အခုတလော တောက်တီးတို့ ရပ်ကွက်ထဲ ခေတ်စားနေတာ အန်တီညို ဆိုတဲ့ စကားလုံးပဲဗျ။
”ဟဲ့ နေပူထဲသွားရင် ထီးယူသွား အန်တီညို ရှိတယ်နော်”
”အန်တီညိုက ကြောက်ရတယ် ..အပြင်သိပ် မထွက်ကြနဲ့”
တစ်ခါလာလည်း.. အန်တီညို ၊ တစ်ခါလာလည်း အန်တီညို။ ဒီ အန်တီညိုဆိုတာ ဘယ်ကဘွားတော်မို့ လူတွေ ဒီလောက် ကြောက်နေကြ တာလဲ လို့ မောင်တောက် တီး တစ်ယောက် အတွေးခေါင်မိတယ်။ နောက် တော့မှ လမ်းထိပ် ကိုတာတီး လက်ဘက်ရည်ဆိုင် က ဂျာနယ်ဖတ်ပြီး အန်တီညို ဆိုတာ အယ်နီညို ဆိုတဲ့ အပူလှိုင်း ကိုခေါ်နေ တာကိုးလို သိရ သဗျာ။ ဒီအန်တီညိုဆိုတဲ့ ဟာကြီးဟာ တောက်တီးတို့ တိုင်းပြည်ကို ခဏ ခဏလာနေတာ ဘာကြောင့်များ လဲပေါ့။ ကျောင်း ဆရာ ကိုဆန်း ကတော့ ပြောပါတယ်။ သစ်ပင်တွေ မရှိတော့လို့တဲ့။ အောင်မယ်..သစ်ပင်တွေ မရှိဘူး သာပြောတာ..တောက်တီးတို့အိမ်ရှေ့ကနေ ဆိပ် ကမ်း ဆီသွား နေတဲ့ သစ်လုံး ကား ကြီးတွေက တစ်နေ့ဆယ်စီးလောက်ကို ရှိသဗျာ။ အိမ်း.. ဘယ်လိုဖြစ်ဖြစ် ရုက္ခစိုး ဘိုးဘိုးကြီးနဲ့ အန်တီညိုဟာ ဒါရိုက်ထရန်စဖာ နဲ့ ဂျူတီချိန်းလာတယ် ထင်ပါ ရဲ့ဗျာ။ ရုက္ခစိုး ခမျာ မျက်နှာငယ်ငယ်လေး နဲ့ ယပ်ခပ်နေချိန် အန်တီညိုက ငါလုပ်တာကွ ဆိုပြီး လက်မထောင်နေတာ မြင်ယောင်သေးရဲ့။ အဲ့ဂလို ဒီဂလောက် ပူရတဲ့ အထဲ မီးကလည်း ပျက်ချက်ဗျို့။အစိုးရသစ် ရဲ့ ပထမဆုံး ရက်တစ်ရာကို ဟန်းနီးမွန်း ကာလလို့ ခေါ်သဗျ။ ဟန်းနီးမွန်းကာလမို့ မီးပျက်တာလို့ တောက်တီးတော့ ထင်တယ်။ ဘာဆိုင်လဲ ဟုတ်လား။ ဆိုင်သပေါ့ဗျ။ သိပ်ဆိုင်။ ဟန်းနီးမွန်း ကာလဆိုတာ လင်နဲ့မယား အသစ်စက်စက် ပထမ ဆုံး ခရီးထွက်ကြတဲ့ ကာလ လေးလေဗျာ။ ဒီတော့ လင်ကလည်း မယားကို ရှက်၊ မယား ကလည်း လင်ကိုရှက်တော့ မီးပိတ်ပြီး ပျားရည် ဆမ်းကြသကိုး ဗျ။ အခုလည်း အစိုးရသစ် ရဲ့ ဟန်းနီးမွန်း ကာလကို ကြိုဆိုပြီး ရှက်ရှက်နဲ့ မီးပျက်တာနေ မှာပေါ့လေ။ အဲဒီဟန်းနီမွန်းမီးဟာ မလာ တစ်ချက်ပျက် တစ်ချက်နဲ့မို့ တောက်တီးအိမ် က တရုတ်ပန်ကာ အစုတ်လေးတောင် ဖုန် တက်နေ ပါရောလား။ မီးပျက်တယ်ဆိုပေမဲ့ အရင်လို ပျက်ချင်လို့ ပျက် တာ မဟုတ်ဘူး။ ဘာကြောင့်ပျက် တာပါ ဆိုတာကိုတော့ လျှပ်စစ်ဌာန က ကြေညာချက် ထုတ်ပေးသဗျ။ တစ်ခါပျက်ရင် တစ်ခါထုတ်၊ နှစ်ခါ ပျက်ရင် နှစ်ခါထုတ်၊ အခါနှစ်ဆယ်ပျက်ရင် အခါနှစ်ဆယ်လုံး ကြေညာချက် ထုတ် ပေးသဗျ။
အကြောင်းအရင်း ကတော့ ဘိုလို စစ်စတန် ဘရိတ် ဒေါင်းလို့ပါတဲ့။ တစ်နေ့ကို ဆယ်ခါလောက် စစ်စတန် ဘရိတ် ဒေါင်းနေတော့ မောင် တောက်တီး တစ်ယောက် တွေး မိတယ်။ ဒီလောက်ပူနေတဲ့ အန်တီညို ဆိုတာကြီးလည်း စစ်စတန် ဘရိတ်ဒေါင်းဖြစ်သွားရင် သိပ်ကောင်းမှာပဲ လို့။ အိမ်း အခုလောလောဆယ်တော့ ..စက်မဲ့ ပန်ကာ ဖြစ်တဲ့ပြည်တွင်း ဖြစ် အသုဘရှုကော် ယပ်တောင်လေးနဲ့ မယ်မင်းကြီးမ တောက်တဲ့မကို သနပ်ခါးခြောက်အောင် ခပ်ပေးရရင်း လူက စစ်စတန် ဘရိတ်ဒေါင်းချင်နေပြီဗျာ..
ပါရေး ကူညီမှုအသင်း
ဒီရပ်ကွက်ထဲ မှာတော့ တောက်တီးဟာ ပရဟိတ နဲ့ ပတ်သက်ရင် ရှေ့ဆုံးကပဲ။ နာဂစ်တိုက် တုန်းကဆို လမ်းပေါ် လဲကျနေတဲ့ သစ်ပင်တွေကို လမ်းသွား လမ်းလာတွေ အနှောင့် အယှက်ဖြစ်မှာ စိုးလို့ ထင်းရောင်းစား တဲ့လူတွေဆီ လက်ညိုးထိုး ရောင်းပစ်ခဲ့တာ တောက်တီး ပဲပေါ့။ ပြီးတော့ လေနဲ့အတူပါလာပြီး လမ်းမပေါ်ကျနေတဲ့ သွပ်ပြားတွေ ကို ကလေးတွေ ရှမှာစိုးလို့ တစ်ချပ်ချင်း လိုက်ကောက်ပြီး မင်္ဂလာဈေးသွား ပြန်သွင်းခဲ့ တာလည်း တောက်တီးပဲ။ ဒီလောက် ပရဟိတ စိတ်တွေ ပြည့်နေ တဲ့ မောင်တောက်တီး တစ်ယောက်ပရဟိတ အသင်း တစ်ခုထောင်ဖို့ ကြံစည် နေသဗျ။ အဲ့ဒီ အကြံအစည် ရတာကလည်း ဒီလို။ တစ်မြန်နေ့က တောက်တီး တို့ ဇနီးမောင်နှံ ရပ်ကွက်နားက နာမည်ကြီး ဘုရားကို သွားဖူးကြသဗျာ။ ရပ်ကွက်နဲ့ လည်းနီးတော့ ကျန်းမာရေး နဲ့လည်းညီ အောင် လမ်းလျှောက် သွားကြမယ် ဆိုပြီး ပိုက်ဆံ ကလည်း တစ်ပြားမှ မထည့်လာမိဘူး။ အဲ့ဒီလိုနဲ့ ဘုရားပေါ်ရောက် ဘုရားဝတ်ပြုလည်း ပြီးရော တောက်တီး ဗိုက်ထဲက ရစ်လာပါလေရော။ ဒါနဲ့ အိမ်သာသို့ ဆိုတဲ့ ဆိုင်းဘုတ် အတိုင်းလည်း ဘုရားရင်ပြင်တော် အနောက်ဘက်လည်း ဝင်သွားရော ”လူကြီး -၂ဝဝ ၊ ကလေး -၁ဝဝ” (နိုင်ငံခြားသား များမှအပ) ဆိုတဲ့ ဆိုင်း ဘုတ်တွေ့ ရတော့တာပဲ။ အရင်က နိုင်ငံခြား ရောက်ဖူးတယ် လူတွေ ပြောတာ ကြားဖူးတာက နိုင်ငံခြား လေဆိပ် ရောက်တာနဲ့ တို့ မြန်မာတွေ မျက်နှာငယ်ရတယ် ကွာ ဆိုတာတွေ ချည်းပဲ။ အခုတော့ တောက်တီး အဖြစ်က ကိုယ့်နိုင်ငံ၊ ကိုယ့် ဘုရားစေတီပေါ်က အိမ်သာ ရှေ့ မှာ မြန်မာဖြစ်ရတာ မျက်နှာ ငယ်နေတဲ့အဖြစ်။ ကြည့်စမ်း ပါဦး.. မြန်မာ မို့လို့အီအီးတောင် အလကား မပါရဘူးတဲ့။ ခက်တာက ပိုက်ဆံ ကလည်း တစ်ပြား မလာတော့ တောက်တီး တစ်ယောက် အောင့်အည်းပြီး ဖင်ကို လိမ် ကျစ် အိမ်ပြန် လစ်ရသပေါ့ဗျာ။
ဒါကြောင့် တောက်တီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
တောက်တီး ပိုက်ဆံရှိတဲ့ တစ်နေ့ မြန်မာနိုင်ငံက ဘုရားစေတီတွေ၊ ပန်းခြံ တွေ၊ လမ်းဆုံ လမ်းခွတွေက အများပြည်သူသုံး အိမ်သာတွေ ကို လေလံ ဆွဲပြီး ပြည်သူတွေ အခမဲ့ပါလို့ရအောင် ကူညီမယ်လို့။ အဖွဲ့နာမည် အတွက်တော့ နာရေးက ဦးကျော်သူ တို့ကိုအားနာပါရဲ့။ ပါရေး ကူညီမှုလို့ ပေးလိုက်မယ်ဗျာ..ကဲ မနှိပ်လား။
စုံစီနဖာအတင်းချုပ်
ပူချက်က နိုင်း တော်ရေ..နိုင်း ။
ပူချက်က နိုင်း ဆိုလို့တောက်တဲ့မတို့ လူကြီးတွေတောင် ပြည်သူနဲ့ တစ်သားတည်း ပူအောင် အခန်းပြင် ခုတင်ထုတ်ပြီး အင်္ကျီချွတ် ဖက်ရှင် တွေလုပ် ကုန် ကြပြီတဲ့တော့။ အလိုလေး ရပ်ကွက်ထိပ် ဓမ္မာရုံက လူကြီး တွေကို ပြောပါတယ်အေ။ တခြားလူကြီးတွေတော့ မပြောရဲပါဘူး။
ပူတာက ပူတာ.. ဝါသနာက ဝါသနာပဲအေ။ ဒီတော့ ရိုးရာမပျက် အပျင်းလေးဖြေရင်း အတင်းလေးတွေ ဝေမျှကြတာပေါ့။ ဒီလိုအေ့.. အခုတလော ဟိုနားရွက်ကား ကား မင်းသားလေး နဲ့ မော်ဒယ် မင်းသမီး လေးရဲ့ စင်ဒရဲလား ဇာတ်လမ်းက ရပ်ကွက် ထဲတော့ ပြန့််နေသအေ။ သူတို့ ချင်းဖုန်းပြောတဲ့ အသံဖိုင်ဆိုလား ဘာလားတဲ့ ။အောင်မယ် စင်ဒရဲလား ဇာတ်လမ်းဆိုလို ဖရုံသီး မြင်းလှည်းကြီး စီးပြီး ကပွဲလာတဲ့ မင်းသမီးလေး ပုံပြင်လို မှတ်တယ်ပေါ့။ အခု တောက်တဲ့မတို့ စင်ဒရဲလားဇာတ်က ပိုခေတ်မီ တယ်အေ့။
ဇာတ်လမ်း စစဖွင့်ချင်းကတည်းက နားရွက် ကားကား မင်းသားလေးရဲ့ ဟစ်ဟော့နဲ့ စတာဆို လားပဲ။ သူ့ကိုခေါက်ပြီး အခြားတစ်ယောက် နဲ့တွဲ ခုတ်နေတဲ့ မင်းသမီးလေး ကို မင်းသားလေးက ဖေတော့ မောင်တော့ အဝှာတော့တွေ နဲ့ Rapping ရွတ်ပြတာများ ဂျေမီတို့ ကြက်ဖတို့လို ရက်ပါ တွေတောင် ဆလံသ ရတယ်ဆိုပဲ မင်းသမီးလေး ကတော့ ခပ်ပြတ်ပြတ် ပဲ။
”ငါနဲ့ အဆင်ပြေချင်ရင် ငါလိုချင်တဲ့ ဖိနပ်ဝယ်ခဲ့”တဲ့ ။
ပုံပြင်ထဲမှာတော့ မင်းသားလေးဟာ ကျွတ် ကျန်ရစ်တဲ့ ဖန်ဖိနပ်လေးကို ကိုင်ပြီး တစ်နိုင်ငံလုံး အနှံ့ စင်ဒရဲလားကို လိုက်ရှာတယ်အေ။ တောက်တဲ့ မတို့ မင်းသားလေး လည်း ဒေါ်လာထောင်ဂဏန်း ရှိတဲ့ဖိနပ်လေး ကို ကိုင်ပြီး မင်းသမီးဆီသွားမလား ဆိုတာကိုတော့ စိတ်ဝင်စားမိ သအေ။
သူများ အကြောင်းတွေကြီး စိတ်ဝင်စားနေတာ နဲ့ ကိုယ့် အကြောင်း ကိုယ်ပြောဖို့မေ့နေတယ်အေ။
ဟိုတစ်ရက်က အိမ်က တောက်တီးကြီးနဲ့ ကျုပ် နဲ့ ရန်ဖြစ်တော့ ကျုပ် လည်း အားကျမခံ ပြတ်ပြတ်ပဲ ပြောလိုက်တယ်။
”ကျုပ်နဲ့အဆင်ပြန်ပြေချင်ရင် ကျုပ်ဝယ်ခိုင်းတဲ့ ဘော်လီတစ်ထည် ဝယ်ခဲ့ပါ”လို့ ။
အဲဒါကို ဒင်းက ကွယ်ရာမှာ ဘာပြန်ပြောသတုံး သိလား။
”သိလိုက်ပါပြီ။ ဘော်လီ တစ်ထည်ဝယ်ပေးရင် အဆင်ပြေမယ် ဆို တာကို နားလည် လိုက်ပါပြီ။ ဒါပေမဲ့ ..တောက်တီး ရဘယ်တော့မှ မဝယ် သွားဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်မိန်းမဘော်လီ ဆိုဒ်ကို မေ့နေလို့”တဲ့။ အဲ့ဒီစကားကို ဒင်းက လက်ဖက်ရည် ဆိုင်က သူ့ဘော်ဒါတွေကို အကယ် ဒမီမရတဲ့ စတိုင်အတု ခိုးပြီး ပြောနေတာ ကို တောက်တဲ့မ ရဲ့အပေါင်းအသင်း တွေက သတင်း လာပို့တယ်လေ။
”ဟွန်း..ဘယ်ရမလဲ”
”တောက်တဲ့မပဲ”
ကိုယ့်မိန်းမ ဘော်လီဆိုဒ်တောင် ကိုယ်မေ့တဲ့ ဒင်း ပြန်လာလို့ အိမ် တံခါးဝရောက်တယ်ဆိုရင်ပဲ အကယ်ဒမီရွှေစင်ငရုတ်ကျည်ပွေ့နဲ့ တီး လွှတ်ထည့်တာရအခုမှ ဟို အကယ်ဒမီပေးပွဲကလိုမျိုး နောက်ပြန်လန်ပြီး တကယ်ရှော့ခ်ဖြစ်သွားလေရဲ့
”မှတ်ကရောအေ”