(၁)
ဝါဆိုမှတော့ ဝါကျွတ်ရပေမည်။ သီတင်း သုံးပြီးလျှင် သီတင်းဆုံး ရပေလိမ့်မည်။ ရဟန်း တစ်ပါးအတွက် သီတင်းကျွတ် ဟူသည်သီတင်း သုံးဖော်များနှင့် ခွဲခွာခြင်း သင်္ကေ တဖြစ်ပြီး သတို့သားတစ်ဦးဆိုလျှင်တော့ သတို့သမီးနှင့် ပေါင်းစည်းခြင်း အဓိပ္ပာယ်တဝင်းဝင်း ဖြစ်နေမည်။ ဗြောက်အိုးကွဲသံများ မကြားရသော်လည်း ဆီမီးရောင် ရှိန်ထိန် ဝါလင်းရင်ဖြင့် သီတင်းကျွတ်ရပေ မည်မဟုတ်လား။ ငယ်စဉ်က သီတင်း ကျွတ်ချိန်တွေ မျှော်ရသည်။ ကျောင်းကြီးပေါ် မှာမောင်မပျော်ဘဲ ဆရာဘုန်းကြီးကြိမ်ဆော် သည့် ကြားက စာတွေ အော်နေခဲ့ရသော မောင်ရှင်အတွက် အိမ်လွမ်း စိတ်ကြွသော ရာသီဖြစ်သည်။ သီတင်းကျွတ် လဆန်း ၉ ရက်နေ့သည် ရှင်ငယ်ရဟန်းငယ်တို့ အူမြူး ရသောနေ့၊ မျှော်လင့်သောနေ့ဖြစ်သည်။ ”လဆန်းကိုးရက် ဝါပန်ထွက် ပြန်ရက်မရှိပြီဟူသော သံပေါက်စာကို အခါအခါ ရွတ်ခဲ့ရ၏။” ဝါတွင်း ကာလတွင် အလှူပေးခြင်း၊ တရားနာခြင်းနှင့် သံဃာတော်များကို ဖူးမြော်လိုခြင်းဟူသော အကြောင်းကြောင့် ကျောင်းမှဝါပန်၍ ယာယီ ထွက်ခွာခွင့်ရှိသည်။ သို့သော် ၇ ရက်မတိုင်မီ ကျောင်း သို့ ပြန်ရောက်ရပေမည်။ ပြန်မရောက် လျှင်တော့ ဝါကျိုးပျက်သွားသည်။ သီတင်းကျွတ် လဆန်း ၉ ရက်နေ့ ထွက်ခွာမည်ဆိုပါက စိတ်ချ လက်ချသွားနိုင်ကြပြီ။ ပြန်လှည့်ဖို့ မလိုတော့။ ကျောင်းတိုက်က သတ်မှတ်ထားသော စာဝါပို့ချ ချိန်အမီ ပြန်ရောက်ဖို့သာလိုတော့သည်။
(၂)
မိုးသုံးလ ရာသီသည် သာသနာ့ ဝန်ထမ်းများ ၏ စခန်းသွင်း ချိန်ဖြစ်သည်။ ဗုဒ္ဓအရှင်၏ ပထမ ဆုံးဝါဖြစ်သော ဗာရာဏသီမိုး ခိုချိန်သည် အရှင် ကောဏ္ဍညဦးဆောင်သော ရဟန္တာ အပါးခြောက် ဆယ်အား သာသနာပြုစခန်းသွင်းတော်မူခဲ့သည်။ ဓမ္မ တက္ကသိုလ် အပတ်စဉ်(၁)ဖြစ်ခဲ့သည်။ စားဝတ် နေရေးကျန်းမာရေး အတွက် စံပြုထိုက်သော ကျင့်ဝတ်ကို လက်တွေ့ပြသတော်မူခဲ့၏။ ”သာသနာသည် လောကဝန်ဆောင် သာဖြစ်ရ မည်။ လောကဝန်ထုပ်မဖြစ်စေရ” မူကို ချမှတ်ပေး ခဲ့၏။ ဘုရင့်သားက ဘုရားဖြစ် လာသောအရှင် ကိုယ်တိုင် သလုံးမြင်းခေါင်းခြေနှစ်ချောင်းကို အသုံးပြုတော်မူကာ ဆွမ်းခံကြွတော်မူခဲ့သည်။ စေတနာသဒ္ဓါတရား ချမ်းသာသည့် အိမ်တစ်အိမ် မှာတော့ ရဟန်းတစ်ပါးအတွက် ဆွမ်းတစ်ဇွန်း သည် ပင်ပန်းအံ့မထင်၊ ဝန်ဖြစ်အံ့မမြင်။ အသင့် ချက်ပြီးမရှိ၍ ကန်တော့ဆွမ်းလျှင် သို့မဟုတ် သဒ္ဓါမဖြစ်ထွန်း၍ တံခါးပိတ် ထားလျှင် လည်း နောက်တစ်အိမ် ကြွရုံသာ။ သင်္ကန်းအတွက်တော့ သုသာန်တစပြင်နှင့် အမှိုက်ပုံက အဝတ်စဟောင်း များကို ချုပ်စပ် ဖာထေးဆေးဆိုးကာ ဝတ်ရုံကြစေ။ ယနေ့ ခေတ် လူပြောများသော သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး စွန့်ပစ်ပစ္စည်းပြန်လည် အသုံးချမှု (ျွနခပခူနှပျအနာ)တွင် ဗုဒ္ဓအရှင်က ၂၅ ရာစု စောနေသည်။ သစ်ပင် တစ်ပင်ရှိလျှင် ကျောင်းကိစ္စပြီးသည်။ ဆေးဝါးအဖြစ် တကယ့် အော်ဂဲနစ်စစ်စစ် ဆီးဖြူ၊ သျှိသျှား၊ ဖန်ခါးသီးများ ကို နွားကျင်ငယ်ရေဖြင့်စိမ်ကာ သုံးကြစေ။ သံဃာ့အဖွဲ့အ စည်းကြီး ပေါ်ထွန်းလာခြင်းသည် လောက ဝန်ဆောင်ဖို့သက်သက်..။ ဗုဒ္ဓအရှင်နှင့် သာသနာပြု ရဟန္တာကိုယ်တော်ကြီးများ၏ သာသနာပြုစွမ်းရည်ကြောင့် မဇ္ဈိမဒေသ၏ မြို့ပြ ပြည်ရွာများ ဓမ္မနယ်ဖြစ်လာသောအခါ မင်းနှင့် ပြည်သူတို့၏ လျှောက်ထားတောင်းပန်မှုကြောင့် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး အလှူခံခွင့်ပြုတော် မူခဲ့သည်။ သို့သော် အလှူခံ လိုက်သော ပစ္စည်းလေးပါးအတွက် တာဝန်သိမှု၊ တာဝန်ယူမှုရှိစေရန် လမ်းညွှန်တော်မူခဲ့၏။ ဗုဒ္ဓအရှင်က သာသနာ့ဝန်ထမ်းမှန်သမျှ ဝါဆို ဝါကပ်ပြုရန် ဥပဒေပြုတော်မူခဲ့၏။ မိုးတွင်းသုံးလ သာသနာပြုစွမ်းရည်မြှင့်စခန်းဝင်ရန် စီမံတော်မူ ခြင်းဖြစ်သည်။ အခွင့်အလမ်းအနေဖြင့် ဝါဆို သင်္ကန်း အလှူခံ ခွင့်ပေးေ တ်ာမူခဲ့သည်။ ဝါဆို သင်္ကန်းတစ်စုံ အလှူခံလိုက်သည်နှင့် စိတ်နှလုံး ပခုံးသားပေါ်တွင် တာဝန်နှစ်ခုရောက် လာသည်။ စာပေသင်ယူပို့ချမလား..။ တရားဘာဝနာ ပွား များမ လား..။ ဂန္ထဓုရနှင့် ဝိပဿနာဓုရ..။ ထို တာဝန်နှစ်ခုထက် မပို…။ ဗုဒ္ဓအရှင်က လောကအကျိုးစီးပွားကို ဆောင်ရွက်ကြမည့် ရှင်ရဟန်းတို့အနေဖြင့် ထိုဘာသာရပ်နှစ်ခုအပေါ် တာဝန် သိနေစေရန် ကြပ်မတ်တော် မူခဲ့သည်။ ထိုတာဝန်များကို ကျေပွန်ခြင်းမရှိဘဲ လောက ဝန်၊ဓမ္မဝန်ကို ဆောင်နိုင်လိမ့် မည်မဟုတ်ကြောင်း သေချာလှပါသည်။
(၃)
ဗုဒ္ဓအရှင် လက်ထက်တော်က ရဟန်းတော် များ တူရာတူရာ စုပေါင်း၍ ကျောင်းကြီးကျောင်း ငယ် အသွယ်သွယ်တွင် ဝါဆိုဝါ ကပ်ပြုလေ့ရှိသည်။ ဥမင်လိုဏ်ခေါင်း စသည် တို့တွင် ဧကစာရီ အဖော် မမှီး တစ်ပါးတည်း ကိန်းဝပ်လေ့ရှိသော ရဟန္တာကိုယ်တော်ကြီးများအကြောင်းကိုလည်း ပိဋကတ် မှတ်တမ်းများက ဖော်ပြသည်။ ဝါမဆိုမီ ဗုဒ္ဓအ ရှင် သို့မဟုတ် ဥပဇ္ဈာယ်နှင့် နိသျည်းဆရာတို့ထံ သြဝါဒခံယူကာ မိမိသီတင်းသုံးမည့် ကျောင်းဝိဟာ သို့ အသီးသီးကြွရောက် ကြရသည်။ ပရိယတ္တိ ဝန်ဆောင် အရှင်တို့က ညဏ်ပါရမီအလျောက် ပိဋကတ်တစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင် ကြီးတွေဖြစ်အောင်အားထုတ်ကြသည်။ ရှင်စူဠပန် တို့လို ဂါထာတစ်ပုဒ်နှင့် တစ်ဝါကုန် သည် မျိုးလည်း ရှိကောင်းရှိမည်။ သို့သော် တာဝန်ကျေခြင်းကို ဗုဒ္ဓအရှင်ချီးမွမ်းတော်မူသည်။ ပဋိပတ္တိဝန်ဆောင် အရှင်တို့က ကမ္မဋ္ဌာန်းအာရုံတစ်ခုခုဖြင့် ဘာဝနာ တက်လမ်း မိအောင် အားထုတ်ရင်း သောတာပန် သကဒါဂါမ်စသည့် အရိယာအဆင့်ဆင့် မြင့်သွား ကြသည်။ ဗုဒ္ဓခေတ်သီတင်းကျွတ်ချိန်များက ကြည်နူးအား တက်ဖွယ်ရာဖြစ် သည်။မိုးတိမ်ကင်းစ ဝါကျွတ်လတွင် ရာပေါင်းများစွာသောရဟန်းတော် များက ဗုဒ္ဓအရှင် အမြဲသီတင်း သုံးရာသာဝတ္ထိမြို့ လမ်းမကို ဖြတ်၍ ဇေတဝန်ကျောင်းတော်ထဲ ဝင်ရောက်လာကြသည်။ သံဒိဋ္ဌ သမ္ဘတ္တ မြင်ဖူး၊ ဆုံဖူး၊ အတူစားဖူးသည့် သီတင်းသုံးဖော် မိတ် ဟောင်း မိတ်သစ်ရ ဟန်းတော်များ နှုတ်ဆက်ကြ၊ မိတ်ဆက်ကြသည်။ ထို့နောက် ဗုဒ္ဓအရှင်၏ ခြေတော်ရင်းသို့ ချဉ်းကပ်ကာ လောကဓမ္မအတွေ့ အကြုံများ လျှောက်ထားကြသည်။ ထိုရဟန်းတော် တို့ ဆောင်ရွက်ပြီးမြောက်ခဲ့သော ပရိယတ္တိ ပဋိပတ္တိအသီးအပွင့်များကို ဗုဒ္ဓအရှင်ကသာဓု ခေါ်လေ့ရှိသည်။လိုအပ်သည်များကိုလည်း ထောက်ပြဝေဖန်တော်မူသည်။ ထိုထိုသို့သော ရဟန်းတော်များ၏ အစီရင်ခံ တင်ပြမှုကို သုံးသပ် ဆင်ခြင်တော်မူကာ ဥပဒေအသစ် ထုတ်ပြန်ရသည် လည်း ရှိလာသည်။ ပဝါရဏာပွဲတော်သည် သီတင်းကျွတ်ရဟန်းတော်များကြောင့် ဖြစ်ပေါ် လာသောဗုဒ္ဓသာသနာ၏ ပွင့်လင်းမြင်သာမှုရှိ သော မီဒီယာလွတ်လပ်ခွင့်ဖြစ်သည်။ ကောသလ တိုင်းဇနပုဒ်တစ်ခုတွင် မိတ်ဆွေရဟန်းတော်များ ဝါဆိုဝါကပ်ပြုရန် စုဝေးကြသည်။ ဝါတွင်းကာလ တွင် မငြင်းခုန်ဘဲ ချမ်းသာစွာနေထိုင်ကြရေး အတွက် စကားပြောဆိုမှုအစား ခန္ဓာဗေဒဘာသာ စကား (သြိပူညေါကေါန)ကို အသုံးပြုကြရန် သဘောတူကြသည်။ လက်ဟန်ခြေဟန်သင်္ကေတ များဖြင့် ဝါကျွတ်သွားကြသည်။ ခိုက်ရန်ငြင်းခုန် မရှိ..ငြိမ်းအေးပါဘိဟု ထိုရဟန်းတော်များက ချီးမွမ်းတော်မူမည် ထင်တစ်လုံးဖြင့် ဗုဒ္ဓအရှင်အား ခပ်ပြုံးပြုံးလျှောက်ထားကြသည်။ လွဲလေစွ မောင် ပဉ္စင်းတို့ …။ ပါးစပ်ရှိပါလျက် ဘာသာစကား ရှိပါလျက် သယ်မိုက်ကြလေသကိုး။ အဘယ့် ကြောင့် သူအကဲ့သို့သောအကျင့်ကို ကျင့်ကြလေ သနည်း… တိတ္ထိတို့ကျင့်သုံးသော ဝစီပိတ် အကျင့်ကို မကျင့်အပ်၊ ဒုက္ကဋ်အာ ပတ်သင့်စေ။ ဝစီပိတ်အတွေးအခေါ်ကို တော်လှန်လိုသော ဗုဒ္ဓအရှင်က သံဃာတော် အချင်းချင်းဖိတ်ကြားမှုပဝါရဏာပြုခြင်းကို ခွင့်ပြုတော်မူခဲ့သည်။ ”ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါး သောအကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း ပဝါရဏာ ပြုခြင်းငှာ ခွင့်ပြု၏။ ထိုဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်း လိုက်လျောခြင်း၊ အာပတ်မှ ထမြောက်စေခြင်း၊ ဝိနည်းကို ရှေ့ရှုခြင်း ဖြစ်လတ္တံ့။ သို့အတွက် သီတင်းကျွတ်လပြည့်နေ့ တွင် ရဟန်းသံဃာတော်များ စုဝေးကြရ၏။ ထိုညီလာခံကြီးတွင် မထေရ်ကြီးမထေရ်ငယ် ရဟန်းတော်အချင်းချင်း ဤသို့ ဖိတ်ကြားရသည်။ ”သံဃာတော်ကို ဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်း ပြု၍ ပြောဆိုကုန်လော့..။ အပြစ်ကို မြင်သည် ရှိသော် ကုစားပါအံ့”။ ဘယ်လောက်များ ပွင့်လင်း မြင်သာ ရှိလိုက်ပါသလဲ။ ဘယ်လောက်များ အထက်တန်း ကျလိုက်သလဲ။ ဝါအလွန်မီဒီယာ လွတ်လပ်ခွင့်ကို ဗုဒ္ဓအရှင် တံခါးဖွင့်ပေးတော် မူခဲ့ပြီ။
(၄)
သီတင်းကျွတ်သည် သာသနာ့ဝန်ထမ်းများ ၏ အနားယူချိန်ဖြစ်သည်။ တာဝန်မှ ယာယီကင်း လွတ်ခွင့်ရသော ကာလဖြစ်သည်။ တန်ဆောင် တိုင်လွန် သာသနာပြုခရီး အတွက် အားယူရသော အခိုက်အတန့်ဖြစ်သည်။ အချင်းချင်းဖိတ်ခေါ်ကာ သံသယရှင်းပြီးချိန်ဖြစ်၍ စိတ်နှလုံးလည်း လွတ် လပ်ပွင့်လင်းနေသည်။ ငယ်စဉ် ရှင်ငယ်ရဟန်းငယ် ဘဝကလိုပင် သီတင်းကျွတ်ကို မျှော်မိပြန်သည်။ ငယ်စဉ်က အဓိပ္ပာယ်နှင့်တော့ တူချင်မှ တူပေ တော့မည်။
ဓမ္မဂင်္ဂါ