သစ်ပုပ်ပင်နှင့် ကံ့ကော်မြိုင်တန်း၊ အဓိပတိ လမ်းနှင့် လွမ်းမော ဖွယ်ရာ မြကျွန်းသာ၊ အင်လျား ကန်ပေါင်က ဘူးသီးကြော်။ စောင့်မျှော်နေ သော ညနေ၊ တက္က သိုလ်ကျောင်း ကငွေလမင်းနှင့် ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ သုံးရာသီ ဦးချစ် လက်ဖက်ရည်ဆိုင်က ခုံပုလေးများ၊” စသည် စသည် ဤမည်သော အရာ တို့သည်ကား ရိုမန္တိက (Romantic) ဆန်လွန်းလှသော ဝေါဟာရများပေ တကား။ တက္ကသိုလ်နေ့ရက် များနှင့် ချိတ်ဆက် ယှက်နွှယ် ဆွတ်ပျံ့ဖွယ် အလှ၊ အနုအရွ ကဗျာ၊ အလင်္ကာ ဟာသ၊ မေတ္တာ သိမ့်သိမ့်၊ ငြိမ့်ငြိမ့် ညောင်းညောင်း၊ ပျောင်းပျော့သော ဂီတကို ဖွဲ့နွဲ့ ခြင်းတွင် မှော်ဝင်သော ကဝေလက် များက တက္ကသီလာ၏ ဝေ့ပြာမှုန်ရီ သော ပုံရိပ် တို့ကို ညွတ်နူးဖွယ်ရာ ဖန်တီးခဲ့ချေပြီတည့်။ ဝတ္ထုဘုတ် အုပ်တို့ကိုပင် အဟုတ်မှတ် ထင်ကာ လုပ်ဇာတ်များ ကို ကိုးကွယ်လေ့ ရှိတတ်သော ဆယ်ကျော်သက် အရွယ်ရှင် ငယ်လေး တစ်ပါး၏ အိပ်မက်တွင် တက္ကသီ လာဟူသည် ကမ္ဘာသစ် ပမာဖြစ်လာချေ တော့၏။ ငါသည်လည်း ဤမြကျွန်းသာ သို့ ကြွချီအံ့၊ အဓိပတိ လမ်းပေါ် တွင် မော်မော်ကြွားကြွား လမ်း သလားပေအံ့ဟု လက်ခမောင်း ခတ်ကာ စာတွေ ကျက် မှတ်မိသေးတော့၏။ သို့သော် ကမ္ဘာသစ်ကား ခြားလေပြီ။ မြန်မာစာ သင်ပုန်း ကြီး ကို အခြေတည်၍ မင်္ဂလသုတ်နှင့် နမက္ကာရ ဘုရားရှိခိုး၊ ပရိတ်ကြီး အမျိုးမျိုးနှင့် သင်ရိုးပိဋကတ်၊ ပထမလတ်၊ ပထမကြီး ဟူသော ဆာတီဖီကေ့ထ် (Certificate) တို့ သည် မြကျွန်းသာနှင့် မနီး တက္ကသီလာ ခရီး မဟုတ်ခဲ့လေပြီ။ ‘ရန်ကုန်ပူရံ မနောရမံ’ ဆိုသော်လည်း ‘တက္ကသီလံ’ ကား ‘အတိဒူရံ’ ဖြစ်ခဲ့ချေပြီ တကား။ ရှင်ပင်ဖြစ်စေ၊ လူပင်ဖြစ်စေ လူငယ်သည် လူငယ် သာဖြစ်၏၊ ထို့ ထက်မပို ၊ လောကုတ်ကို မလို။ လောကီကိုသာ ညွတ်ရိုးထုံးစံ ရှိသတည်း။ ဘဂဝါ ဟိုက်စကူး ဟူသည်ကား မသေရာ အမြိုက် တူးဖော်ရေး လမ်းတည်းဟု ထိုစဉ်က မသိခဲ့ရိုး အမှန် ဝန်ခံရပေမည် တည့်။ သို့သော် ဘဂဝါ ဟိုက်စကူးမှ ပေါင်းကူးဖြစ် သော သာသနာ့ တက္ကသီလာ သို့ကား သူရောက် အောင်သွားခဲ့ ပါချေသည်။ စိန်ပန်း ကမ္ဗလာတို့ စွေးစွေးနီ ခဲ့ပါလေသော ထိုတက္ကသီလာ ၌ ရိုမန္တိက မြူကင်းသော သင်ရိုးညွှန်းတမ်း များနှင့် ဓမ္မရနံ့ ဓမ္မ ဂီတတို့တွင် သူပျော်မွေ့နိုင်အောင် ကြိုးစားခဲ့ ချေသည်။ ယထာဘူ တကျစွာ တွေးခေါ် တတ်လာ ပြီဖြစ်သည့် ရဟန်းငယ် တစ်ပါးဘဝတွင်မူ မြကျွန်းသာကို စာပေ ပြတင်းပေါက်မှသာ ချောင်း ကြည့်မိတော့သည်။ သို့သော် တက္ကသီလာကို လွမ်းမောဖွယ်ရာထက် သမိုင်းပြတိုက်ကြီး အဖြစ် မှတ်ထင် စွဲမြဲနေသော တက္က သိုလ်ကျောင်း သူဟောင်းကြီး တစ်ဦး၏ ဖိတ်ခေါ် လမ်းပြမှုကြောင့် အဓိပတိ လမ်းမကြီးပေါ်မှာ ဧည့်သည် တစ်ယောက် အဖြစ် လမ်းလျှောက်ခဲ့ ရဖူးလေသည်။ ကျောင်း သူဟောင်း အမျိုးသမီးကြီး၏ တက္ကသီလာ နေ့စွဲ များကို နားစိုက်ရင်း ဟိုးနှောင်းခေတ် ဆီက တောက်ပခဲ့သော တက္ကသိုလ် အဆောင်ဆောင် အခန်းခန်း များ ကို ငေးနေ မိသေးတော့သည်။ သြော် ဇာတိသွေး ဇာတိမာန်နှင့် မြန်မာ့ ဦးစွန်းကို မြှင့်ခဲ့ ရာ၊ အမျိုး ဘာသာ သာသနာ ၏ သမိုင်း အသစ်ကို ထုဆစ်ခဲ့ရာ တန်ဖိုးကြီး လှသော တက္ကသီလာပေ တကား။ ဆယ်ကျော်သက် အရွယ်ဆီက စိတ်ကူး နုနုများကား အတွေးအသား တက်၍ ရင့်ကျက် ဟန်ရှိခဲ့ပြီ။ ပြည့်ဝသော ရင့်ကျက်မှု ကား မဟုတ် ချေသေး။ ငယ်စဉ်က လျှောက် လိုခဲ့သော အဓိပတိ လမ်းကိုကား အတွေးအမြင် တစ်မျိုးဖြင့် ရိုးရိုး လေးသာ လျှောက်ခဲ့ ဖူးလေပြီ။ သို့သော် တ ဒင်္ဂ ဖြတ်လျှောက်ခြင်း မျှသာတည်း။ (၂) မြကျွန်း သာကံ့ကော်တော၏ အဓိပတိလမ်းပေါ်တွင် အတွင်းစည်းမှ လျှောက်ခဲ့ဖူးသော ရဟန်းတစ်ပါး တော့ ရှိခဲ့ဖူး ပါလေ သည်။ တက္ကသိုလ် ခေတ်ဦး (၁၉၃၉ခုနှစ်)ဆီက ရန်ကုန် တက္ကသိုလ်၊ မြန်မာစာ ဌာန စာသင်ခန်းတွင် ရဟန်းငယ် တစ်ပါးက တက္ကသိုလ် ကျောင်းတော်သားကြီး အဖြစ် အခြား ကျောင်းသူ ကျောင်းသားများ ကြားတွင် ထင်းထင်း ကြီး ရှိနေခဲ့လေသည်။ ထိုရဟန်း ငယ်သည် တက္ကသီလာ မြကျွန်းသာ တွင် ပထမဆုံး တက် ရောက်ခွင့် ရသော ဗုဒ္ဓ ဘာသာ ရဟန်းတော် ပင်ဖြစ်ချေသည်။
ထိုအကြောင်းကို ဆရာကြီး မြကေတု၏ နှောင်းခေတ် တက္ကသိုလ် ဘဝ မှတ်တမ်း များတွင် ဤသို့ဤပုံ လင်းခဲ့ပါချေ၏။ ‘ဤဖြစ်ရပ်သည် ရှေးအခါက မည့်သည့် အခါ ကမှ မပေါ်ပေါက်သေးသော ကိစ္စရပ်မျိုး ဖြစ်၍ ထူးထူးကဲကဲ တက္ကသိုလ် သမိုင်း တစ်ရပ်အနေဖြင့် တင်ပြ သင့်သည်ဟု ထင်မြင် မိပေသည်။ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ သိပ္ပံ ဘွဲ့ စသည်တို့ကို ကျောင်းသား အဖြစ် မှတ်ပုံမတင်ပါဘဲ ပြင်ပမှ အလွတ်ဖြေဆို အောင်မြင်ကြလေ ကုန်သော ရဟန်းပျို များကား ရှိခဲ့ဖူးပါသည်။ သို့သော် ရဟန်း ဝတ်ဖြင့် ကျောင်း သူ၊ ကျောင်းသား များနှင့်အတူ နေ့ကျောင်းတက် ကာ ဝိဇ္ဇာအောင်ပန်း ကို ဆွတ်လှမ်းပန်ဆင် သွားသော ရဟန်းပျို ကိုကား ကျွန်ုပ်၏ သမိုင်း တွင် မြှုပ်နှံ ဖုံးကွယ်ထား မရစကောင်းပါပေ၊ ယင်း ရဟန်း ပုဂ္ဂိုလ်ကား ရှင်ကေလာသ ဖြစ်ပါသည်’
ဆရာကြီး မြကေတုက ရှင်ကေလာသ၏ တက္ကသီလာ ရောက်မလာမီ အခြေအနေကို ရှင်းပြ ခဲ့သေးသည်။ ရှင်ကေလာသ ၏ ဖခင်က ရခိုင် ပြည်နယ် သံတွဲမြို့ရှိ မူလ တန်းကျောင်းအုပ် ဆရာကြီး ဆရာဒိုင် ဖြစ်သည်။ မိခင်က ပစ္စည်းဥစ္စာ အနည်းငယ် ပြည့်စုံသည့် ထားဝယ်သူ ဒေါ်မေခင် ဖြစ်သည်။
ရှင်ကေလာသ အလောင်းအလျာလေး မန္တလေး ကယ်လီ ဟိုက်စကူးကျောင်းတွင် (၉)တန်း တက်နေစဉ် ဆရာစံ အရေးတော်ပုံ ကြီးနှင့် ကြုံရသည်။ ရှင်ကေလာသ ၏ ဖခင်အား ဆရာစံ နှင့် ရင်းနှီးကျွမ်းဝင်သူ ဟု အထင်ရှိ၍ သာယာဝတီ ထောင်တွင် ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့် ကြာမှ လွတ်မြောက် လာ သည်။ ထောင်မှ လွတ် သော အခါ မန္တလေးတွင် စာသင်နေသည့် သားကို ခေါ်ကာ မိခင်ရှိရာ ထားဝယ်သို့ သွားရောက်၍ မိသားစုလိုက် သာသနာ့ဘောင် ဝင်ရောက်ကြသည်။ သာ သနာ့ဘောင် တွင် ပျော်ပိုက်ကာ တစ်ဝါ ဆိုပြီးသော် ဖခင်ရဟန်း ပျံလွန်တော်မူသည်။ ထို့နောက် ရှင်ကေလာသသည် သီလရှင် ဝတ်နေသော မိခင်ကို ခွင့်တောင်းကာ မိခင်ကြီး လှူဒါန်းလိုက်သော ဝတ္ထုငွေကြေးဖြင့် သီရိလင်္ကာ သို့ စွယ်တော် ဘုရားဖူး ထွက်ခဲ့ပါလေသည်။ စွယ် တော်ဖူး သွားလေမှ သီရိလင်္ကာ ရဟန်း တို့၏ ပညာရေးနိုး ကြား တက်ကြွမှုကို ရှင်ကေလာသမြင် ဟန်တူပါသည်။ တစ်ပိုင်း တစ်စ ပညာရေးစီး ကြောင်းကို ပြန်ဖောက်ရန် အကြံဖြစ်ကာ အိန္ဒိယ တစ်ဖက်ကမ်းသို့ ကူး၍ ကာလ ကတ္တား တက္ကသိုလ် က ကျင်းပသည့် မက်ထရစ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရာတွင် လက်တားစ် လေးခုဖြင့် ထူးထူးကဲကဲ အောင်မြင်ခဲ့ ပါလေသည်။ လက်တားစ် ဟူသည် ဂုဏ်ထူး မှတ်နှင့် ညီမျှသည် ဟူ၏။ ရှင်ကေလာသ ကား ယူနီဗာစီတီ ကျောင်းတော်သားကြီး ဖြစ်ခွင့်ရရန် လမ်းပွင့်ခဲ့ချေပြီ။ ရှင်ကေလာသ အိပ်မက် တွင် ကာလ ကတ္တား တက္ကသိုလ်ကို ရဟန်းဝတ်ဖြင့် ပင် ဆက်လက် တက်ရောက်ကာ ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးချေမည်။ ဝိဇ္ဇာဘွဲ့ရှင် ဖြစ်သည့်ကာလ ပညာပြည့်ဝ သည်တွင်တော့ ဥရော ပနှင့် အနောက် နိုင်ငံတစ်ခွင် ပြဲပြဲစင်အောင် ကြွရောက်၍ ဓမ္မလမ်း ဖောက်ချေမည်၊ အိပ်မက်သည် အိပ်မက် သာလျှင် ကတည်း။ ရှင်ကေလာသ အိပ်မက်မက် နေစဉ်မှာ ပင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက် သည့်အတွက် ဝိဇ္ဇာတန်း အပိုဘာသာရပ် ကို (မိခင်ဘာသာ) မြန်မာ ဘာသာဖြင့် ယူခွင့် မရှိတော့။ အစိမ်း သက် သက် ဖြစ်သော ဟိန္ဒီ၊အူရဒူ၊ ဘင်္ဂါလီ ဘာသာ တစ်ခုခုကို ရယူမှသာ ကျောင်းတက်ခွင့်၊ စာမေးပွဲဖြေဆို ခွင့်ရပေမည်။ ထိုသို့ဖြင့် ရှင် ကေလာသသည် ဝိဇ္ဇာဘွဲ့နှင့် အနောက်တိုင်း သာသနာပြု အိပ်မက်များကို ထုပ်ပိုး သိမ်းဆည်း ကာ အမိမြေသို့ ဆုတ်ခွာခဲ့ ရလေတော့သည်။ ကံကောင်းထောက်မ စွာပင် ရှင်ကေလာ သ မြန်မာမြေပေါ်သို့ ခြေချ လိုက်သည့် အချိန်သည် ဗိုလ်အောင်ကျော် အရေး အခင်းနှင့် ကျောင်းသား သပိတ်ကြီးပြီးစ၊ ရန်ကုန် တက္ကသိုလ် ၏ ကျောင်းအုပ်ကြီး အဖြစ် မြန်မာ အမျိုးသား ဆရာကြီး ဦးဖေမောင်တင်ကို အဦးအစခန့်ထား အပ်သည့် အချိန်ဖြစ်သတည်း။ မြန်မာကျောင်း အုပ်ကြီးအုပ်ချုပ်နေသည့် တက္က သိုလ် တွင် မြန်မာရဟန်းတော် တစ်ပါးဖြစ်သည့် ရှင် ကေလာသ အနေဖြင့် ကျောင်း တက်ရောက်ခွင့် ရ ရေးစဉ်းစားမိတော့သည်။ သို့နှင့် ၁၉၃၉ ခု၏ ဇွန်လပိုင်း နေ့ တစ်နေ့ တွင် ကျောင်းအုပ်ကြီး ရုံးခန်းသို့ ရှင်ကေလာသ ရောက်လာ ခဲ့လေသည်။ ခရစ်ယာန် ဘာသာဝင် မြန်မာ အမျိုးသားကြီး တစ်ဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင် ကား ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်ကေလာသကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အသိဥာဏ် ငတ်မွတ် ဆာလောင်မှုနှင့် သာသနာပြု အိပ်မက် အထုပ် အပိုးလေးလံ လှသော ရှင်ကေလာသ ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် လည်း ဆုံးဖြတ်ခဲ့ပါသည်။ ရှင်ကေလာသ အား ကျောင်းတက်ခွင့် လျှောက် လွှာ တင်သွင်းရန်နှင့် အုပ်ချုပ်ရေး အဖွဲ့ ကို ထောက်ခံ တင်သွင်းပေးမည် ဖြစ်ကြောင်း ရဲရဲကြီး ကတိပေးခဲ့ ပါလေသည်။ ရဟန်းတော် တစ်ပါးအား တက္ကသိုလ် တက်ခွင့်ပေးရေး အတွက် ဆရာကြီး ဦးဖေမောင်တင် ၏ အတွေးအမြင်နှင့် ကူညီပံ့ပိုး မှုကို ဆရာကြီး မြကေတုက ဤသို့ ရေးသားထား လေသည်။ ‘ကျောင်းအုပ်ကြီး သည် စဉ်းစားမိ သည်၊ ရှေးအခါ က မြန်မာပြည်တွင် အခြေခံ ပညာသည် ဘုန်းတော်ကြီးကျောင်း များက စတင် အခြေခံလျက် ဘုန်းတော်ကြီး များ ကသာ စာသင်ကြား ပေးကြသည်၊ ယခု တိုင်အောင် လည်း တောရွာ များတွင် မြန်မာ ကလေးငယ် များသည် ဘုန်းကြီး ကျောင်းများ၌ သာလျှင် စာပေအခြေခံ သင်ကြား နေရပေသေး သည်။ ရှေးအခါက လူပုဂ္ဂိုလ် များ တည်ထောင် ထားသည့် ကျောင်းဟူ၍ မရှိခဲ့ပေ။ အနောက်နိုင်ငံ များ၌လည်း ထို့အတူပင်၊ ရှေးအခါ က အောက်စဖို့ဒ် တက္ကသိုလ်သည် ပင်လျှင် ဘုန်း တော်ကြီး များက စတင်၍ အခြေခံ ပညာကို သင် ကြားလာခဲ့ရာမှ ယခုအခါ နာမည်ကျော် တက္ကသိုလ်ကြီး ဖြစ်လာခဲ့သည်။ ရှေးအခါက ယင်း တက္ကသိုလ်က ဘုန်းတော်ကြီး များ ဝတ်ဆင် သည့် ဝတ်ရုံသည် ပင်လျှင် ယခုအခါ ဘွဲ့နှင်း သဘင်များ ၌ (ဘုန်းကြီးများ၏ အစဉ်အလာ ဝတ်ရုံကိုပင်) ဘွဲ့နှင်းဝတ်ရုံ အဖြစ် အသုံးပြုနေကြသည်။ ‘ဤမျှ ဘုန်းတော် ကြီး များက စတင်၍ အခြေခံ ပညာကို သင်ကြား ပေးလာခဲ့ပြီးမှ ယခုအခါ လူပုဂ္ဂိုလ်များ က တည်ထောင် ထားသောကျောင်း တွင် ပညာရှာ မှီးလိုသော ရဟန်းပုဂ္ဂိုလ် တစ်ပါး ကို ပညာသင် ခွင့်မပေးနိုင်ဟု ငြင်းဆို လိုက်ပါက လွန်စွာ အမြင် ကျဉ်းမြောင်းရာ ရောက်မည့် အပြင် တွက်ကတ်ရာ လည်း ရောက်လှသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးသည် အစွမ်းကုန် ကြိုးစား၍ ရှင်ကေလာသ အား ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာ သင်နိုင်အောင် ဆောင် ရွက်ပေး လိုက် လေ သည်’ တွေးတတ်ပါပေစွ။ မြင်တတ်ပါပေစွ၊ ရှုခင်း ရှုကွက် ကျယ်ဝန်း လှပေစွ။ ထိုသို့ဖြင့် ရှင်ကေလာသ ရန်ကုန် တက္ကသိုလ် ၏ အဦးအစ ကျောင်းတော်သား ရဟန်းဖြစ် ခွင့် ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ အစပြုကာ ကျောင်း တက်ခွင့် ရရှိခဲ့ပြီး အခြားကျောင်းသူ ကျောင်းသား များနှင့် အတူ သင်တန်းများ ပုံမှန် တက်ရောက် ခဲ့ပါလေတော့ သည်။ တက္ကသိုလ် ပညာရေးကို ဆည်းပူးနေစဉ်မှာ ပင် ဒုတိယ ကမ္ဘာ စစ်မီးလျှံက တောက်လောင် လာခဲ့သည်။ သို့သော် စစ်ရိပ်စစ်ငွေ့ များကြား တွင်ပင် ရှင်ကေလာသ ဝိဇ္ဇာတန်းအောင် ခဲ့သည်။ စစ်ကြီးပြီးသည့် အခါမှာတော့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်သို့ ဆက်လက် တက် ရောက်ကာ မဟာ ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးခဲ့ပြန်သည်။ ရှင်ကေလာသ ကား ဤမျှဖြင့် ပညာရေး အဆာမပြေသေး၊ အနောက်တိုင်း သို့ပြေးလွှား လှည့်လည်ကာ သာသနာလည်းပြု ပညာ လည်း စုခဲ့ပါချေသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ ဆောဗွန်း တက္ကသိုလ်မှ M.A.M.F ဘွဲ့ကို ဆွတ်ခူး ရယူနိုင်ခဲ့ပြန်ပါသည်။ ရှင်ကေလာသ ပြည်တော် ဝင်ခရီး မှာတော့ ကမ္ဘာအေး ကုန်းမြေတွင် ဖွင့်လှစ် သည့် ဗုဒ္ဓ တက္ကသိုလ်၏ ကျောင်းအုပ်ကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရ ပါလေသည်။ (၃) ယခု အခါ ကျောင်းအုပ်ကြီး အရှင်ကေလာသ သည်လည်း ဂျပန်နိုင်ငံတွင် လွန်တော်မူခဲ့ပြီဟု သိရ သည်။ ကမ္ဘာအေး ကုန်းမြေတွင် ဖွင့်လှစ်ခဲ့ သည့် ဗုဒ္ဓတက္ကသိုလ် သည်လည်း ခေတ် စနစ် အမျိုး မျိုး ပြောင်းလဲမှု အောက်တွင် မှုန်ဝါးပျောက်ကွယ် သွားလေပြီ။ သို့သော် ယနေ့ခေတ် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ကြီးများ၊ အပြည်ပြည် ဆိုင်ရာ ထေရ ဝါဒ တက္ကသိုလ်နှင့် သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်တို့၏ရှေ့ပြေး တက္ကသိုလ် ဖြစ်ခဲ့လေ သည်။ ထိုဗုဒ္ဓ တက္ကသိုလ် မရှိတော့ သော်လည်း ဗုဒ္ဓတက္ကသိုလ် ကျောင်းတော် သားဟောင်းကြီး များကတော့ မျက်မှောက်ခေတ် သာသနာတော်၏ ရှေ့တန်း စာမျက်နှာတွင် ရွှေရောင် ကမ္ပည်း ထိုးခံကြရမည့် ပုဂ္ဂိုလ်များ အဖြစ် ဖြတ်သန်းနိုင်ခဲ့ ကြပြီ။ သီတဂူ ဆရာတော် အရှင်ဥာဏိဿရ၊ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာ ရေဝတဓမ္မ၊ ဓမ္မဒူတ ဆရာတော်အရှင်ပညာ ဇောတ၊ ဖားအောက်တောရ ဆရာတော် အရှင် အာစိဏ္ဏ၊ တစ်ဘဝ သာသနာကျမ်းပြု မိုးကုတ် ကမ္မဋ္ဌာနာ စရိယ ဆရာတော် အရှင်ဃောသိတစ သော ပုဂ္ဂိုလ်မြတ်တို့သည် ဗုဒ္ဓ တက္ကသိုလ်ဆင်း များ ဖြစ်ကြသည်ဟု မှတ်သားရပေ၏။ သြော် အဓိပတိ လမ်းပေါ် လျှောက်ခဲ့ဖူးလေသည့် ခြေလှမ်းများ၏ အလျားအနံ အကျဉ်း အကျယ်ကား မည်သို့ရှိခဲ့လေသနည်း။
ဥသြငှက် ၊ဟောလီးဒေးနှင့် ဗုဒ္ဓအရှင်၏ စတေး တပ်စ် (၁) နွေအကြောင်း မစဉ်းစားချင်ပေမဲ့ ဥသြငှက် တစ်ကောင်က အပူဒီဂရီ တနင့်တပိုး ကိုက်ချီပြီး သူ့အခန်း ကျဉ်းလေး ထဲ ဝင်လာ သည်..။ မိဂဒါဝုန် မှာလည်း လောကဓံတွေ နဲ့ပါပဲ လား..။ သို့သော် ပန်းနဲ့ပေါက်တာလည်း နာချင်တယ် ဟုတော့ သူမငြီးတွား ဖြစ်.။ ဘာ ပဲ ဖြစ်ဖြစ် နွေရာသီတွင် သူအကြိုက်ဆုံး ပြက္ခဒိန် စာမျက်နှာ များရှိနေခဲ့ပါသည်။ ဟောလီးဒေးများ နှင့် ရက်လုပ် ထားသော နာရီချိုချိုများ ဖြစ်သည်။ တက္က သိုလ်ကျောင်း တံခါးများ မကြာမီ ပိတ် တော့မည်။ အကြိုက်ဆုံး နေ့ရက်ကို ရွေးချယ်ရ လျှင် ရက်ရာဇာနှင့် ပြဿဒါး အတွေးများ ထက် ဟောလီးဒေး လို့ပဲ ခပ်သောသောဖြေ လိုက်မိမှာ သေချာသည်။ ငယ်ငယ် ကတည်းက ကြိုက်ခဲ့ရတဲ့ ငယ်ကြိုက်..။ ခုထိ စွဲလမ်းနေမိ ဆဲ..။ ရဟန်း တစ်ပါး အနေဖြင့် ဟောလီးဒေးကို ချစ်နေ မိခြင်းက ရှက်နိုးဖွယ်ရာ ကောင်းသည်ဟုတော့ ခံစားမိသည်။ မြန်မာ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များ၏ ဟောလီးဒေး အစဉ်အလာ တွင် စနေ၊ တနင်္ဂနွေရက် များ မရှိ။ အဖိတ် ဥပုသ်နေ့များ ကိုသာ ငယ်စဉ် ကိုရင်လေးဘဝ ကတည်းက မျှော် ရသည်။ စာမကျက် ရသောနေ့..။ ကျောင်း ပရိဝုဏ် နံရံအပြင်ဘက် ကို လွတ် လွတ်ကျွတ်ကျွတ် ထွက်ခွင့်ရသောနေ့..။ အနှောင် အဖွဲ့များ ပြေလျော့ခြင်း၏ အရသာက မည်သူ့အတွက်မဆို ထူးကဲနေပါလိမ့်မည်။ သာသနာ့ ဝန်ထမ်းများ အတွက် တစ်လ တွင် ဥပုသ်ရက် လေးရက်ရှိသည်။ လဆန်းပက္ခ ၊လဆုတ်ပက္ခ ရှစ်ရက်မြောက် နေ့များ နှင့် လပြည့် လကွယ်နေ့တို့ ဖြစ်သည်။ မစိုးရိမ်ဆရာတော် ဘုရားကြီး ဦးသူရိယ ကတော့ ရဟန်း သာမဏေများ ဟောလီးဒေး ယူသည်ကို မနှစ် ခြိုက်..။ ”မင်းတို့လည်း ကွယ် တစ်လမှာ လေး ရက်ကြီး များတောင် အလဟဿဖြုန်း တီး နေကြ ပါလားကွယ်ရို့။ ရှေးဆရာတော်ကြီးတွေ က ဘုရင် တွေ မှူးကြီး မတ်ရာတွေ တရားဓမ္မနဲ့ ပတ်သက် ပြီး ပြဿနာ မေးလျှောက် ခွင့်ရအောင် ဥပုသ်နေ့ တွေမှာ စာဝါ ပို့ချတာကို နားတော်မူကြတာ.။ မင်းတို့ကို ဘယ်သူက ဘာတွေ လာမေးမှာမို့ နားကြသတုံး” ဟု မေးမြန်း စောဒနာ တော်မူခဲ့ဖူး သည်။ သာသနာသည် လောက၏ ဝန်ထုပ် ဝန်ပိုး မဟုတ်၊ လောကဝန်ကို ထမ်းသည့် မြင့်မြတ်သော အဖွဲ့အစည်း တစ်ရပ်သာဖြစ်ကြောင်း ချမှတ် လမ်းပြတော်မူခဲ့သည့် ဗုဒ္ဓ အရှင်၏ ဆန္ဒ တော်ကို မစိုးရိမ် ဆရာတော်ကြီးက ဖြည့်ဆည်း ဖော်ဆောင် လိုခြင်းပင်။ (၂) ဗုဒ္ဓအရှင် က သစ္စာ သာသနာတော်နှင့် အတူပေါ်ထွန်းလာသည့် သံဃာ့ အဖွဲ့အစည်း ကြီး၏ ရပ်တည်မှု အတွက် ပစ္စည်းလေးပါး အခက်အခဲကို အခြေခံ လက်တွေ့ကျကျ ဖြေရှင်းတော်မူခဲ့သည်။ သက်ဆိုင်ရာ တိုင်းသားပြည်သူ တို့၏ ပိုလျှံ ပစ္စည်း ကိုသာ သုံးစွဲကြ ရန် မွေး ရပ်မြေ ပြည်တော် ပြန် ခရီးတွင် ကိုယ်တော်တိုင် ကျင့်သုံးပြသတော် မူခဲ့သည်ကို တွေ့ရသည်။ အခွင့်ထူးခံ တော်ဝင်မင်းသား တစ်ပါးမှ ဘုရား ဖြစ်လာသည့် အရှင်မြတ် က ခမည်းတော် သုဒ္ဓေါဒန ထီးဘုရား၏ ရွှေနန်း ဆောင်ကို ကျောခိုင်းကာ ပြည်သူတို့ လောင်းလှူ သော ပိုလျှံဆွမ်း ကို လှည့်လည် အလှူခံ စားသောက်ပြတော် မူ ခဲ့ခြင်းဖြစ်ပါသည်။ ဆွမ်း တစ်ဇွန်း တစ်ယောင်းမ ခွဲဝေပေးလိုက် ရသဖြင့် ပြည်သူတို့ ဝန်လေးမှု မရှိနိုင်..။ ဝတ်ရုံဖို့ သင်္ကန်း အတွက်လည်း သုသာန် တစပြင်က လူသေ အလောင်း လွှမ်းသည့် အဝတ်ပိုင်းကို ကိုယ် တော်တိုင် ကောက်ယူ ဝတ်ဆင်ပြတော် မူခဲ့သည်။ အေးချမ်းသော သစ်ရိပ်ဝါးရိပ် ကို ကျောင်း အဖြစ် ဖြေရှင်းတော်မူ သ လို နွားကျင်ငယ် ရေစိမ်ထား သော သျှစ်သျှားသီး၊ ဖန်းခါးသီး မျှသည်ပင် ဆေး ကိစ္စပြီးစေ ခဲ့တော်မူခဲ့ သည်။ မည်မျှ ခြိုးခြံတော်မူ ခဲ့ပါသလဲ..။ နောက်ပိုင်း ကာလများ တွင်မူ ချမ်းသာကြွယ်ဝ ပြည့်စုံကြသည့် မင်းသူဌေးကုန် သည်တို့၏ သဒ္ဓါ တရားကို ငဲ့ကွက်တော် မူကာ သီးခြားဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်း လေးပါး အလှူခံ ခွင့်ပြုတော် မူခဲ့သည်။ သာသနာတော် ကြီး ပေါ်ထွန်းလာသည့် အတွက် လောက ဝန်ထုပ် ဝန်ပိုး မဖြစ်စေရ..။ (၃) ဗုဒ္ဓ အရှင်က တိုင်းသား ပြည်သူတို့၏ ပစ္စည်းလေးပါး ကို သုံးစွဲရာတွင် ခြုံးခြံတော်မူ သလောက် လောက ဝန်ကိုထမ်းရာ တွင်တော့ ကိုယ်တော်မြတ်၏ ခန္ဓာကို ညှာတော် မမူခဲ့ပါ။ ဗုဒ္ဓ အရှင်၏ စတေတပ်စ် (Status) တွင် အမြဲတမ်း အနီရောင် ပြနေသည်။ BUSY! တစ်နေ့တာ လုပ်ငန်းခွင် ဇယားတွင် ထမ်းဆောင် တော်မူ ရမည့် ဓမ္မဝန်များနှင့် ပြည့်နေသည်။ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ ပြီးနောက် (၄၉) ရက်မျှသော ကာလတို လေးတွင်သာ တစ်သံသရာ လုံးဖြည့်ဆည်း ခဲ့ရသော ပါရမီခရီးကြမ်း အတွက် အနွမ်းဖြေတော် မူခဲ့သည်။ သို့သော် ဆင်ခြင် ပွား များမှု လွှတ်ချ မထားသော အနားယူမှုသာ ဖြစ်ပါသည်။ ထိုမဟာဗောဓိနေ့ရက် များအလွန် ဗာရာဏသီသို့ တရားဦး ဓမ္မစက်ဟောရန် ခြေလျင် ခရီးထွက် သွားခဲ့ သည်မှ အစပြုကာ လေးဆယ့် ငါးဝါသော ကာလ အတောအတွင်း ဗုဒ္ဓ အရှင် အတွက် ဟောလီးဒေး မရှိခဲ့တာ သေချာလှပါသည်။ အိပ်စက် အနားယူချိန် နည်းပါး လှသော ဗုဒ္ဓအရှင် ၏ ဝီရိယ စွမ်းပကားက အံ့ချီးဖွယ်ရာ ဖြစ်သည်။ ကမ္ဘာတွင် မည်သည့် ခေါင်းဆောင်မှ လိုက်မမီ နိုင်သော စွန့်လွှတ် အနစ်နာခံမှု များဖြင့် လောက အတွက် ကရုဏာ ကြီးတော်မူခဲ့သည်။ ဗုဒ္ဓ အရှင်၏ ဓမ္မလုပ်ငန်းခွင် အချိန်ဇယားကို ပိဋက စာပေများ တွင် ဗုဒ္ဓကိစ္စငါးပါး ဟု မှတ်တမ်း တင်ခဲ့ကြသည်။ (၁) ဆွမ်းဘုဉ်း မပေး မီ ပြုလုပ်သော ပုရေဘတ္တကိစ္စ၊ (နံနက်ပိုင်း လုပ်ငန်း စဉ်) (၂) ဆွမ်းဘုဉ်းပေးပြီး နောက်ပိုင်း အချိန်၌ ပြုလုပ်သော ပစ္ဆာဘတ္တကိစ္စ၊ (နေ့လယ်ပိုင်း လုပ်ငန်းစဉ်) (၃) ညဥ့်ဦးယံ၌ ပြုလုပ်သော ပုရိမယာမကိစ္စ၊ (ညဥ့်ဦးယံ လုပ်ငန်း စဉ်) (၄) သန်းခေါင်ယံ၌ ပြုလုပ်သော မဇ္ဈိမယာ မကိစ္စ၊ (သန်းခေါင်ယံ လုပ်ငန်းစဉ်) (၅) မိုးသောက်ယံ ၌ ပြုလုပ်သော ပစ္ဆိမယာမ ကိစ္စ၊ (မိုးသောက်ယံ လုပ်ငန်းစဉ်) ဘယ်မှာများ နားနား နေနေရှိတော်မူခဲ့ရလို့လဲ ..။ သွေးဝမ်းသွန် ဝေဒနာ သည်းတော်မူနေ ရှာသည့် ကုသိနာရုံ နောက်ဆုံး ခရီးမှာပင် နားနေသက်သာမှုအတွက် ဆေးခွင့် (MC) ယူတော်မမူခဲ့။ သက်တော် ရှစ်ဆယ် အရွယ် ကိုယ်တော်မြတ် ၏ နှေးကွေးလေး လံ သော ခြေ လှမ်းတော်များကို မျက်ရည်များနှင့် သူ ဖူး မျှော်မိသည်။ မကြာမီမှာ ရောက်လာမည့် သူ ကိုယ်ပိုင် ဟောလီးဒေး အတွက် စတေး တပ်စ် တစ်ခု ရှိနေ သင့်သည်ဟု သူစဉ်းစားမိလာသည်။ ရွှေပြည်ကြီးကို ပြန်မည်။ ကျေးလက်က အနန္တ ကျေးဇူးရှင် ကြီးများ၏ ဗြဟ္မစိုရ် အရိပ်တွင် ခဏ ကွန်းခိုမည်။ ပြီးတော့ ရော….။ ပြီးတော့ရော .. .တဲ့။ လောလောဆယ်တော့ Invisible လုပ် ထားတာက အကောင်းဆုံး ဖြစ်လိမ့်မည်။
ဓမ္မဂင်္ဂါ