ဆောင်းဦးလှိုင်
President
President ဆိုတာကို ဒီနေ့ ကမ္ဘာ မှာ အသုံးများ တာက သမ္မတကို ပြောတာပဲ။ ဒါပေမဲ့ တချို့အဖွဲ့ အစည်းတွေ မှာတော့ အကြီး အကဲတွေ၊ ဥပမာ – President of the Association ဆိုပြီး သုံးကြတယ်။ ဒီနေ့ ၂၁ ရာစု မှာတော့ President ဆိုတာနဲ့ သမ္မတ ပါပဲ။ အမှန် ကတော့ အဖွဲ့ အစည်း တစ်ခုရဲ့ အကြီးအကဲ ဥက္ကဋ္ဌကို President လို့ ခေါ်တာပါပဲ။ သမ္မတ ဆိုတာကလည်း အကြီး အကဲပဲလေ။ နိုင်ငံ တစ်နိုင်ငံကို ဦးဆောင်တဲ့ အ ကြီး အကဲက သမ္မတ ပဲလေ။ ဒီလို လူမှာ ဘယ်လို အရည် အချင်းတွေ ရှိသင့်လဲ ဆိုတော့ နှစ်ပိုင်း ရှိတယ်။ ပြည်သူ လူထု ဘက်က ဖြစ်စေချင်တဲ့ အရည် အချင်း မျိုးမှာ သမ္မတ ဆိုတာ အများပြည်သူက တကယ် ကို ရွေးချယ် တင်မြှောက် ထားတဲ့သူ ဖြစ်သင့်တယ်။ အများ ပြည်သူနဲ့ နိုင်ငံ အကျိုးကို ရှေးရှု ဆောင်ရွက်နိုင်စွမ်း ရှိရမယ်။ အများ ပြည်သူကို ကိုယ်စား ပြုရမယ်။ ပြည်သူ တွေရဲ့ဆန္ဒတွေ အိပ်မက် တွေကို သူက အကောင် အထည် ဖော်နိုင်စွမ်း ရှိလား မရှိလား ဆိုတာတော့ ပြည်သူ တွေက ရွေးချယ် တင်မြှောက်တဲ့ အချိန်မှာတော့ မသိနိုင်ဘူးပေါ့။ ဒါက သူ တာဝန် ထမ်းဆောင်တဲ့ သက်တမ်း အတွင်းမှာ ဘယ်လောက် အထိ ဆောင်ရွက် နိုင်စွမ်း ရှိလဲ ဆိုတာ သိရ မှာပါ။ ဒီမိုကရေစီ နိုင်ငံ တော်တော် များများ ကတော့ သမ္မတကို တိုက်ရိုက် ရွေးချယ် တင်မြှောက် ကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာကျတော့ သမ္မတကို ပြည်သူ လူထုက တိုက်ရိုက် ရွေးချယ် တင်မြှောက်ခွင့် မရကြဘူး။ ပြည်သူ လူထု ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ တစ်နည်းအားဖြင့် ပြောရရင် မဲအများဆုံးနဲ့ နိုင်သွားတဲ့ ပါတီကြီးကသာ ပြန်ပြီး ရွေးချယ်ကြတယ်။ အာဏာ ရတဲ့ ပါတီကြီးရဲ့သဘော ဆန္ဒ လမ်းစဉ် အတိုင်းပဲ သမ္မတကို ရွေးကြတယ်။ အခု ၂ဝ၁၅ မှာ နောက်ထပ် ပါတီက အနိုင် ရရင် သူကလည်း သူ့ရဲ့ သဘော ဆန္ဒအတိုင်း သမ္မတကို ရွေးလိမ့်မယ်။ သူတို့တစ်တွေ ရွေးချယ် လိုက်တဲ့ ပုဂ္ဂိုလ်က ပြည်သူ လူထုရဲ့ အိပ်မက် ထဲက သမ္မတ လိုမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါက အခု ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာပဲပေါ့။ ဒါပေမဲ့ နိုင်ငံ တကာမှာ လည်း ပြည်သူ လူထုက တိုက်ရိုက် ရွေးချယ်ထားပေ မယ့် လည်း သူတို့ ရွေးလိုက်တဲ့ သမ္မတက သူတို့ ထင်သလို ဖြစ်မလာတာ မျိုးတွေလည်း ရှိတာပဲ။ ဒီမိုကရေစီ ဆိုတာကလည်း နိုင်ငံ အသီးသီးက ကိုယ့်စံချိန် စံညွှန်း၊ ကိုယ့်ပုံစံနဲ့ သတ်မှတ်ထား ကြတာပဲ။ အခု လောလော ဆယ်တော့ ကမ္ဘာမှာ အမေရိကန်တို့၊ အိန္ဒိယတို့က ဒီမိုကရေစီ သိပ်စစ်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ ဆီမှာတော့ ပြောင်းလဲကာစ အချိန်ပေါ့။ ဒီမိုကရေစီ နိုင်ငံတွေ အတွက်တော့ သမ္မတ ဆို တာ အရေးကြီးဆုံးပဲ။ သူ့ကြောင့် နိုင်ငံက တိုးတက် သွားနိုင် သလို သူ့ကြောင့်ပဲ နိုင်ငံက ချွတ်ခြုံ ကျသွားနိုင်တယ်။ မိသားစု တစ်ခုရဲ့ President ဆိုရင်လည်း အဲဒီအိမ်ရဲ့ အိမ်ထောင် ဦးစီးပေါ့။ ကျွန်တော် ကတော့ နောင် လာမယ့် President ကို ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်စေ ချင်သလဲ ဆိုရင် ဥပဓိရုပ်လေး လည်း ကောင်းရမယ်။ လူရိုသေ ရှင်ရိုသေ ရုပ်မျိုးရှိမှ လူတွေ ရှင်တွေက ရိုသေမှာဗျ။ နောက်ပြီး ဘယ် ကမ္ဘာ့ ခေါင်းဆောင်ကို မဆို အင်္ဂလိပ်လို သူတင် ငါတင် ပြောနိုင်စွမ်း ရှိစေချင်တယ်။ အသံ သြဇာလေးလည်း ရှိရမယ်။ ဒါမှ Speech ပေးရင် နားထောင်လို့ ကောင်းမှာဗျ။ ကိုယ်ကျင့်တရားနဲ့ စိတ်စေတနာ ဖြူသူ လည်း ဖြစ်စေ ချင်တယ်။ အရေးကြီးဆုံးက Talents & Wisdom လည်း ကောင်းစေ ချင်တယ်။ နောက်ပြီး တိုင်းပြည် အပေါ် မှာ အရင်တုန်း ကလည်း ဘယ်လို အမြတ် ထုတ်မှုမှ မလုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း လှတဲ့ ပုဂ္ဂိုလ် မျိုးပေါ့။ ဒါမှလည်း ပြည်သူ လူထုက နိုင်ငံတကာက သူတွေကြားမှ ‘ငါတို့ သမ္မတ’ က ဆိုပြီး ကြွားကြွားလေး ပြောနိုင်မှာပေါ့။
Priority
Priority ကတော့ အဓိက ထားလုပ်ရမယ့် ဦးစားပေး လုပ်ရမယ့် အလုပ် ရည်ရွယ်ချက်ကို ပြောတာ။ မိသားစု တစ်စုက စီးပွားရေးကို Priority ထားတာလား။ ကျန်းမာရေးကို ထားတာလား။ ပညာရေးကိုလား ဆိုတာတွေပေါ့။ နိုင်ငံကြီး နဲ့ ချီသွားရင်တော့ ဒါတွေ အားလုံးက အရေးပါ သွားပြီပေါ့။ နိုင်ငံတိုးတက်ဖို့ ကျတော့ ဘက်စုံ တိုးတက်မှ ဖြစ်မယ်။ ဒါကို အုပ်ချုပ်သူတွေက သဘောပေါက် ထားရမယ်။ ဦးစားပေးရမယ့် ကိစ္စတွေ ကို တကယ် ဦးစားပေးဖို့ လိုတယ်။ စိတ်စေတနာ ကောင်းဖို့လည်း လိုသေးတယ်။ လူတစ်ယောက် အတွက် Priority က ကျတော့ အချိန်နဲ့ လိုက်ပြီး ပြောင်းတတ်တယ်။ ဥပမာ – အမေရိကန်နိုင်ငံ ဆိုရင် သူတို့နိုင်ငံက လူတွေ စားဝတ် နေရေး မပူရဘူး။ မစားနိုင် မဝတ်နိုင်တဲ့ သူတွေကို အစိုးရက စီစဉ်ပေးတယ်။ သူ့နိုင်ငံက ချမ်းသာတယ်လေ။ ဒီတော့ သူတို့က ဘာကို ဦးစားပေးလဲ ဆိုတော့ အကြမ်းဖက်မှု ပပျောက်ရေး တို့၊ မူးယစ်ဆေးဝါး ကိစ္စတွေကို ဦးစား ပေးတယ်။ အဲဒီလို နိုင်ငံရဲ့ Priority နဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ Priority နဲ့က ဘယ်လိုနည်းနဲ့မှ မတူနိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်က ကျတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေ ကို လုပ်ရမှာ။ Priority က လက်ရှိ ရောက်နေတဲ့ နေရာနဲ့ အချိန်ပေါ် မူတည်ပါတယ်။ ကျွန်တော် ဆိုရင် ၁၅ နှစ်သားက Priority တွေက ပညာတတ် လူငယ်ဖြစ်ဖို့၊ အနုပညာ အလုပ်တွေ လုပ်မယ် ဆိုတော့ ဒီအလုပ်တွေ မှာ အောင်မြင်တဲ့ အနေ အထား ရောက်အောင် ကြိုးစားဖို့က ကျွန်တော့်ရဲ့ Priority ပဲ။ အဓိကက ကျွန်တော့် အတွက် ဦးစား ပေးတွေပဲပေါ့။ လူငယ် ဘဝရဲ့ Priority က မိမိ ကောင်းဖို့၊ မိမိ တော်ဖို့၊ မိမိ အတွက်ပဲပေါ့။ ကျွန်တော် လူလတ်ပိုင်း ၂၇၊ ၂၈ ရောက်တော့ ကျွန်တော့် အိမ်ထောင်ရေး၊ ကျွန်တော့် မိသားစုက ကျွန်တော့်ရဲ့ ဦးစားပေးတွေ
ဖြစ်သွားတယ်။ ကျွန်တော့် အသက် ၃၅ နှစ်လောက် မှာတော့ ကျွန်တော့်ရဲ့ Priority က လူမှုရေး လုပ်ငန်းတွေဆီ ပြောင်းသွားတယ်။ အခု ကျွန်တော် ၄၂ နှစ်အရွယ် Priority က ကိုယ့်ကို မွေးခဲ့တဲ့ ဒီရေ ဒီမြေ အတွက် ဖြစ်သွားတယ်။ Priority ဆိုတာ ကိုယ့်ရဲ့ ကြုံတွေ့ ရတဲ့ ဘဝ၊ ခံစားချက်၊ ခံယူချက်နဲ့ နေထိုင်ရမှု ပုံစံတွေပေါ် မူတည်ပြီး ပြောင်းသွား တတ်ပါတယ်။
Progress
Progress ဆိုတာ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တာကို ပြောတာ။ သူ့အဓိပ္ပာယ်က တော်တော်ကို ကျယ်ပြန့်တယ်။ Success နဲ့ တောင် မတူဘူး။ သူက အခြေ တကျ ခိုင်ခိုင်မာမာ တိုးတက် အောင်မြင်မှု ဆို မှန်လိမ့် မယ်။ Step by Step နဲ့ Success ဖြစ်တာကို Progress လို့ ခေါ်တာပါ။ ကျွန်တော်တို့ musician တွေ တခြား Pop Artist တွေ အတွက် ဆိုရင်တောင် Progress က သိပ် မရင်းနှီးဘူး။ ကျွန်တော်တို့ အတွက်က Success တွေ Fame တွေနဲ့ပဲ ကျွန်တော်တို့က ပြောလို့ ရတယ်။ ”တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့” ဆိုသလို လူတစ်ယောက်က သူ့ဘဝရဲ့ ရည်မှန်းချက်တွေကို တဖြည်းဖြည်းချင်း အောင်မြင်အောင် လုပ်သွားရင် Progress ရတာပေါ့။ သူ့ရဲ့ Priority တွေ၊ Hopes တွေ ဘယ်လောက် ဆုပ်ကိုင် ထားနိုင်လဲ။ နိုင်ငံ တစ်နိုင်ငံ ရဲ့ Progress ကို ပြောရမယ် ဆိုရင်တော့ စောစောက ပြောခဲ့တဲ့ Presidentတွေ၊ Priority တွေနဲ့ အများကြီး သက်ဆိုင်နေ တယ်။ အဲဒီနိုင်ငံရဲ့ President က ရွေးချယ်ပြီး ဦးစားပေးတဲ့ လုပ်ငန်းတွေက ဘယ်လောက်ထိ Progress တွေ ဖြစ်နေလဲ ဆိုတာပေါ့။ တိုးတက်မှုကို တစ်နှစ် တည်ဆောက် မလား။ ၄ နှစ်လား။ ၁ဝ နှစ်လား။ နှစ် ၁ဝဝ လား။ ဒါကလည်း အဲဒီ Presidentရဲ့ ဦးဆောင်နိုင်စွမ်း နဲ့ စွမ်းဆောင်ရည် တို့နဲ့ ဆိုင်တယ်။ Talents တွေ၊ Wisdom တွေရှိတဲ့သူ ဦးဆောင်ရင်တော့ Progress က မြန်မှာပေါ့။ အရည်အချင်း ရှိတဲ့သူ ဆိုရင် ဥပမာ - မလေးရှား နိုင်ငံရဲ့ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ဆိုရင် ၁၉၈၈ ဝန်းကျင်လောက် မှာ မလေးရှားမှာ မီးတွေ ခက်ခဲကြတယ်။ သူက ပြောတယ်။ သူ့ကို သုံးနှစ် အချိန်ပေး။ သုံးနှစ်အတွင်း အဆင် မပြေရင် သူ နုတ်ထွက်မယ် ဆိုပြီး ပြောတယ်။ အဲဒီ သုံးနှစ် ပြီးတော့ မလေးရှားမှာ ဒီနေ့ဆိုရင် မီးပျက်တယ် ဆိုတာ လုံးဝ မကြားဖူး ကြဘူး။ ဒီသဘောပါပဲ။
ဖြိုးစုပိုပို