး စာနာ နားလည်စေချင်တယ်။ လူတန်းစား ခွဲခြားမှုတွေ ဖိနှိပ်မှုတွေ လျော့ ကျစေ ချင်တယ်”
အိန္ဒိယနိုင်ငံရဲ့ ဒေါင်ရီစနစ် ဆိုတဲ့ အမျိုးသမီး က အမျိုးသားကို ငွေကြေး စည်းစိမ်တွေ ပုံအောပြီး တင်တောင်းရတဲ့ စနစ် တစ်ခုက မိန်းမသားတွေ ရဲ့ တန်ဖိုး ကို လျော့ကျစေတဲ့ အဓိက တရားခံ ဖြစ်နေ ခဲ့သည်။ ဒေါင်ရီ စနစ်ကို အိန္ဒိယ နိုင်ငံတစ်နိုင်ငံ တည်းမှာ ကျင့်သုံးနေခြင်း မဟုတ်ဘဲ ကမ္ဘာ အရပ် ရပ်မှာရောက်နေကြတဲ့ အိန္ဒိယ လူ့အဖွဲ့အစည်း တိုင်းမှာ ကျင့်သုံးနေကြဆဲ။
တစ်ခါတစ်ရံ ကြော်ငြာ ဆိုဒ်တွေမှာ အိန္ဒိယ အမျိုးကောင်းသားတွေက သူတို့ရဲ့ ပညာအရည် အချင်း၊ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ကျော်စောမှု ဂုဏ်တွေ ကို ဖော်ပြ ပြီး ကြေး အမြင့်ဆုံး ပေးနိုင်တဲ့ သတို့သမီး ရှာဖွေနေပါသည် ဆိုတဲ့ ကြော်ငြာတွေ ပလူပျံနေ တတ်သည်။ သတို့သားလောင်းလျာ ကို သတို့သမီး ဘက်မှ စိန်ရွှေငွေ တင်းတောင်း နဲ့ခြင်တွယ် ပြီး တောင်းခံရတဲ့ အစဉ်အလာက ၂၁ ရာစု အထိ ရှိနေဆဲဖြစ်သည်။
ခေတ်တွေ စနစ်တွေ ဘယ်လို ပြောင်းပြောင်း မပြောင်းလဲနိုင်တာက မိရိုးဖလာ ကျင့်သုံးခဲ့ကြတဲ့ ရှေးထုံး ဓလေ့တွေပဲ ဖြစ်သည်။
”ကိုယ် အလုပ်လုပ်နေခဲ့တာ ကြာပြီ။ ဘဏ် ထဲကို ဝင်သမျှလစာ ဘယ်လောက် ရှိတယ် ဘယ် လောက်ကုန်တယ် ကိုယ်မသိဘူး။ အိမ်ထောင် ကျပြီး ကတည်းက ကိုယ် က ငွေကိုင်ပြီး မသုံးရဘူး။ အိမ်မှာ ဘာတွေ ဝယ်လို့ ဘယ်လောက် ကုန်တယ် လည်း မသိဘူး။ အိမ်ရဲ့ ဝယ်ရေးခြမ်းရေး ဘဏ္ဍာ ရေးကို ကိုယ့် အမျိုးသားက ကြီးကြပ် တယ် ကိုယ့် အလုပ်က ကိုယ့်ယောက်ျား နဲ့ ကလေးတွေကို ဂရုစိုက်ဖို့… ကျန်တာ ဘာမှမသိဘူးလေ”
”ကိုယ်တို့ မြို့မှာ တချို့ အမျိုးသမီးတွေ ဟာ အမျိုးသားကိုပဲ တစ်သက်လုံး မှီခိုနေခဲ့တာ ဆိုတော့ ရုတ်တရက် အမျိုးသား ဆုံးပါးသွားရင် မလုပ်တတ် မကိုင်တတ်နဲ့ တကယ့် ကို လမ်းဘေးရောက်တော့ တာပါပဲ။ ဒါပေမဲ့ လင်ယောက်ျား ရဲ့အရိပ်ကို တစ်သက်လုံး မှီခိုခဲ့ကြတဲ့ အစဉ်အလာထဲ မှာပဲ ပျော်ဝင်နေကြတာ ဘယ်တော့ မှ လည်း ရုန်းထွက်ဖို့ မကြိုးစားကြဘူးလေ”
လုပ်ငန်းခွင်မှာ အမျိုးသားတွေ နဲ့ ရင်ပေါင် တန်းပြီး အလုပ် လုပ်နေကြတဲ့ ပညာတတ် အိန္ဒိယ နွယ်ဝင် မိန်းကလေးတွေဆီက ကြားရတဲ့ စကား တွေကို အခုလို ၂၁ ရာစု မှာ လက်ခံနိုင်ဖို့ ခက်လှ သည်။
ကမ္ဘာကြီးပေါ်မှာ ပဋိပက္ခတွေ တိုက်ပွဲတွေ ရှိနေသရွေ့ မုဆိုးမ အရေအတွက်က တိုးနေမှာ သေချာလှသည်။ စစ်မက်တွေ ဖြစ်ပွားခဲ့တဲ့ အချိန် က အီရတ်နိုင်ငံ တစ်နိုင်ငံ တည်း မှာ နေ့စဉ် မုဆိုးမ အရေအတွက် တစ်ရာနှုန်း နဲ့ တိုးပွားလာခဲ့ သည်။
စစ်တလင်း ဖြစ်ခဲ့ရတဲ့ တိုင်းပြည်တွေ မှာတော့ မုဆိုးမများ နဲ့ လူမမည် ကလေးတွေကို ကယ်ဆယ်ရေး စခန်းတွေမှာ အများဆုံး တွေ့ရသည်။
အာဖရိက တိုက်မှာလည်း အေအိုင်ဒီအက်စ် ရောဂါဆိုးကြောင့် မုဆိုးမ အရေအတွက် တိုးပွား စေခဲ့သလို လင်ယောက်ျား သေဆုံးချိန်မှာ စွန့်ပယ် ခံရတဲ့ မုဆိုးမ များ အားလုံး ခိုကိုးရာမဲ့ ဖြစ်ကြရ သည်။
မုဆိုးမများနဲ့ အိမ်ထောင်ကွဲ တစ်ခုလပ်များ အပေါ် လူတန်းစား ခွဲခြားမှုက ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ ရှိနေခဲ့သည်။ ဗြိတိန်နိုင်ငံ အခြေစိုက် Loomba Trust မှ အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ မုဆိုးမများနှင့် တစ်ခုလပ်များ၏ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး စစ်တမ်းကောက် ယူ စေခဲ့သည်။ စစ်တမ်း များအရ မုဆိုးမ တစ်ခုလပ် များကြား အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှု မရှိသည့် နိုင်ငံနှစ်နိုင်ငံ ကိုသာ ရှားရှားပါးပါး တွေ့ရသည်။ ယူက ရိန်းနိုင်ငံ နဲ့ အင်ဒိုနီးရှား နိုင်ငံတွေ မှာတော့ မုဆိုးမတွေကို စာနာ နားလည်မှုနဲ့ ဆက်ဆံကြ သည်။ နှိမ့်ချ ဆက်ဆံသည့် အစဉ်အလာ မရှိခဲ့။
တကယ်တော့ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းမှာ ကျားမ မရွေး မွေးကင်းစ မှသည် သေဆုံးသည် အထိ လူ့အခွင့်အရေး အပြည့်အဝ ရှိသင့်သည်။
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ လင်ယောက်ျား ရဲ့အရိပ်ကို မှီခိုပြီး သောက ကင်းကင်းနဲ့ အိမ်ထောင်ရေး လမ်းကို လျှောက် လှမ်းနေကြသူ မြန်မာအိမ်ရှင်မ များ လက်ညှိုး ထိုး မလွဲအောင်ကို ရှိခဲ့ပါသည်။ သို့ပေမဲ့ မုဆိုးမများ နဲ့ အိမ်ထောင်ကွဲ တစ်ခုလပ်များရဲ့ အမျိုးသမီး အခွင့်အရေး ကတော့ အခြားသော အမျိုးသမီးများ နှင့် တန်းတူ ရှိနေ ခဲ့သည်။
မဟာဖိုဝါဒ ကြီးစိုးဆဲဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံ ကြားမှ နိုင်ငံငယ် ဆိုပေမဲ့ ကျွန်မတို့ မြန်မာ အမျိုးသမီးတိုင်း ကံကောင်းကြသည်။ မုဆိုးမ သားသမီးတွေ ရယ်လို့ လည်း ဘယ်သူ့ကိုမှ မပစ်ပယ် ထားသလို မုဆိုးမတွေ ကိုလည်း မင်္ဂလာ မရှိသူတွေရယ် လို့ ဘယ်သူကမှ မပစ်ပယ်ကြ။ မုဆိုးမရယ် တစ်ခုလပ် ရယ်လို့ မခွဲခြားဘဲ နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်းက ကူညီထောက်ပံ့မှုတွေ ပေးကြသည်။
နိုင်ငံတကာ အနေအထား အရ အိမ်ထောင်ကွဲ တစ်ခုလပ်များနဲ့ မုဆိုးမများ သိသိသာသာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ များလာချိန် မှာ အဖိနှိပ်ခံ အမျိုးသမီး ထု ဘက် က မားမားရပ်လို့ ကာကွယ်ပေးနိုင်ဖို့ နိုင်ငံ တကာ အဖွဲ့အစည်းတွေ က စတင် စဉ်းစားလာခဲ့သည်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ နဲ့ လူမှုရေး အသင်းအဖွဲ့များမှ မုဆိုးမများ နဲ့ ကျန်ရစ်သူ သားသမီးများ အတွက် ဘဝဖူလုံရေး အတွက် တစ်တပ် တစ်အား ကူညီ ဝိုင်းဝန်းရာက စလို့ အပြည်ပြည် ဆိုင်ရာ မုဆိုးမ များနေ့ရယ်လို့ ဖြစ်လာခဲ့သည်။ ပထမဆုံး အကြိမ် အပြည်ပြည် ဆိုင်ရာ မုဆိုးမ များနေ့ကို ၂ဝဝ၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ စတင် ကျင်းပခဲ့ကြသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းမှ ကမ္ဘာ အဝှန်းမှာ ရှိကြသော မုဆိုးမ များအရေး ကို ကမ္ဘာသူ ကမ္ဘာသားများ သိအောင် ကြိုးပမ်း လှုံ့ဆော်ပေး ခဲ့သည်။
”လင်ယောက်ျား ဆုံးရှုံးတိုင်း ဘယ် အမျိုးသမီး မှ အမျိုးသမီး အခွင့်အရေး မဆုံးရှုံးစေ ရဘူး။ သူတို့ ရဲ့ ဖြစ်တည်မှုတွေ ဟာ ကျွန်တော် တို့အတွက် ဘယ်လို အရေး ပါတယ် ဆိုတာကို အပစ်ပယ်ခံ မုဆိုးမတွေကို သိစေရမယ်။ သူတို့ ဘဝတွေကို ပိုမို ကောင်းမွန် ပြည့်စုံအောင် ပျော်ရွှင်အောင် ဖန်တီး ပေးကြပါစို့”
တကယ်တော့ ကျွန်မတို့ ဖြတ်သန်းနေတဲ့ ဘဝတစ်လျှောက် မှာ ကျွန်မတို့ မသိ မမြင်နိုင်ခဲ့ သော ပိတ်ထားဆဲ ဖြစ်သော တံခါးပေါင်း များစွာ ရှိနေခဲ့သည်။
ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ကြားမှာ ပွင့်လင်းမှု မရှိ မြင်သာထင်သာခြင်း မရှိသော လူ့ အဖွဲ့အစည်းပေါင်း များစွာ ရှိနေခဲ့သည်။
မိန်းမသားပင် ဖြစ်လင့် ကစား မိန်းမသား အခွင့်အရေး ဆုံးရှုံးနေ ဆဲဖြစ်သော၊ တားမြစ် ထားသော နံရံများ၏ အခြား တစ်ဖက်တွင် မျက်ရည်များ ရှိုက်သံ များနှင့်ပြည့်နှက်နေသော သီးခြားကမ္ဘာငယ် တစ်ခုကို ကျွန်မ မထင်မှတ်ဘဲ သိခွင့်ရခဲ့တာမို့…..
ဇွန်လ ၂၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မုဆိုးမများနေ့ အမှတ်တရ
နှင်း