ကိုယ့်လက်ထဲ ရောက်လာခဲ့တဲ့ ထူးဆန်းလှ တဲ့ ဖိတ်စာလေးကို အထက်အောက် ရှေ့နောက် ထပ်ထပ် ကြည့်နေမိတယ်။ ‘သေနေ့ကြိုနှုတ်ဆက်ပွဲ’ တဲ့။ ‘မေတ္တာဖြင့် လက်ဆောင် ပစ္စည်းပေးပို့ခြင်း သည်းခံပါ’ လို့လည်း ရေးထားပြန်တယ်။ ဖိတ်စာ အတွင်းဘက် မှာတော့ ငယ်နုလှတဲ့ မောင်နှံပုံနဲ့ အတူ နှစ်ယောက် တစ်ဘဝရဲ့ အစ ဆုံးနေ့ အပြုံး ပန်းတွေနဲ့ ဝေ စေနိုင်ပါစေ…လေလို့ ရေးထား တယ်။ နောက်ကျောဖုံး အတွင်းဘက်မှာကျတော့ အိုမင်း လှပြီဖြစ်တဲ့ မောင်နှံပုံလေး။ ဒီပုံလေးနဲ့ အ တူ ရေးထားတဲ့ စာလေးက ပိုတောင် စိတ်ဝင် စားစရာကောင်းသေး။ ‘လမင်းကွယ်ချိန် နေကွယ် ချိန် လွမ်းသူရဲ့ပွဲ ဘယ်သူ အရင်လဲ’ တဲ့။ ကျွန်တော် သေခြင်းနီး သပြေညို ဦးတင်ရွှေနှင့် ကျွန်မသေခြင်းနီး ဒေါ်တင်ရီ တို့ရဲ့ နှစ် ၅ဝ ပြည့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ် အဖြစ် သေနေ့ ကြိုနှုတ်ဆက် မိတ်ဆုံ စားပွဲသို့ လာဖြစ်အောင် သာ လာခဲ့ပါရန် ဖိတ်ကြား ထားပါတယ်။ ပွဲကျင်းပတဲ့ ၃.၁၁.၂ဝ၁၃ နေ့မှာ ကိုယ်ရောက် သွားတော့ အသက် ၇၇ နှစ်စီ ရှိနေပြီဖြစ်တဲ့ အဘိုး ဦးတင်ရွှေနဲ့ အဘွား ဒေါ်တင်ရီတို့ နှစ်ဦးလုံး ကို အေးချမ်းတဲ့ အပြုံးကိုယ်စီ နဲ့ တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံး ရဲ့ အပြုံးတွေထဲမှာ သေခြင်း တရားအား ရင်ဆိုင်ရန် အသင့်ဖြစ်နေ တဲ့ အပြုံး ကိုလည်း တွေ့နေရတယ်။ ကိုယ့်ရဲ့လေးစားမှုတွေ၊ စိတ်ဝင်စားခြင်းတွေ အတုယူချင် စိတ်တွေနဲ့ အဘိုးနဲ့ အဘွားကို မေးခွန်းလေးတွေ မေးကြည့် ဖြစ်ခဲ့တယ်။ ဒီဖေဖော်ဝါရီလ ဆိုတာ ချစ်သူတွေ ပျော်ကြတဲ့ အထိမ်းအမှတ်နေ့လေး ရှိတဲ့ လပါ။ ဒါပေမဲ့ အဘိုး ဦးတင်ရွှေနဲ့ အဘွား ဒေါ်တင်ရီတို့ လို ချစ်သူစုံတွဲ ဇနီးမောင်နှံ မျိုးတော့ ရှားလိမ့်မယ်။ ဒါကြောင့် ကိုယ်က အဘိုးအဘွား တို့ရဲ့ ဘဝခရီးလမ်း အကြောင်းနဲ့ အပြုံး မပျက် မေတ္တာ ဖက်ရင်း ဘဝနောက်ဆုံးချိန် ကို ကြည် ကြည်နူးနူး စောင့်ရဲတဲ့ သတ္တိကို ရတီ စာဖတ်ပရိသတ်တွေ အတွက် ရည်ရွယ်ပြီး ဒီလို လမှာ ဖော်ပြပေး လိုက်ပါတယ်။
မောင်တင်ရွှေနဲ့ မတင်ရီရဲ့ ဖူးစာ
အဘိုးတို့နှစ်ဦး စတွေ့တာက သက်ကြီး တက္ကသိုလ် တစ်ခုမှာ စတွေ့တာ။ သက်ကြီး တက္ကသိုလ် ဆိုတာ အဲဒီတုန်းက ပုဇွန်တောင် ကြက်တန်းနား က အ.မ.က (၄) ကျောင်းမှာ ရှိတယ်။ ၁၉၅၉ ခုနှစ်မှာ သက်ကြီး တက္ကသိုလ် တက်ရင်းတွေ့ တာ။ အဘိုးက သဘောကျတော့ အဘွားကို စာ အစောင်ပေါင်း များစွာ ပေးပြီး ချဉ်းကပ် ရတယ်။ အဘိုးက စာ အစောင်ရေ ရာကျော်လောက် ပေးပြီးမှ သူ့ဆီက ပြန်စာလေးရ တယ်။ အဲဒီစာမှာ ဘာရေးထားလဲဆိုတော့
”ကိုတင်ရွှေရေ …နောက်ကိုတော့ မောင် လို့ပဲ ခေါ်တော့မယ်နော်” တဲ့။ အဲဒီလိုလေး ရေးပေး တဲ့စာနဲ့ သမီး ရည်းစားဖြစ် သွားတာ။ ၁၉၆ဝ ခုနှစ် မှာ သမီးရည်းစား စဖြစ် တယ်ပေါ့။
နှစ်ယောက်တစ်ဘဝရဲ့ အစ
အဘိုး တို့က ကိုယ်တိုင် အလုပ်လုပ်၊ ပိုက်ဆံ စုပြီးမှ နှစ်ယောက်ဘဝ စခဲ့တာ။ အဘွားက ငွေစာရင်း ကာကွယ်ရေးရုံးမှာ စာရေးမလုပ်တယ်။ CMA ရုံးလို့ အများ က ခေါ်ကြတယ်။ အဘိုးက ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရုံးမှာ လုပ် တယ်။ နှစ်ယောက်လုံး ဘွဲ့ရပြီး သုံးနှစ်သုံးမိုး ချစ်သူတွေ ဖြစ်ပြီးမှ အိမ်ထောင်ပြုဖြစ်တာ။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ လွန်ခဲ့တဲ့ နှစ် ၅ဝ တုန်းက အိမ်ထောင်ပြုတာပေါ့။ အဲဒီတုန်းက ‘Sun Cafe’ မှာ မင်္ဂလာဆောင်တာ။ ‘Sun Cafe’ ဆိုတာ အရင်တုန်း ကတော့ နာမည်ကြီးပါပဲ။ အခု ‘ကျားကူးကျောင်း’ နဲ့ မျက်နှာချင်းဆိုင် မှာ ရှိခဲ့တာ။ အဲဒီအချိန်တုန်း က လူတစ်ယောက် ကို အဝ ကျွေး ရေခဲမုန့်ရယ်၊ ကော်ဖီ လက်ဖက် ရည်ရယ်၊ မုန့်ငါးမျိုးရယ်အပါမှ သုံးကျပ်ခွဲပဲ ပေးရတယ်။ မင်္ဂလာဆောင်မှာ လူတစ်ရာ အတွက် ငွေ ၁၄ဝဝ ပဲကုန်ခဲ့တယ်။ အခုခေတ်လို မဟုတ်ဘူး။
ရင်နင့်စရာအဖြစ်နဲ့ သားလေးနှစ်ဦး
အိမ်ထောင် ကျတာက ၆၃ ခုနှစ်မှာ။ သားကြီးကို ၆၇ ခုနှစ်မှာ မွေးတယ်။ ၆၉ မှာ သားငယ်လေးကို မွေးတယ်။ သားနှစ်ဦးလုံးက ဒီအဖေအို၊ အမေအိုတွေ ထက် အရင် ထွက်သွား တယ်။ သားကြီးက စာအရမ်းတော်တယ်။ ၁ဝ တန်းကို ငါးဘာသာဖြေ ရပြီး အမှတ် ၅ဝဝ ပေးတဲ့ ခေတ်မှာ သားကြီးက ၄၈၁ မှတ်နဲ့ အောင်ခဲ့တာ။ RIT တက်တယ်။ Mechnical 3rd Year မှာ ၈၈ အရေးအခင်းဖြစ်တယ်။ အရေးအခင်းဖြစ်ပြီး ကျောင်းတွေ ပိတ်တော့ အိမ်ပြန်ရောက် လာတယ်။ အဘိုးတို့က ကန်တော်လေး မှာ ဟိုးနဂိုက တည်းက နေတာ။ အဲဒီအချိန်တုန်းက ကန်တော်လေး က မူးယစ်ဆေးဝါး ဌာနချုပ်လို့ ပြောရင် မမှားဘူး။ ဒီတော့ အပေါင်းအသင်း မှားပြီး သားကြီး က ဆေးစွဲသွားတယ်။ ဆေးစွဲပြီး အပ်တန်းလန်း နဲ့ပဲ ဆုံးသွားတယ်။ သားငယ်လေးက ၈၉ ခုနှစ်မှာ ဆုံးပြန်တယ်။ ဘယ်လိုဆုံးလဲ ဆိုတော့ စင်ကာပူ နိုင်ငံ ဂျိုဒေါင်း မြို့ မှာ မြန်မာက သူတစ်ယောက် တည်း၊ အင်ဒိုနီးရှား က ၉ ယောက်နဲ့ ရန်ဖြစ်ပြီး ရေထဲ ပစ်ချ ခံရပြီး ဆုံးသွားတယ်။ ရန်ဖြစ်တာက လည်း သူ့အတွက် နဲ့ ဖြစ်တာ မဟုတ်ပါဘူးကွယ်။ သားက သင်္ဘော လိုက်တယ်။ ဖြစ်တဲ့ကိစ္စက တခြား သင်္ဘောက မြန်မာနိုင်ငံသား ရဲဝင်းဆိုတဲ့ သူငယ်ကို အင်ဒိုနီးရှား Second Cook က သူ့အဝတ် အစားတွေကို နံတယ်ဆိုပြီး အနိုင်ကျင့် ပြီး ပင်လယ်ထဲ ပစ်ချ လိုက်တယ်တဲ့။ ဂျိုဒေါင်း ဆိပ်ကမ်း ကိုရောက်တော့ ဗမာ အချင်းချင်း တွေ့တော့ ဒီကိစ္စကို ပြန်ပြောတယ်။ ဒါကို သားက မခံနိုင်ဖြစ်ပြီး ကိုယ်စား ရန်ဖြစ်ရင်း ဆုံးသွားရတာ။ သူဆုံးတော့ အသက် ၁၉ နှစ် သာသာလေး ရှိသေးတာ။ သားနှစ်ယောက် ရှိခဲ့ ပေမဲ့ နှစ်ယောက်လုံး က အိမ်ထောင် မပြုရသေး ခင်မှာပဲ ဆုံးသွားတော့ မြေးတွေမြစ်တွေ လည်း မကျန်ခဲ့ပါဘူး။ ဒီလင် ဒီမယားနှစ်ယောက်ပဲ ဘဝ ကို ရုန်းကန်ရတာပဲ။
နှစ်ဦးကြားက သည်းခံမှု
လင်မယားကြားမှာ သည်းခံမှုက အရေးပါ ဆုံးပဲ။ အဘိုးဆိုရင် အဘွားကို နင်နဲ့ ငါနဲ့တောင် မပြောဘူး။ သူက အဘိုးထက် ၃ လကြီးတယ်။ ဒီတော့ ကျွန်တော်၊ ခင်ဗျားနဲ့ ပဲ ပြောတယ်။ ဆဲတာဆိုတာ ကြမ်းကြမ်းတမ်းတမ်း ပြောတာ ရင့်ရင့်သီးသီး ဆိုတာ ဘယ်တော့မှ မလုပ်ဘူး။ စိတ်ဆိုးစရာ အကြောင်း ရှိခဲ့ရင်တော့ အဘိုးက မျက်မှန်ကို ချွတ် ပြီး ကိုယ့်ပါးတွေပဲ ကိုယ်ရိုက်တာ။ ဒါကြောင့် အခု နားလေးတာ။ အဲဒီလို ရိုက်တဲ့ ဒဏ်ပေါ့။ ဒါက ကိုယ့်ဘက်ကလည်း သည်းခံမှု ပေါ့။ သူ့ဘက်ကလည်း ကိုယ့် အပေါ် သည်းခံရ တာပဲ။ အဘိုးက ဘာမှ မလုပ်တတ်ဘူး။ မလုပ် တတ်ဘူးဆိုတာ အိမ် အလုပ်တို့ ဘာတို့ မလုပ် တတ်တာ။ ဒီတော့ အဘွားက အကုန်လုပ်ပေး ရတယ်။ ထမင်း ခူး၊ လျော်တာ ဖွတ်တာ အားလုံး အားလုံး အဘိုးက ဘာမှမလုပ်ဘူး။ အဘွားက ၁၃ နှစ် သမီး ကတည်းက အိမ်ထောင်မှုတွေကို လုပ်ခဲ့တော့ အိမ်ထောင်မှုနိုင် နင်းတယ်။ တခြား မိန်းမတွေလို မဖြစ်ခဲ့ဘူး။ အကွက်စေ့စေ့ နဲ့ စနစ် တကျ ဖြစ်တယ်။ လူနှစ်ယောက် ရဲ့ ရေစက်ဆိုတာ ဆန်းကြယ်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ကွဲစရာ ကွာစရာ ပြတ်စရာမရှိပါဘူး။ ရေစက် ကုန်သွားပေမဲ့လည်း သံယောဇဉ်တွေ နဲ့ ဆက် နိုင်တယ်။ ဘဝဆိုတာ ပန်းခင်းတဲ့မွေ့ရာ မဟုတ်ဘူးလေ။ ကိုယ်ဖြစ်ချင် သလို မဖြစ်ဘူး။ သူဖြစ်ချင်သလို ကိုယ်က လိုက်လုပ်ရတာ။ ဒါကြောင့် အဘိုး ပြောချင်တာက အိမ်ထောင်သက် ရှည်ချင်ရင် လင်နဲ့မယားနဲ့က တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ် သည်းခံပြီး ပေါင်းကြဖို့ပဲ ပြောချင်ပါ တယ်။
အဘိုးနဲ့ အဘွားက သူတို့နှစ်ဦး ရဲ့ နှစ် ၅ဝ ပြည့် ရွှေရတု မင်္ဂလာ အထိမ်း အမှတ် အဖြစ် သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံ စားပွဲမှာ သံဃာတော် တွေကို အရုဏ် ဆွမ်းဆက်ကပ် လှူဒါန်းပြီး အဘိုး အဘွားတို့ကို ကြိုတင် သရဏဂုံ တင်ပေးခဲ့ကြပါ တယ်။ အဘိုး နဲ့အဘွားရဲ့ မှာကြားချက်မှာလည်း ”ဦးကျော်သူကို ပြောပေးပါ။ အဘိုး တို့ သေသွားခဲ့ ရင် တစ်ခါတည်း သင်္ဂြိုဟ်ပေးပါ။ မမီလိုက်ရင် နောက်တစ်နေ့ သဂြုင်္ိဟ်ပေးပါလို့။ အဆိပ်သောက် ပြီး မသေရင် ပြိုင်တူ မသေနိုင်ဘူး။ ဒါကြောင့် အဘိုး အရင်သေခဲ့ရင် အဘွားကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆီ ဖုန်းဆက်ပြီး ဆရာမရဲ့ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာကို ပို့ပေးပါ။ အဘွားအရင်သေ ခဲ့ရင် လည်း အဘိုးက ဒေါ်သန်းမြင့်အောင်ဆီ ဖုန်းဆက်လိုက်ပါ့မယ်။ လာခေါ် ပေးပါလို့ မှာခဲ့ပါရစေ” ဆိုပြီး နာရေး ကူညီမှု အသင်း (ရန်ကုန်) ရဲ့ အတွင်းရေး မှူး ဒေါ်ရွှေဇီးကွက် အား မှာကြားနေခဲ့တာကို ကိုယ် ကိုယ်တိုင် ကြားခဲ့ရတယ်။ သြော် . . . လမင်း ကွယ်ချိန် နေကွယ်ချိန် ဆိုပေမဲ့လည်း . . .
ဖြိုးစုပိုပို