လက်ထဲက အထုပ်ကြီး အထုပ်ငယ်တွေက…”
”သားသား အတွက်လေ၊ ဝေယံရေ … သားရေ…လာပါဦးကွ”
နှုတ်က ‘သက်’ ၏မေးခွန်းကို ဖြေနေပေ မယ့် သူ့မျက်လုံး များက သားဖြစ်သူ ‘ဝေယံ’ ကို ရှာနေမှန်း သိသာသည်။
”ရှိပါတယ်ကိုရဲ့။ သားက အခုလေးတင် ရေမိုးချိုးပြီးလို့ အဝတ် လဲနေတယ်လေ။ ဟိုမှာ … မိမိ လုပ်ပေးနေတယ်”
”ဖေကြီး”
သက်၏ စကား မဆုံးသေးခင်မှာပင် သား ဖြစ်သူဝေယံ အခန်းထဲ မှ ထွက်လာသည်။
”လာပါဦး ဖေကြီးဆီကို၊ အင်း… ဟာ … မွှေးလှချည်လား သားရဲ့။ ကဲ… ဖေကြီး သားကို နမ်းမယ်”
”ကိုကလည်း… ရေလည်း မချိုးသေးဘဲ နဲ့၊ သားကို မနမ်းနဲ့ဦး။ သွား… သွား…ကိုယ်လက် သန့်စင်ပြီးမှ သားသားကို ချီလေ၊ သွားပါဆို…”
ပြောပြောဆိုဆို နဲ့ ‘ကို့’ လက်ထဲက သားကို ‘သက်’ က ပြန်လုယူသည်။
”ဟောဗျာ… အေးပါကွာ၊ ကဲ…ကဲ… ရော့… ဒါတွေက မနက်ဖြန် သား မူကြို သွားဖို့အတွက် ဖေကြီး ဝယ်လာတာဗျ။
”ကိုကလည်း… ပြီးခဲ့တဲ့ တစ်ခေါက်က ပဲ တစ်စုံ ဝယ်လာသေးတယ်လေ”
ဟုတ်ပါသည်။ မနက်ဖြန် ဆိုရင် သားသား ကို မူကြိုစပြီး ပို့မှာဖြစ်ပါသည်။ သားဖြစ်သူက တော့ ဘာမှန်းရေရေရာရာ မသိသေးတော့ မိဘတွေ ပြောသမျှကို လက်ခံပြီး မူကြို ဆိုတာ သူ့အတွက် ပျော်ရမည့် နေရာဟု နားလည် ထားပုံ ရပါသည်။ သက် အတွက် ကတော့ စိတ်လှုပ်ရှား စရာ တစ်ခုဖြစ်သလို အဆင် မှပြေပါ့ မလားဆို သည့် ပူပန်မှု ကလည်း ခေါင်းထဲ အမြဲရောက်လာ တတ်သည်။
”ကဲ… သားရေ ဝေယံ။ လာပါဦး… လာပါဦး။ ဟောဒီမှာ… သားသားမူကြိုသွား ဖို့ အတွက်တဲ့။ ဘာတွေလဲ ကြည့်ရအောင်၊ ဟော… ကျောပိုးအိတ်သေးသေးလေး၊ ဒါက ရေဘူး၊ ဒါက မုန့်ဘူး၊ ကဲ… သားသားကြိုက် ရဲ့လား”
”ကြိုက်တယ် မေသက်”
”မင်းအဖေကတော့ ပြောကို မပြောချင်ဘူး။ သည်းသည်းလှုပ်လွန်းတယ်။ သူ့သားကို တက္ကသိုလ်တက်မယ့် ကျောင်းသားကြီးများ မှတ်နေလားမသိ”
”မေသက်”
”ရှင့်”
”မူကြိုမှာ ကဗျာတွေ သင်ရမယ်ဆို၊ မမမိက ပြောတယ်”
”အေးပေါ့ သားရဲ့၊ ကျောင်းက ပြန်လာရင် သားသားက မေသက်တို့ကို ကဗျာတွေဆိုပြ ရမယ်နော်”
”ဟုတ်”
”ကဲ… ကဲ… သား သွားဆော့ချေ၊ ခဏနေ မေမေတို့ မံမံစားကြမယ်နော်၊ မိမိရေ … ထမင်းပြင်ကြရအောင်ကွယ်၊ သားသားကို အရင်ကျွေးလိုက်မယ်၊ ပြီးမှ တို့တွေ စားမှာ”
”ဟုတ်ကဲ့… မမသက်”
”ဟော… သားကြီးဝေယံ ကျောင်းက ပြန်လာပြီပဲ၊ လာပါဦး သားရဲ့”
”မေသက်၊ သားသား ဗိုက်ဆာပြီ”
”အေးပါ အေးပါ၊ မေမေ မုန့်ကို အဆင်သင့် လုပ်ထားပါတယ် သားရဲ့။ အင်္ကျီ အရင်လဲလိုက် ရအောင်နော်။ မိမိရေ… သားသား အတွက် မုန့်ထည့်ပေးပါကွယ်”
သက်က နှုတ်မှလည်း ပြော၊ လက်မှလည်း သားသားဝေယံကို အဝတ်အစားများ လဲပေး၊ ခြေလက်သန့်စင်ပေး လုပ်နေပါသည်။
”သားသား”
”ဗျာ”
”ကျောင်းမှာ ကဗျာ သင်ရလား”
”ဟုတ်”
”ဟုတ်လား..ဒါဆို မုန့်စားပြီးရင် ကဗျာ ဆိုပြနော် မေသက်ကို”
”ဆိုပြမယ်… မေသက်”
”သူငယ်ချင်းတွေရော တွေ့ခဲ့လား”
‘ဟုတ်ကဲ့”
”သားသား သူငယ်ချင်းနာမည် ဘယ်သူလဲ၊ မေသက်ကို ပြောပါဦး”
”သိဘူး”
”ဟင်.. သားက သူငယ်ချင်းနာမည်ကို မသိဘူးလား။ နောက်နေ့ကျရင် မေးခဲ့နော်။ ဟော… ဟိုမှာ မမမိက သားအတွက် မုန့် ပြင်ပြီးပြီ။ လာ… စားရအောင်”
မုန့်စားနေသော သားဖြစ်သူဝေယံကို ကြည့်နေသည့် သက်၏မျက်နှာမှာ ပီတိအပြုံး တွေနဲ့ ဖုံးလွှမ်းနေသည်။ ”သြော်… သားလေး ကို အရွယ်ရောက်တဲ့အထိ ပျိုးထောင် ရဦးမှာ ပဲ။ ‘သက်’ မှာ ရှေ့ဆက်လျှောက်ရမည့် ဘဝ ခရီးအတွက်စဉ်းစားရင်း ရင်မောသလိုရှိသည်။ ”မေမေတို့ ငါ့ကိုမွေးပြီးတော့လည်း ဒီလိုပဲ နေမှာပဲ” ဟု ကိုယ်ချင်းစာ အတွေးများလည်း ဝင်လာရပြန်သည်။
”မြေးလေးရေ… ဝေယံရေ…”
”ဟော… မေမေတို့လာပြီ၊ သားသား ရေ… ဒီမှာ ဘွားဘွားလာတယ်။ ဝေယံက သူအဘွားရှိရာသို့ အပြေးရောက်လာသည်။
”ရော့… ဒီမှာ ငါ့မြေးအတွက်မုန့်၊ သား ကြိုက်တယ်မဟုတ်လား”
”ဟုတ်”
”အမလေး… လိမ္မာလိုက်တာ”
”ဘွားဘွား”
”ရှင်”
”သားတို့ နဲ့ ဂျူးလိုက်မလား”
”ဟင်…ဘာလဲ သားရဲ့၊ ဂျူးဆိုတာ”
”ဂျူးလေ… ဘွားဘွားရဲ့”
”သြော်…မေမေရေ၊ Zoo ကို ပြောနေ တာ၊ ဖသသ…”
”သြော်… Zoo လားသားရဲ့။ သားတို့က တိရစ္ဆာန်ရုံကို သွားမလို့လား”
”မေမေရယ်… ဟို့နေက ကျောင်းသွားခါ နီး မသွားချင်ဘူး ဖြစ်နေလို့ ဖသသ လိုက်ပို့ပေးမယ် ဆိုပြီး ချော့မော့ပြောလို့ အဲဒါကိုမှတ်ထား တာ”
”ဟင်… ဒါဆို.. တကယ်သွားမှာ မဟုတ်ဘဲနဲ့ ညာပြောပြီး ချော့ထားတာလား”
သက်က အဘွားကို မျက်နှာရိပ် မျက်နှာကဲ ဖြင့် မပြောဖို့ လှမ်းတားပါသည်။ အဘွားက ရိပ်မိသွားကာမှ စကားကို ရပ်ထားလိုက်သည်။ ပြီးတော့ အဘွားက မျက်နှာရိပ် မျက်နှာ ကဲဖြင့် ‘သက်’ ကို လှမ်းပြောပါသည်။ နောက်ဖေးခန်းထဲ လာခဲ့ဖို့ ဖြစ်ပါသည်။
”သမီး… ကလေးကို အဲသလို ပြီးစလွယ် မပြောနဲ့လေ သမီးရဲ့”
”မေမေကလည်း… ကလေးမို့ပေါ့”
”အေး.. အဲဒါပဲ သမီးရဲ့၊ ကလေးဆိုပေမဲ့ ဒီအရွယ်က သင်ယူနေတဲ့အရွယ်လေ၊ အဲဒီချိန် မှာ စကားကို ပြီးစလွယ်ပြော၊ လွယ်လွယ်လေး ကတိပေးပြီးတော့မှ မလုပ်ပေး ရင် ကလေးက လည်း ကတိစကားဆိုတာကို ပေါ့ပေါ့တန်တန် ထင်သွားမှာ”
”မေမေပြောတာ နားရှုပ်သွားပြီ”
”ဒီလို သမီးရဲ့… ကလေး ဆိုတာအခု အချိန်မှာ ပတ်ဝန်းကျင်ကနေပြီး သင်ယူနေတဲ့ အချိန်လေ။ အထူး သဖြင့်တော့ မိဘတွေ မိသားစု ဝင်တွေ ဆီက အများကြီး သင် ယူနေတာ သမီးရဲ့။ မိဘက ကလေးတွေကို ပြီးစလွယ် ကတိတွေပေး၊ ပြီးတော့ လုပ်မပေးဘူး ဆိုရင် ကလေးတွေ ကြီးလာတဲ့ အခါကျရင်လည်း ကတိ ဆိုတာကို တန်ဖိုး မထားတတ်တော့ဘူး သမီးရဲ့။ အခုသမီး တို့ ပြောတဲ့စကားတွေ၊ အမူအရာတွေ ကိုလည်း သူတို့ သင်ယူနေကြပြီလေ သမီး သတိ ထားမိတယ် မဟုတ်လား”
”ဟုတ်”
”အေး… မိဘက စကားကို ညင်ညင် သာသာပြောရင် သားသမီးတွေ ကလည်း ယဉ်ကျေး သိမ်မွေ့တာပေါ့။ အေး… မိဘတွေ က မနက်မိုးလင်း ကတည်းက ဆူတယ်၊ ဆဲတယ်၊ ရန်ဖြစ်တယ် ဆိုရင် ကလေးတွေ ကလည်း နူးညံ့ သိမ်မွေ့ဖို့ မဖြစ်နိုင်တော့ဘူး။ တချို့ကလေးဆို ရင် တထစ်ရှိ သူများကို ရန်ပြုချင်တာ၊ ရိုက်ချင် နှက်ချင်တာ၊ ဒါဟာ သူ့ရှေ့မှာ မြင်နေရတဲ့ မိဘ တွေရဲ့ အပြုအမူတွေပဲ သမီးရဲ့”
”ဟုတ်ကဲ့ပါ မေမေ၊ သမီးအတွေး နည်း နည်းပေါ့သွားတယ်”
”ရှေ့လျှောက် သတိထား ဖို့ပြောတာ သမီး ရဲ့။ နောက်ပြီး ဒီအချိန် ကနေစပြီး ကလေးရဲ့ ကိုယ်အမူအရာ၊ နှုတ် အမူအရာတွေကို မှန်မှန် ကန်ကန်ဖြစ်အောင် လုပ်ပေး ရတော့မှာ”
”ကြုံတုန်းလေး ပြောပါဦးမေမေ”
”သမီး မှတ်မိလားဟင်၊ ငယ်ငယ်တုန်းက အိပ်ရာဝင်ရင် မေမေ ပုံပြောပြတာတွေလေ”
”ဟုတ်ကဲ့၊ မှတ်မိတယ်”
”အေး၊ အိပ်ရာဝင် ပုံပြင်ပြောတယ်ဆိုတာ အပျော် သက်သက် မဟုတ်သလို အိပ်ပျော်စေရုံ သက်သက် မဟုတ်ဘူးလေ။ ကလေးတွေ အတွက် အသိတရား ရှိစေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အခြေခံတွေ တည်ဆောက်ပေးဖို့ ဆိုတဲ့ ရည်ရွယ် ချက်က အဓိကပဲ သမီးရဲ့”
”ဟိုပုံပြင်လေးရော…ရွှေယုန်နဲ့ ရွှေကျား”
”အေး… ဒီပုံပြင်က စိတ်ထား မှန်ကန်ဖို့၊ သူတစ်ပါးကို မကောင်းတဲ့ စိတ် နဲ့ မဆက်ဆံဖို့ ပြောထားတာ မဟုတ်လား”
”အင်း ဟုတ်တယ်နော် မေမေ၊ ပြီးတော့ ယုန်နဲ့လိပ် ပုံပြင်ရှိသေးတယ်”
”ဒီပုံပြင်ကျတော့ ကြိုးစားရမယ်၊ ဇွဲရှိရမယ် ဆိုတဲ့ စိတ်ဓာတ်ကို တည်ဆောက်ပေးတာ၊ ကဲ… ဒါဆိုရင် မေမေ ဆိုလိုတာ သမီးသိပြီ မဟုတ်လား”
”ဟုတ်ကဲ့ မေမေ၊ သမီးသိပြီ၊ ဒါပေမဲ့ သမီးပုံပြင်တွေ မမှတ်မိတော့ဘူး”
”ဒါဆိုရင် မြန်မာ့ရိုးရာ ပုံပြင်များဆိုတဲ့ စာအုပ် မေမေ အိမ်မှာ ပြန်ရှာပြီးရင် သမီးကို ပေးမယ်လေ။ အဲဒါလေးတွေ ပြန်ဖတ်၊ ပြီးရင် သားကို ညအိပ်ရာ ဝင် တိုင်း ပြောပြပေးပေါ့”
”ဟုတ်တယ်နော် မေမေ၊ သမီး သတိ လက်လွတ် ဖြစ်သွားတယ်”
”အချိန် မနှောင်းသေးပါဘူး သမီးရဲ့၊ သမီး ယောက်ျား ကိုလည်း ပြောထားဦး။ ဒီအရွယ်က အရေးကြီးတယ်၊ မလိုအပ်ဘဲ နဲ့ အလို လိုက်တာ တွေကလည်း မကောင်း ဘူး၊ တအား ကြီးတွန်းပြီး ဆူတာ ပြောတာလည်း မမှန်ကန်ဘူး၊ အကျိုး သင့် အကြောင်းသင့် ရှင်းပြပြီး နားလည်အောင် လုပ်ဖို့က အရေး အကြီးဆုံးပဲ”
”ဟုတ်ကဲ့ပါ မေမေ၊ သူ့အဖေက အရမ်း အလို လိုက်လွန်းတယ်”
”အေးလေ၊ တစ်ဖက်စွန်း မရောက်စေနဲ့၊ ချစ်တာက ချစ်တာ တစ်ပိုင်း၊ ချစ်တတ်ဖို့ အရေး ကြီးတယ်၊ မချစ်တတ်ရင် ကလေးရဲ့ စိတ်ဓာတ် ပျက်စီး သွားလိမ့်မယ်။ ပြီးရင် ဒါတွေ ထက် ပိုပြီး အရေးကြီးတာက မိဘ ကိုယ်တိုင်ပဲ သမီးရဲ့။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေ ရှေ့မှာ သားသမီးတွေ အတုယူနိုင်တဲ့ သူတွေဖြစ်အောင် နေ ရ မယ်။ မိဘတွေ ကိုယ်တိုင်က ရှေ့ကနေပြီး မှန်တဲ့ အတွေးအခေါ်၊ မှန်တဲ့ စိတ်ဓာတ်၊ မှန်တဲ့ လုပ်ရပ်တွေ ကို ဦးဆောင် ပြုလုပ်နေ သူတွေဖြစ်ဖို့ ပဲ သမီးရဲ့”
သက်နှင့် သက် ၏မေမေ စကားကောင်း နေတုန်းမှာပဲ
”ဘွားဘွား”
”ဟော… သားသား၊ ဘာလဲ ပြောပါ ဦး”
”သားတို့ ဂျူးသွားရင် ဘွားဘွားလိုက်မှာ နော်”
”လိုက်မှာပေါ့ မြေးရဲ့၊ ကဲ… ဂျူးမှာ ဘာကောင်တွေ ရှိသလဲ သိလား”
”ဟင့်အင်း”
”ဂျူးမှာ ကျားကြီးတွေ ရှိတယ်။ ပြီးတော့ ဆင်ကြီးလည်း ရှိတယ်”
”ဟုတ်လား”
”ပြီးတော့ မျောက်ကလေးတွေလည်း ရှိတယ်”
”မျောက်ကလေးတွေက ဘာစားတာလဲ”
”မျောက်ကလေးတွေက ငှက်ပျောသီး စား တယ်။ သားသားစားတဲ့ ငှက်ပျောသီးပေါ့”
”ဒါဆိုရင် အိမ်က ငှက်ပျောသီး ယူသွား မယ်”
”အေးပေါ့ သားရဲ့။ မျောက်ကလေးတွေကို အစာကျွေးဖို့ ယူသွားရမှာပေါ့”
မြေးအဘွားနှစ်ယောက် အတိုင်အဖောက် ညီနေတာကိုကြည့်ပြီး ‘သက်’ ပြုံးရသည်။
‘မေမေ့ဆီက သင်ယူစရာတွေ ကျန်နေပါသေး လား’ ဆိုသော အတွေးက သက်၏အပြုံးများကို အဓိပ္ပာယ်ပိုရှိစေသည်။
”သက်ရေ”
”ဟော… အန်တီမြပါလား၊ မတွေ့တာ တောင် ကြာလှပြီ။ သမီးလည်း ကလေး တစ်ဖက် နဲ့မို့ အန်တီတို့ဆီအောင် မရောက်နိုင်ပါဘူး”
”ဟုတ်တာပေါ့ကွယ်။ ကလေးငယ်ရှိရင် ဒီလိုပါပဲ၊ အန်တီ နားလည်ပါတယ်”
”အန်တီမြ နေကောင်းလားဟင်”
”ကောင်းပါ တယ်ကွယ်။ ဟိုဘက်နားမှာ အလုပ် ကိစ္စလေးတစ်ခု အတွက် လာရင်း သတိရ လိုက်တာနဲ့ ဝင်လာတာကွဲ့။ ကျောင်း ပိတ်ရက် ဆိုတော့ အချိန်လေးရလို့”
”ဝမ်းသာပါတယ် အန်တီမြရဲ့။ ဒီနေ့ ကျောင်းလည်း ပိတ်တာ ဆိုတော့ နေ့လယ်စာ စားပြီး ပြန်ပါလား။ အေးအေးဆေးဆေး လည်း စကားပြောရတာပေါ့”
”ကောင်းသားကွယ်၊ ထမင်း ကရော လောက်ပါ့မလား သမီးရဲ့”
”လောက်ပါတယ် အန်တီမြရဲ့၊ အားမနာ နဲ့ ရှိပါတယ်။ ကြက်ဥလေး ဘာလေး ဖြည့်ပြီး ကြော်လိုက်တာပေါ့”
”အေးပါ၊ ကဲ… သားကရော…”
”ဒီနေ့ မနက် အစောကြီး ထနေပြီး ဆော့ လိုက်တာ အခုတော့ မောပြီး အိပ်နေလေရဲ့။ ကဲ အန်တီမြ မီးဖိုထဲသွားပြီး လုပ်ရင်းကိုင်ရင်း စကားပြောရအောင်နော်”
အန်တီမြမှာ သက်၏ ဒေါ်လေးဖြစ်ပြီး ကျောင်း ဆရာမ တစ်ဦးဖြစ်ပါသည်။ အိမ်ထောင် မရှိ အပျိုကြီး ဘဝဖြင့်ဘဝကို ရပ်တည်လာသူ ဖြစ်ပါသည်။
”အခု သားက မူကြို တက်နေပြီလေ အန်တီမြရဲ”
”အေးလေ၊ အချိန်တွေများ မြန်လိုက်တာ။ မင်္ဂလာဆောင်တာ မှ တစ်နှစ် နှစ်နှစ်လောက် ရှိသေးတယ် ထင်ရတာ။ သားက မူကြို တက်ပြီ ဆိုတော့ သမီးတို့ အတွက် ပင်ပန်းပြီပေါ့”
”ဟုတ်တယ် အန်တီမြရဲ့။ သူ့ကို အကြို အပို့လုပ်တာနဲ့၊ အိမ်အလုပ်နဲ့ မေမေတို့ဆီ တောင်ရောက်ဖို့ အနိုင်နိုင်ဖြစ်လာတယ်”
”အေးလေ၊ ပြီးတော့ ကလေးမူကြိုအရွယ် ရောက်ပြီဆိုရင် သူ့ကို မှန်မှန်ကန်ကန်ပြုစု ပျိုးထောင်ဖို့က အရေးကြီးတယ် သမီးရဲ့။ ကျောင်းထားနိုင်ရုံ အဝတ်အစားဆင်နိုင်ရုံနဲ့ မိဘတာဝန် ကျေပွန်တာမှမဟုတ်တာ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အရေးကြီး တဲ့အချိန် ရောက်လာပြီလေ”
‘ဟုတ်ပါတယ် အန်တီမြရယ်၊ ဟိုတစ် ခေါက်ကပဲ မေမေကလည်း ပြောသွားသေး တယ်။ သားသားကို ပုံပြင်လေးတွေ ပြောပေး ဖို့”
”ဟုတ်တယ်သမီးရဲ့… ပုံပြင်ဆိုတာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ သွန်သင်မှု လုပ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခုပဲ။ ကဗျာ လေးတွေ၊ သီချင်းလေးတွေ လည်း ပါတာပေါ့။ မူကြိုမှာ ကဗျာလေးတွေသင်ရင်း ကျန်းမာရေး အတွက် အခြေခံကျတဲ့သန့်ရှင်းမှု အလေ့အထ တွေ လုပ်ပေးရတာပေါ့”
”ဟုတ်တယ် အန်တီမြ၊ ဟိုနေ့က သားသား က မူကြိုမှာ လက်ဆေးတဲ့ အကြောင်း ကဗျာလေး နဲ့သင်ပြီး လုပ်ရတယ်လို့ ပြောနေတယ်”
”အေးကွဲ့၊ မိဘတွေကလည်း လုပ်ပေးလို့ ရတာတွေ အများကြီးပါပဲ၊ အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေခံကျတဲ့ လူ့တန်ဖိုးကိစ္စတွေပေါ့။ ဥပမာ ပြောရရင်
- မိဘတွေက သားသမီးတွေ ရှေ့မှာ စည်းကမ်းနဲ့ နေပြတာ၊
- စကားပြောတဲ့အခါ မိဘတွေ ကိုယ်တိုင် က ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပြော တာ၊
-ဆဲဆိုတဲ့ စကား၊ ယုတ်ညံ့ ကြမ်းတမ်းတဲ့ စကားတွေ ရှောင်တာ၊
- သားသမီးကို ကြင်ကြင်နာနာ ဆက်ဆံ တာ၊
- အဖေနဲ့အမေ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးလေးစားစား နေထိုင်တာ၊
ဒါတွေကို ကလေးက အတုယူ၊ နမူနာယူမှာ ဖြစ်လို့ သူကြီးလာတဲ့ အခါ စည်းကမ်း ရှိတယ်၊ ယဉ်ကျေးတယ်၊ လူလူချင်း လေးစားစွာ ဆက်ဆံ တယ်ဆို တာတွေ ဖြစ် လာတာလေ၊ နှုတ်နဲ့ သင်နေစရာမလိုဘဲ မိဘတွေက လက်တွေ့ ကျင့်သုံးပြရမှာ”
‘အန်တီမြပြောမှ သမီးတို့တော့ တော် တော်အနေကျပ်ပြီပဲ”
”အနေကျပ်တယ် လို့ သဘောမထားဘဲ သားသမီးကောင်းဖို့ ဆိုတဲ့ စိတ်လေး မွေးလိုက် ရင် မခက်ပါဘူးကွယ်။ နောက်ပြီး ရှိသေးတယ်။ မျှမျှတတ စိတ်ကလေး ရှိအောင် လုပ်ပေးလို့ ရတာ ရှိသေးတယ်။ ဥပမာကွယ်… အစား အသောက်စားတဲ့ အခါပေါ့။ မုန့်တစ်ခုရှိရင် ဒီမုန့်ကို ညီညီမျှမျှ ခွဲခြမ်း စားသောက်ပြတာမျိုး ပေါ့။ ဒါက ဖေဖေ့ အတွက်၊ ဒါက မေမေ့ အတွက်၊ ဒါက သားအတွက် စသဖြင့်ပေါ့”
”ဟုတ်တယ်နော် အန်တီမြ၊ သာမန်ကာ လျှံကာ စဉ်းစားလိုက်ရင် ဘာမှ မဟုတ်သလိုနဲ့ သေသေချာချာ တွေးကြည့်တော့ တွေ့ပါများလာ ရင် သားသားလည်း အားလုံး အတွက် မျှမျှတတ စဉ်းစားပေးတတ်လာမှာပေါ့နော်”
”ဒါပေါ့ကွယ်၊ နောက် ဥပမာတစ်ခု ရှိသေး တယ်။ ကိုယ်စားတဲ့ အစားအသောက် တစ်ခုကို နောက်လူ အနားမှာ ရှိရင် ခွဲပြီးကျွေးတတ်တဲ့ အလေ့အထပေါ့။ သူစားနေတဲ့ မုန့်ကိုပဲ သူ့သူငယ်ချင်း ကို မျှပြီးကျွေးခိုင်းတာ၊ အိမ်နား က ရွယ်တူကလေး တစ်ယောက်ကို မျှပြီးကျွေး ခိုင်းတာ၊ ဒီလိုမျိုးလေးတွေ လည်း လုပ်ပေးသင့် တာ၊ အဲဒီတော့ ကြီး လာတဲ့အခါ ကိုယ့်မှာရှိတာ ကို မျှဝေပေးတတ်တဲ့၊ လှူချင်တဲ့ ပရဟိတစိတ် ကို မွေးပေးရတာမျိုးပေါ့”
”ဟုတ်ပြီ၊ သမီး မှတ်မိပြီ၊ မေမေက အဲဒါ ကြောင့် သမီးကို မုန့်ကျွေးတဲ့ အခါတိုင်းမှာ အိမ် ဘေးက သူငယ်ချင်းကို ခွဲကျွေးတဲ့ အကျင့်ကို သမီးကို လုပ်ပေးခဲ့တာကိုး”
”အေးပေါ့ကွဲ့၊ ကိုယ့်ထက်နိမ့်ပါးသူ၊ ကိုယ် လို မပြည့်စုံသူ၊ ဆင်းရဲတဲ့ သူတွေကို သနားညှာ တာတတ်တဲ့ စိတ်မျိုးကိုလည်း ဒီလိုနည်းနဲ့ပဲ ပျိုးထောင်ယူ ရတာပေါ့။ လောဘ စိတ်တွေ၊ အတ္တစိတ်တွေ ဆိုတာ ငယ်ငယ်ကတည်းက မရှိ တောင် လုပ်ထားပေးရမယ်ကွဲ့။ တကယ်အသက် ကြီးတဲ့ အချိန်ရောက် မှ ပြင်မယ်ဆိုပြင် လို့ မရ တော့ဘူး။ တစ်ချို့ဆိုရင် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်သူတွေ တစ်ကိုယ်ကောင်းဆန်သူ တွေ ဖြစ်လာတာပေါ့။ ဒါတွေအားလုံးက မိဘ တွေ သားသမီးကို ဘယ်လို ပြုစု ပျိုးထောင် ခဲ့သလဲ ဆိုတဲ့ အပေါ် မူတည်တာပဲ”
”အန်တီမြ ပြောပြမှပဲ သမီးလည်း အနှစ် သာရတွေကို သဘောပေါက်လာတော့တယ်”
ပြောရင်းပြောရင်း ‘သက်’ ၏ ခန္ဓာကိုယ်နှင့် စီးဆင်းနေသော သွေးတွေမှာ ခွန်အားတို့ ဖြစ်လာသည်။ သားလေးကို တန်ဖိုးရှိတဲ့ လူ တစ်ယောက် ဖြစ်အောင် မိဘနှစ်ပါး က ပြု လုပ်ပေးရမှာပဲဆိုတဲ့ အသိဥာဏ်က အင်အား များ အဖြစ်ပြောင်းလဲ သွားသည်။
”နောက်ထပ် အရေးကြီးတဲ့ကိစ္စ တစ်ခု အန်တီမြ ပြောချင်သေးတယ်။ အန်တီမြ တို့ မြန်မာတွေမှာ မဟုတ်တာကို ကြောက်အောင် ခြောက်တဲ့ အကျင့်တစ်ခု ရှိတယ်။ မ လုပ်စေ ချင် တဲ့ကိစ္စ တစ်ခုကို မလုပ်ဖြစ်အောင် အကျိုး အကြောင်းကို မပြောဘဲနဲ့ မဟုတ်တာနဲ့ ခြောက် လှန့်ပြီး ပြောတာမျိုးပေါ့။ ဥပမာ- ‘ထမင်းစား ပြီးရင် မအိပ် နဲ့ မြွေဖြစ်တတ်တယ်’ ဆိုတာ မျိုးပေါ့။ တကယ်တော့ အစာ မကြေဖြစ်မှာစိုး လို့ ထမင်းစားပြီး မအိပ်ခိုင်းတာ၊ ဒါကို အမှန်ကို အမှန် အတိုင်း တည့်တည့် မပြောတော့ ဆက် စပ် တွေးခေါ်နိုင် စွမ်းတွေ မရှိတော့ဘူးပေါ့။ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို မျက်စိမှိတ် ယုံ တတ်တဲ့ အကျင့်ဆိုး ကြီးကို ရသွားစေတယ်”
”ဟုတ်ပါရဲ့နော်၊ တချို့သူတွေ တော်တော် များများမှာ ဒီလိုမှတ်ထားတဲ့ကိစ္စတွေ အများကြီး ပဲ တွေ့ရတယ်၊ ဒါလည်း သတိထားရမယ့် အချက်ပါပဲ”
”အေးပေါ့ကွယ်၊ လူတစ်ယောက်ရဲ့ ဘဝ အခြေခံက ငယ်ရွယ်တဲ့ ကလေးဘဝပဲလေ၊ ကလေးဘဝမှာ မိဘက ပြုစုပျိုးထောင်ပေးလိုက် တဲ့ အပေါ်မှာ မူတည်ပြီး ကြီးပြင်း ကြရတာလေ၊ မိဘဆိုတာ တကယ်တော့ ဥယျာဉ်မှူးတွေပဲ သမီးရဲ့. ဥယျာဉ်မှူးတွေရဲ့ ပြုစု ပျိုးထောင်လိုက် တဲ့အပေါ်မှာ မူတည်ပြီး ပန်းဥယျာဉ် ထဲက ပန်းတွေက အရောင် စုံ၊ အနံ့စုံ၊ ပုံသဏ္ဌာန် စုံစုံ နဲ့ ဥယျာဉ်ကြီးကို အလှဆင်ကြတာပဲလေ”
”အန်တီမြရေ… စကားလည်း ပြောလို့ ကောင်းပါတယ်၊ သမီးတို့ ထမင်းစားလိုက်ကြ စို့နော်”
”အေးအေး… ဟုတ်ပါရဲ့”
ထမင်းမစားခင် စကားတွေ အဝပြောလိုက် ကြရသောကြောင့် ထမင်းဝိုင်း မှာ စကားသံတိတ် ဆိတ်သွားသည်။ ‘သက်’ ကတော့ ထမင်း စားရင်းက နောင် ၁ဝ နှစ်၊ ၁၅ နှစ် မှာ ကြီးပြင်း အရွယ်ရောက်လာမယ့် သားလေး ‘ဝေယံသက် ကို’ ကိုပုံဖော် ကြည့်ရင်း ပီတိအပြုံးများ မျက်နှာ မှာ ဖုံးလွှမ်းသွားပါသည်။
ဒေါက်တာနေဝင်း